အမျိုးသမီးများကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့ကြသူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် နှစ် ၂၀ ချမှတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမျိုးသမီးများကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့ကြသူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် နှစ် ၂၀ ချမှတ်


နေပြည်တော်၊ စက်တင်ဘာ ၂၂

အမျိုးသမီးများကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့ကြသူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် နှစ် (၂၀) ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ် နေ မ----- ၊ ၂၀ နှစ်၊ မ----- ၊ ၁၈ နှစ်နှင့် မ----- ၊ ၁၆ နှစ်တို့ကို ၎င်းတို့ကျိုင်းတုံမြို့ရှိ Bar များတွင် အလုပ်လုပ်ခဲ့စဉ်က ခင်မင်ခဲ့သည့် ကျိုင်းတုံမြို့နယ် နောင်ကုန်းအုပ်စုနေ ကဗျာမေ (ခ) နာသဲနဲ၊ ၁၆/၂၀၂၅ နှစ်က မိုင်းယောင်းမြို့တွင် ကုမ္ပဏီသူဌေး တရုတ်နိုင်ငံသားများက ကောင်မလေးခေါ်နေကြောင်း၊ တရုတ်နိုင်ငံသားများနှင့် ပေါင်းသင်းနေထိုင် ပါက တစ်လလျှင် ယွမ် ၁၅၀၀၀/ ၂၀၀၀၀ ခန့်ရမည်ဖြစ်ကြောင်း စည်းရုံးပြောဆိုသဖြင့် သဘောတူခဲ့ကြောင်း၊ ၎င်းတို့ သုံးဦးကို ကဗျာမေ (ခ) နာသဲနဲနှင့် ခင်ပွန်းအားဘာတို့မှ မိုင်းပေါက်မြို့နေ ဂျော်နီ (ခ)ဂျော်လီ၊ ၁၇/၂၀၂၅ နှစ် ထံပို့ဆောင်ခဲ့ကြောင်း၊ ဂျော်နီ(ခ)ဂျော်လီ က အထူးဒေသ (၂) မိုင်းပေါက်မြို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ တရုတ်မယားအဖြစ် ပို့ဆောင် ရောင်းစားခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ကျိုင်းတုံမြို့မရဲစခန်း (ပ) ၄၂/၂၀၂၅နှင့် (ပ) ၄၃/၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)/၄၄ တို့ဖြင့် အမှု ရေးဖွင့်တရားစွဲတင်ခဲ့သည်။

စက်တင်ဘာ ၁၈ ရက်တွင် ကလေးသူငယ် တရားခံ ကဗျာမေ(ခ) နာသဲနဲနှင့် ဂျော်နီ(ခ)ဂျော်လီတို့ နှစ်ဦးကို ကျိုင်းတုံမြို့နယ်တရားရုံးမှ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ ၈၈(ဂ)အရ အမှုတစ်မှုချင်းစီအတွက် အလုပ်မဲ့ထောင်ဒဏ်သုံးနှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တရားခံ အားဘာကို ကျိုင်းတုံခရိုင်တရားရုံးမှ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈ (က) အရ အလုပ်နှင့် ထောင်ဒဏ် နှစ် ၂၀ တစ်ပေါင်းတည်းကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

ထို့အတူ ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်နေ မ----- ၊ ၂၀/၂၀၂၅ နှစ်သည် ဗန္ဓုလပန်းခြံသို့ သွားရောက်လည်ပတ်ရာ ရခိုင်ပြည်နယ်ပေါက်တောမြို့နယ်နေ မခင်လှရီ (ခ) မရှည်က လာရောက်မိတ်ဆက်ပြီး တရုတ်နိုင်ငံတွင် တရုတ်ဇနီးမယားအဖြစ် လုပ်ကိုင်ပါက ငွေကျပ်သိန်း ၅၀ ရမည်၊ စရိတ်ကုန်ကျခံ၍ ပို့ဆောင်ပေးမည်ဟု စည်းရုံးပြောဆို၍ မြောက်ဥက္ကလာပမြို့နယ်ရှိ တည်းခိုခန်းတစ်ခုတွင် နေထိုင်စေခဲ့ကြောင်း၊ လေးရက်ခန့်အကြာ လှိုင်သာယာမြို့နယ် ရွှေဥက္ကံရပ်ကွက်နေ မသဲအိကျော် (ခ) သဲသဲက တစ်ရပ်ကွက်တည်းနေ မ----- ၊ ၁၇ နှစ်ကို တရုတ်နိုင်ငံတွင် တရုတ်ဇနီးမယားအဖြစ်လုပ်ကိုင်ရန် စည်းရုံးပြောဆိုပြီး တည်းခိုခန်းသို့ လာရောက်ပို့ဆောင် ခဲ့ကြောင်း၊ ၎င်းတို့နှစ်ဦးကို မခင်လှရီ (ခ) မရှည်က တရုတ်နိုင်ငံသို့ ပို့ဆောင်ရန် ရန်ကုန်မြို့မှ မန္တလေးမြို့သို့ ခေါ်ဆောင်လာစဉ် ဖမ်းဆီးရမိခဲ့သဖြင့် ပုသိမ်ကြီးမြို့နယ် အုန်းချောနယ်မြေ ရဲစခန်း (ပ) ၈၈/ ၂၀၂၅၊ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/ ၄၄ ဖြင့် အမှု ရေးဖွင့်တရားစွဲတင်ခဲ့ပြီး စက်တင်ဘာ ၁၉ ရက်တွင် အောင်မြေသာစံခရိုင်တရားရုံးမှ တရားခံ မခင်လှရီ(ခ)မရှည်နှင့် မသဲအိကျော် (ခ) သဲသဲတို့ နှစ်ဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ် ၁၂ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)