၂၀၂၅ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

၂၀၂၅ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ




လွိုင်ကော်၊ စက်တင်ဘာ ၉

၂၀၂၅ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားကို လွိုင်ကော်မြို့၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “စေတနာပန်းတို့ လန်းရာမြေ” သီချင်းဖြင့် ဂုဏ်ပြုသီဆိုဖွင့်လှစ်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် လူတိုင်းစာတတ်မြောက်မှု၏ အရေးပါပုံကို သတိပြုမိကြရန်နှင့် စာတတ်မြောက်မှုသည် လူတစ်ဦးချင်းနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့် အစိတ်အပိုင်းတစ်ခုဖြစ်သည့်အတွက် လူတိုင်းစာတတ်မြောက်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါကြောင်း၊ စာပေသည် အသိအလိမ္မာ သိုမှီးရာ၊ ထုတ်ယူသုံးစွဲရာ ပညာဘဏ်တိုက်ဖြစ်ပြီး စာတတ်မြောက်မှုသည် လူတစ်ဦးချင်းနှင့်လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့်အတွက် နိုင်ငံတော်အနေဖြင့် လူတိုင်းစာတတ်မြောက်ရေးလုပ်ငန်းများကို အလေးထားအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းတက်ရောက်နိုင်ရေး၊ KG+9 အခြေခံပညာအလယ်တန်းအဆင့်ပညာရေး ပြီးမြောက်ရေးကို အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ စာပေအသိပညာနှင့်ပြည့်ဝသည့် လူ့ဘောင်အစည်းတစ်ရပ် ဖြစ်ပေါ်လာစေရေးအတွက် လူတိုင်းစာတတ်မြောက်ရေးလုပ်ငန်းကို အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်းဖြင့် ပြောကြားခဲ့သည်။

၂၀၂၅ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် စာတတ်မြောက်ရေးလှုပ်ရှားမှုမှတ်တမ်း Video Clip ပြသမှုအား ကြည့်ရှုခဲ့ကြသည်။

ဆုချီးမြှင့်ပွဲအားဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံး၊ ပန်းချီပြိုင်ပွဲနှင့် အခြေခံပညာအလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတို့တွင် ပထမဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်ခဲ့သည်။ ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များက အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများကို ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြု မှတ်တမ်းများကိုလည်းကောင်း၊ ဂုဏ်ပြုသီချင်းများ သီဆိုခဲ့ကြသည့် အထက(၅)နှင့် အထက(၇)ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများအားလည်းကောင်း အသီးသီးပေးအပ်ခဲ့သည်။ ထို့နောက် အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “စာတတ်မြောက်ရေး ဝိုင်းကူပေး” သီချင်းဖြင့် ဂုဏ်ပြုသီဆိုခဲ့ကြသည်။

ပြည်နယ်ဝန်ကြီးချုပ်က တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားပြီး ၂၀၂၅ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် ခင်းကျင်းပြသထားသည့် ဓာတ်ပုံပြခန်းနှင့် စာအုပ်စာစောင်များ၊ ဆုရကျောင်းသား၊ ကျောင်းသူများ၏ စာစီစာကုံးနှင့်ပန်းချီလက်ရာများအား လှည့်လည်ကြည့်ရှုကာ ဆုရကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)