ကော့ကရိတ်-မြဝတီသွား အာရှလမ်းမကြီးပေါ်ရှိ ကော့နွဲ့တံတား ပြုပြင်ရေးအဖွဲ့အား KNU နှင့် PDF အမည်ခံအကြမ်းဖက်သမားများက Suicide Drone များဖြင့် ပစ်ချတိုက်ခိုက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကော့ကရိတ်-မြဝတီသွား အာရှလမ်းမကြီးပေါ်ရှိ ကော့နွဲ့တံတား ပြုပြင်ရေးအဖွဲ့အား KNU နှင့် PDF အမည်ခံအကြမ်းဖက်သမားများက Suicide Drone များဖြင့် ပစ်ချတိုက်ခိုက်





နေပြည်တော်၊ စက်တင်ဘာ ၁ 

KNU နှင့် PDF အမည်ခံအကြမ်းဖက်သမားများသည် နိုင်ငံတော်တည်ငြိမ် အေးချမ်းမှုနှင့် တရားဥပဒေ စိုးမိုးမှုကို ပျက်ပြားစေရန်၊ ဒေသတွင်းကုန်စည်စီးဆင်းမှု ရပ်တန့်စေပြီး လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေရန် ရည်ရွယ် ၍ ကော့ကရိတ်မြို့နယ်၊ ကော့နွဲ့ကျေးရွာနှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများအတွင်း ခိုအောင်းနေထိုင်ပြီး ကော့ကရိတ်-မြဝတီသွား အာရှလမ်းမကြီးပေါ်၌ သွားလာ လျက်ရှိသော မော်တော်ယာဉ်များအား မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခြင်း၊ မော်တော်ယာဉ်များအား မီးရှို့ ဖျက်ဆီး၍ အဆိုပါ လမ်းကြောင်းအား နှောင့်ယှက် ပိတ်ဆို့ခြင်း၊ လမ်းတံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ ဆက်ကြေး ကောက်ခံခြင်းများကို လုပ်ဆောင်လျက်ရှိသည်။

ထိုသို့လုပ်ဆောင်လျက်ရှိရာ KNU နှင့် PDF အမည်ခံအကြမ်းဖက်သမားများ သည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ ကော့ကရိတ်-မြဝတီသွား အာရှလမ်းမကြီးပေါ်ရှိ ကော့နွဲ့ကျေးရွာအနီး အရှည် ၁၉၆ ပေ၊ အကျယ်ပေ ၄၀ ရှိ သံကူကွန်ကရစ် အမျိုးအစား ကော့နွဲ့ တံတားအား မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့သည်။

ထိုသို့ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့မှုကြောင့် ကုန်စည်စီးဆင်းမှုများ ရပ်တန့်ခဲ့ ရပြီး အများပြည်သူများ သွားလာရေး အခက်အခဲများဖြစ်ပေါ်ခဲ့ရသဖြင့် နိုင်ငံတော် အစိုးရက ဒေသခံပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့စေရေး ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေး လျက်ရှိရာ ကော့နွဲ့တံတားပြန်လည်ပြုပြင်ရေး တံတားအထူးအဖွဲ့မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးဆောင်သည့် အင်ဂျင်နီယာ ၁ ဦးနှင့် လုပ်သား ၂၆ ဦး တို့သည် တံတားပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေစဉ် ယနေ့မွန်းလွဲ ၁ နာရီ မိနစ် ၃၀ ခန့်တွင် KNU နှင့် PDF အမည်ခံအကြမ်းဖက်သမားများက တံတား၏ အနောက် မြောက်ဘက် မီတာ ၃၆၀၀ ခန့်အကွာရှိ ပျားပင်ကျေးရွာနေရာနှင့် တံတား၏ တောင်ဘက်မီတာ ၃၇၀၀ ခန့် အကွာရှိ မြို့ဟောင်းကျေးရွာနေရာတို့မှ Suicide Drone ၂ စင်းဖြင့် တံတားလုပ်ငန်းဆောင်ရွက် နေသူများအား တိုက်ခိုက်ခဲ့သဖြင့် တံတားလုပ်ငန်းများ ဆောင်ရွက်နေသည့် အမျိုးသား ၁ ဦးသေဆုံးကာ၊ ၈ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်ဖြစ်ပွားရာ နေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ များအား ကော့ကရိတ်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်၍ ကနဦး ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးခဲ့ကာ ဘားအံမြို့ရှိ တောင်ကလေးဆေးရုံသို့ ဆက်လက် ပို့ဆောင် ဆေးကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့သည်။

အကြမ်းဖက်သမားများအနေဖြင့် စစ်ရေးနှင့်သက်ဆိုင်ခြင်းမရှိသော လမ်း၊ တံတားများအား ဖျက်ဆီးခြင်းသည် ဒေသနှင့် ဒေသခံများ၏ လူမှုစီးပွားဘဝများကို များစွာ ထိခိုက်နစ်နာစေလျက်ရှိသဖြင့် ဒေသခံပြည်သူလူထုက လုံးဝလက်ခံနိုင်ခြင်း မရှိပဲ ကန့်ကွက်ရှုံ့ချလျက်ရှိကြောင်းနှင့် လုံခြုံးရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း အကြမ်းဖက်သမားများအား အရေးယူတုန့်ပြန်နိုင်ရေး လိုအပ်သော လုံခြုံရေး လုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)