ကယားပြည်နယ်ဝန်ကြီးချုပ်ဖလား အမျိုးသမီးအလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကယားပြည်နယ်ဝန်ကြီးချုပ်ဖလား အမျိုးသမီးအလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ



လွိုင်ကော်၊ စက်တင်ဘာ ၈

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်မှချမှတ်ထားသည့် အားကစားဆိုင်ရာမူဝါဒ လမ်းညွှန်ချက်များနှင့်အညီ ပြည်နယ်၏အားကစားကဏ္ဍတိုးတက်မြင့်မားစေရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား အမျိုးသမီးအလွတ်တန်းဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယ‌မန်နေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ပြည်နယ်အားကစားကွင်း၌ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အသင်းကစားသမားများ၊အုပ်ချုပ်သူနည်းပြများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အားကစားဝါသနာရှင်များတက်ရောက်အားပေးကြသည်

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တက်ရောက်လာကြသည့် အားကစားဝါသနာရှင်ပရိသတ်များက ညွန့်ပေါင်းအသင်းနှင့် အ.ထ.က(၅)အသင်းတို့၏ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားမှုကို တစ်ခဲနက်ကြည့်ရှုအားပေးခဲ့ကြပြီး ပထမပိုင်းယှဉ်ပြိုင်မှုအပြီးတွင် ပြည်နယ်အေရိုးဗစ်အဖွဲ့၏သရုပ်ပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးကြသည်။ ဆက်လက်၍ ဒုတိယပိုင်းအားယှဉ်ပြိုင်ကစားခဲ့ကြရာ အထက(၅) အသင်းက ညွန့်ပေါင်းအသင်းကို လေးဂိုး ဂိုးမရှိ ရလဒ်ဖြင့် အနိုင်ရရှိခဲ့သည်။

ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကိုဆက်လက်ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးက ဒိုင်အဖွဲ့၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစား သမားဆု၊ ဂိုးသမားအကောင်းဆုံးဆု၊ ရှေ့တန်းအကောင်းဆုံးဆု၊ အလယ်တန်းအကောင်းဆုံးဆုနှင့် နောက်တန်းအကောင်းဆုံးဆုရ ကစားသမားများအား ငွေသားဆုနှင့် ဆုတံဆိပ်များကိုလည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက တတိယဆုရရှိသည့် လွိုင်ကော်ပညာရေးဒီဂရီကောလိပ်အသင်းအားလည်းကောင်း၊ ပြည်နယ်တရားသူကြီးချုပ်က ဒုတိယဆုရရှိသည့် ညွန့်ပေါင်းအသင်းအားလည်းကောင်း တစ်ဦးချင်းငွေသားဆုနှင့်ဆုတံဆိပ်များကို အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပထမဆုရရှိသည့် အ.ထ.က(၅)ဘောလုံးအသင်းမှ ကစားသမားတစ်ဦးချင်းစီအား ဆုတံဆိပ်၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားတို့ကိုပေးအပ်ချီးမြှင့်ရာ အားကစားသမားများကလက်ခံရယူခဲ့ကြပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ ဆုရကစားသမားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကားပြောကြားခဲ့သည်။

ကယားပြည်နယ် ၂၀၂၅ ခုနှစ်၊ ပြည်နယ်ဝန်ကြီးချုပ်ဖလားအမျိုးသမီးအလွတ်တန်းဘောလုံးပြိုင်ပွဲကို ဩဂုတ်လ(၂၇)ရက်မှ စက်တင်ဘာလ(၇)ရက်အထိ ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်အသင်း (၈)သင်းတို့ ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကာ ထူးချွန်ကစားသမားများကို ပြည်နယ်လက်ရွေးစင်ကစားသမားများအဖြစ် ရွေးချယ်စခန်းသွင်း လေ့ကျင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)