ပေါင်၊ စက်တင်ဘာ ၁၂
မွန်ပြည်နယ်၊ အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ပေါင်မြို့နယ်၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းသားလူငယ်များ စာဖတ်သည့်အလေ့အထတွင် ပျော်မွေ့လာစေရန် ရည်ရွယ်၍ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားကို ယမန်နေ့က (ပေါင်) အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ဌေးမြင့်အေး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်နှင့် လူမှုရေးရာဝန်ကြီး ဦးတင်ဇော်ထွန်းတို့က “စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်” မုခ်ဦးအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘင်ခရာအဖွဲ့နှင့် ပန်းပွားအဖွဲ့တို့အား ဂုဏ်ပြုဆုငွေပေးအပ်၍ အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့မှ ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်တွင် ကျောင်းသား၊ကျောင်းသူများက စာပေဖတ်ရှုနေမှု၊ စကားရည်လုပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ စာပေဟောပြောပွဲ၊ ကျောင်းသား၊ ကျောင်းသူများစာ ဖတ်ရှိန်မြှင့်တင်ရေး အထောက်အကူပြုပြခန်းများ၊ လှပသာယာပြည်မြန်မာဓာတ်ပုံပြပွဲများ၊ ပုဂ္ဂလိကစာအုပ် အရောင်းဆိုင်များ၊ စာအုပ်ဈေးရောင်းပွဲများ၊ ကျောင်းသား၊ ကျောင်းသူများမှ ပညာရေးပြခန်းနှင့် ဌာနဆိုင်ရာ ပြခန်းများ၊ ကျောင်းသား၊ ကျောင်းသူများမှ ရုပ်ပုံဆက်၊ စကားလုံးဆက်၊ ပျော်ပွဲရွှင်ပွဲနှင့် အားကစားပွဲများတွင် ပါဝင်ယှဉ်ပြိုင်နေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေး၍ ဂုဏ်ပြုဆုငွေများနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကို ရွှေရတုခန်းမ၌ ကျင်းပရာ ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများက “ပညာဘဏ်တိုက်စာကြည့်တိုက်သို့ သွားကြစို့”သီချင်းဖြင့် ဧည်ခံဖျော်ဖြေကြပြီး မွန်ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာ စာကြည့်တိုက်များရေရှည်ဖွံ့ဖြိုးရေး၊ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့် အလေ့အထများဖြစ်ပေါ်လာစေရေးနှင့် စာကြည့်တိုက်ယဉ်ကျေးမှုထွန်းကားလာစေရန် ရည်ရွယ်ကာ ယခုပွဲတော်အား ကျင်းပရခြင်းဖြစ်ကြောင်း၊ စာပေဟောပြောပွဲ၊ စာပေစကားဝိုင်းများ ကျင်းပပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ ဗဟုသုတတိုးပွားကာ စာဖတ်သည့်အလေ့အကျင့် ရရှိစေမည်ဖြစ်ပြီး စကားရည်လု၊ ကျပန်းစကားပြော၊ ပုံပြင်နှင့် ကဗျာပြိုင်ပွဲများ ကျင်းပပေးခြင်းသည် ဉာဏစွမ်းရည်ကိုဖွံ့ဖြိုးစေရေးနှင့် တီထွင်ဆန်းသစ်မှုစွမ်းရည်များကို အထောက်အပံ့ဖြစ်စေပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပနိုင်ရေးအတွက် အလှူငွေ ကျပ်သိန်း (၅၀)အားပေးအပ်ရာ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးကလက်ခံရယူပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
ဆက်လက်၍ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် သင်္ချာဉာဏ်စွမ်းရည်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆု၊အထူးဆုရရှိသူများအား ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်၍ ဆုရကျောင်းသား၊ကျောင်းသူများမှ ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ပေါင်မြို့နယ်အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “မွန်အကပဒေသာ” ဖြင့် ကပြဖျော်ဖြေနေမှုကိုလည်းကောင်း၊ “မြန်မာပြည်မှာ စာပဒေသာဝေဆာစေ” သီချင်းဖြင့် သီဆိုဖျော်ဖြေနေမှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေး၍ ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့သည်။
ယင်းနောက် မွန်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌက ကျောင်းစာကြည့်တိုက်များအတွက် စာအုပ်၊ စာစောင်များ ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်ပညာရေးမှူးက လက်ခံရယူပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။
မွန်မလေး
https://t.me/MyanmarNationalPost





No comments:
Post a Comment