ကရင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ




ဘားအံ၊ စက်တင်ဘာ ၂၃

ဒေသတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများအချင်းချင်း အချိတ်အဆက်မိမိဖြင့် ပိုမိုထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်စေရန် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာများ၏ (၄/၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၂၃ ရက်နေ့ နံနက် ၉ နာရီခွဲက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက မကြာမီကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ကမဲစာရင်းပြုစုရာတွင် ပြည့်စုံမှန်ကန်ရေး၊ မဲဆန္ဒရှင်စာရင်းများ ပထမအကြိမ် ကပ်ထားကြေညာနိုင်ရေး၊ မဲပေးခွင့်ရှိသူတိုင်းမဲပေးနိုင်ရေး၊ ကြိုတင်ဆန္ဒမဲပေးနိုင်ရေး အစရှိသည့် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တစ်ဝက်သို့ ရောက်ရှိလာပြီးဖြစ်သည့်အတွက် တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေးကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ လျာထားအခွန်ငွေအရပ်ရပ်နှင့်ပတ်သက်၍ အခွန်နှုန်းထားတိုးမြင့်ကောက်ခံခြင်းမရှိဘဲ အခွန်ကောက်နယ်ပယ်ချဲ့ထွင်ဆောင်ရွက်၍ လျာထားချက်ရာခိုင်နှုန်း ပြည့်မီကျော်လွန်အောင် ကောက်ခံရရှိနိုင်ရေးဆောင်ရွက်ပေးကြစေလိုကြောင်း၊ သီတင်းကျွတ်ပွဲတော်ကို မီးပုံးပျံလွှတ်တင်ပူဇော်ပွဲ၊ ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ၊ သံဃာပဝါရဏာပွဲ၊ ထေရ်ကြီးဝါကြီးဆရာတော်ကြီးများအား ပင့်ဖိတ်ပူဇော်ကန်တော့ပွဲ၊ ဌာနပေါင်းစုံအမျိုးသား/ အမျိုးသမီးဘော်လီဘောပြိုင်ပွဲတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်၍ ပြည်သူတစ်ရပ်လုံးပူးပေါင်းပါဝင်ဆင်နွှဲနိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။

ထို့နောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ယခင်အပတ် (၃/၂၀၂၅) အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဝန်ထမ်းများ ခရီးသွားလာရာတွင် လုံခြုံမှုရှိစေရေး၊ အရေးကြီးအချက်အလက်များလုံခြုံမှုရှိစေရေး၊ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ၊ ကြိုတင်ဆန္ဒမဲပေးခြင်းဆိုင်ရာကိစ္စရပ်များ၊ ဘဏ္ဍာနှစ် (၆) လကျော်လွန်ခဲ့ပြီးဖြစ်သည့်အတွက် တည်ဆောက်ရေးလုပ်ငန်းများ ဆောလျင်စွာ ပြီးစီးနိုင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးပြောကြားကြသည်။

ယင်းနောက် ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြကြပြီး အစည်းအဝေးသို့ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြရာ တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


စောမျိုးမင်းသိန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)