စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသမီး‌ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်အနား တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသမီး‌ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်အနား တက်ရောက်




မုံရွာ ၊ စက်တင်ဘာ ၁၆


၂၀၂၅ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်အနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်း ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အသင်းများမှ နည်းပြ/အုပ်ချုပ်များနှင့် အားကစားသမားများ တက်ရောက်ကြသည်။


ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်အနေဖြင့် မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အနေ ဖြင့်အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ မြန်မာ့ဘောလုံး အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးကိုလည်း ဦးစားပေးလုပ်ငန်း တစ်ခုအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိပါကြောင်း၊ ပြိုင်ပွဲကျင်းပရေးကော်မတီအနေဖြင့် ပြိုင်ပွဲ စ၊ လယ်၊ ဆုံး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စနစ်တကျ စီမံဆောင်ရွက်သွားကြရန်နှင့် ဒိုင်လူကြီးများကလည်း တရားမျှတစွာ ကြီးကြပ်ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ ယခုပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်ကစားသမားများအနေဖြင့်လည်း ပြိုင်ပွဲစည်းမျဉ်း/ စည်းကမ်းများအား တိကျစွာလေးစားလိုက်နာကြရန်နှင့် မိမိဘဝအတွက် ရည်မှန်းချက်ပန်းတိုင်များထားပြီး မိမိတို့၏ ခြေစွမ်းခြေစ အရည်အချင်းအား ပေါ်လွင်အောင် အားကစားစိတ်ဓါတ် ပြည့်ဝစွာဖြင့် ကြိုးစားယှဉ်ပြိုင်ပြီး အရည်အချင်းပြည့်ဝသည့် နိုင်ငံ့ဂုဏ်ဆောင် ထူးချွန်အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားယှဉ်ပြိုင် ကစားသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပြီး ၂၀၂၅-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။ 


ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားအသင်းများမှ အားကစားသစ္စာအဓိဌာန် ရွတ်ဆိုကြပြီး ပြိုင်ပွဲဝင်အားကစားအသင်းများမှ ကွင်းအတွင်းမှပြန်လည်ထွက်ခွာကြသည်။


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မုံရွာမြို့၊ အမှတ် (၂)စိုက်ပျိုး၊ မွေးမြူရေးနှင့်အခြေခံပညာအထက်တန်းကျောင်း(အလုံ)မှ ဘင်ခရာ/ ပန်းပွားအဖွဲ့များနှင့် မုံရွာမြို့ပေါ်ရှိ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၏ Fitness Dance ဖြင့် တီးမှုတ်ကပြဖျော်ဖြေမှုများအား ကြည့်ရှုအားပေးကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက တီးမှုတ်ကပြဖျော်ဖြေခဲ့ကြသည့် အကအဖွဲ့များနှင့် အလံကိုင်/ဆိုင်းဘုတ်ကိုင်အဖွဲ့များအား  ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ကြသည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာသူများမှ အဖွင့်ပွဲစဉ်အဖြစ် မုံရွာခရိုင် အမျိုးသမီးဘောလုံးအသင်းနှင့် ကသာခရိုင် အမျိုးသမီးဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများအား ကြည့်ရှုအားပေးကြရာ မုံရွာခရိုင်အသင်းမှ ကသာခရိုင်အသင်းအား အနိုင်ရရှိသွားသည်။


အဆိုပါ ၂၀၂၅-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲအား စက်တင်ဘာလ ၁၅ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၁၁ ခရိုင်မှ ပြိုင်ပွဲဝင်အားကစားသမားနှင့် အသင်းအုပ်ချုပ်သူ/နည်းပြ ၁၉၈ ဦး ဝင်ရောက်ယဉ်ပြိုင် ကစားသွား မည်ဖြစ်ကြောင်း သိရသည်။    

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)