တတိယအကြိမ် ယူရေးရှားဒေသလုံခြုံရေးဆိုင်ရာ မင့်စ်နိုင်ငံတကာအဆင့်မြင့်ညီလာခံသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တက်ရောက်မိန့်ခွန်းပြောကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

တတိယအကြိမ် ယူရေးရှားဒေသလုံခြုံရေးဆိုင်ရာ မင့်စ်နိုင်ငံတကာအဆင့်မြင့်ညီလာခံသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တက်ရောက်မိန့်ခွန်းပြောကြား





မင့်စ်၊ အောက်တိုဘာ ၃၀

ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မက်ဆင် ရူဇန်ကော့ဗ်၏ ဖိတ်ကြားချက်အရ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့၌ အောက်တိုဘာလ ၂၈ ရက်မှ ၂၉ ရက်အထိ ကျင်းပလျက်ရှိသည့် တတိယအကြိမ် ယူရေးရှားဒေသလုံခြုံရေးဆိုင်ရာ မင့်စ်နိုင်ငံတကာအဆင့်မြင့်ညီလာခံသို့ တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည်။

ယူရေးရှားဒေသလုံခြုံရေးဆိုင်ရာ မင့်နိုင်ငံတကာအဆင့်မြင့်ညီလာခံသို့ မြန်မာ၊ ဟန်ဂေရီ၊ ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ဥဇဘတ်ကစ္စတန်၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ကမ္ဘောဒီးယား၊ တာဂျစ်ကစ္စတန်၊ အီရန်၊ ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံတို့အပါအဝင် နိုင်ငံပေါင်း ၄၀ ကျော်နှင့် နိုင်ငံတကာ အဖွဲ့အစည်း(၇) ခုတို့မှ ဝန်ကြီးများ၊ သံတမန်များနှင့် နိုင်ငံတကာ သုတေသီများ စုစုပေါင်း ကိုယ်စားလှယ် (၂၀၀) ကျော် တက်ရောက်ခဲ့ကြသည်။

ညီလာခံဖွင့်ပွဲအခမ်းအနားတွင် ဘယ်လာရုစ်နိုင်ငံ၊ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာ ရှန်ကိုနှင့် ညီလာခံသို့ တက်ရောက်လာကြသည့် ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် Collective Security Treaty Organization (CSTO)၊ Shanghai Cooperation Organization (SCO)၊ Conference on Interaction and Confidence - Building Measures in Asia (CICA) နှင့် Commonwealth on Independence States (CIS) အဖွဲ့အစည်းများမှ အတွင်းရေးမှူးချုပ်များနှင့် ကိုယ်စားလှယ်များက မိန့်ခွန်းပြောကြားခဲ့ကြသည်။

ဘယ်လာရုစ်နိုင်ငံ သမ္မတက မိန့်ခွန်းပြောကြားရာတွင် တတိယအကြိမ် ယူရေးရှားဒေသ လုံခြုံရေးဆိုင်ရာ မင့်စ်နိုင်ငံတကာ အဆင့်မြင့်ညီလာခံမှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုထင်ပေါ်ကျော် ကြားလာပြီး နှစ်စဉ် နိုင်ငံတကာအစီအစဉ်များတွင် နေရာယူထားလျက်ရှိပါကြောင်း၊ မတူကွဲပြားသည့် လုံခြုံရေးမူဝါဒကို လျစ်လျူရှုခြင်းမှာ အမှားတစ်ရပ်ဖြစ်ပါကြောင်း၊ ကမ္ဘာပေါ်တွင် ပဋိပက္ခများ မလျော့ပါးသွားခြင်း အဓိကအကြောင်းအရင်းမှာ မတူကွဲပြားသည့်လုံခြုံရေးမူဝါဒကို စဉ်ဆက် မပြတ် လျစ်လျူရှုထား၍ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏လုံခြုံရေးကို အခြားနိုင်ငံတစ်နိုင်ငံ၏ အခြေအနေကို အသုံးချလျက် တည်ဆောက်ခြင်းမှာ အမှားတစ်ရပ်ဖြစ်သည်ဆိုသည့်အချက်ဖြစ်ပါကြောင်းဖြင့် ဆွေးနွေးပြောကြားခဲ့သည်။ 

ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက မိန့်ခွန်းပြောကြားရာတွင် ကမ္ဘာကြီးသည် နိုင်ငံစုံ ဗဟုဝင်ရိုးပုံစံသို့ ပြောင်းလဲလျက်ရှိပြီး အာရှ၊ အာဖရိက၊ ယူရေးရှားဒေသမှ နိုင်ငံများက ကမ္ဘာ့အစီအစဉ်ကို ပိုမိုတက်ကြွစွာ ပုံဖော်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ထိုကဲ့သို့ ပြောင်းလဲပုံဖော်မှုများသည် အပြန်အလှန်လေးစားပြီး သာတူညီမျှမှုကိုအခြေခံသည့် ရေရှည်တည်တံ့သော ကမ္ဘာ့စနစ်ကို တည်ဆောက်ရန်နှင့် ပူးပေါင်းဆောင်ရွက်ရန်တို့အတွက် အခွင့်အလမ်းကောင်းအဖြစ် ရှုမြင်ပါ ကြောင်း၊ ယခုကမ္ဘာ့ပုံစံသစ်မှာ မြန်မာနိုင်ငံခြားရေးမူဝါဒဖြစ်သည့် လွတ်လပ်၍ တက်ကြွပြီး၊ ဘက်မလိုက်သော မူဝါဒ၊ အပြန်အလှန်လေးစားမှုနှင့် ငြိမ်းချမ်းစွာအတူတကွယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်နှင့်ကိုက်ညီပါကြောင်း၊ အချင်းချင်းအပြန်အလှန် မှီခိုတည်မှီနေသည့် ကမ္ဘာပေါ်တွင် လုံခြုံရေးကိစ္စရပ်သည်လည်း နိုင်ငံများ၏နယ်နိမိတ်ကိုကျော်လွန်ဖြစ်ပေါ်နေသည့် ကိစ္စရပ်ဖြစ်ပါ ကြောင်း၊ လက်ရှိ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်၌ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး အပေါ် စိန်ခေါ်မှုများသည် သမားရိုးကျလုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများအပြင် သမားရိုးကျ မဟုတ် သောလုံခြုံရေး ဆိုင်ရာစိန်ခေါ်မှုများလည်း ပေါ်ပေါက်လာနေကြောင်း၊ သမားရိုးကျ မဟုတ်သော လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများသည်လည်း သမားရိုးကျကဲ့သို့ပင် အရေးကြီးလာပါကြောင်း၊ နယ်စပ်ဖြတ်ကျော် အကြမ်းဖက်မှုများ၏ အရင်းခံသည် သမားရိုးကျ မဟုတ်သော လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများမှ ဆင်းသက်လာသည်ကို တွေ့မြင်နိုင်ပါကြောင်း၊ ရွှေတြိဂံဒေသရှိ တရားမဝင် မူးယစ် ဆေးဝါးလုပ်ငန်းများသည် မြန်မာနိုင်ငံအပါအဝင် ဒေသတွင်း တစ်ခုလုံးရင်ဆိုင်နေရသည့် အဓိက စိန်ခေါ်မှုများမှတစ်ရပ်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း နိုင်ငံတကာ ရာဇဝတ် ဂိုဏ်းများက ထိန်းချုပ်ဆောင်ရွက်နေသည့် အွန်လိုင်းလိမ်လည်မှုများသည် တိုင်းရင်းသား လက်နက်ကိုင်များ ထိန်းချုပ်ထားသည့် နယ်စပ်ဒေသများသို့ ရောက်ရှိလာပါကြောင်း၊ အွန်လိုင်း လိမ်လည်မှု လုပ်ဆောင်သည့်ကွန်ရက်ကို တိုက်ဖျက်ရန်  မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်း နိုင်ငံများဖြစ်ကြသည့် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံအစိုးရအနေဖြင့် (၂)နှစ်အတွင်း အွန်လိုင်းလိမ်လည်မှုတွင် ပါဝင်ခဲ့သည့် နိုင်ငံပေါင်း ၅၂ နိုင်ငံမှ နိုင်ငံခြားသား ၆၇,၇၅၁ ဦးအား ထိန်းသိမ်းခဲ့ပြီး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ပါကြောင်း၊ ယခုကဲ့သို့ အခြေအနေတွင် မင့်စ်နိုင်ငံတကာအဆင့်မြင့် ညီလာခံသည် ယူရေးရှားဒေသများမှ နိုင်ငံများအကြား ယုံကြည်မှုတည်ဆောက်ရန်နှင့် ဆွေးနွေး တိုင်ပင်ရန်တို့အတွက် တန်ဖိုးမဖြတ်နိုင်သည့် ဆွေးနွေးပွဲ စင်္ကြံတစ်ခုဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် မတူကွဲပြားမှုနှင့် နိုင်ငံစုံဗဟုဝင်ရိုးဆိုင်ရာ ယူရေးရှားပဋိညာဉ်နှင့်ပတ်သက်သည့် အတွေး အခေါ်ကို ကြိုဆိုပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ယူရေးရှားစီးပွားရေးဖိုရမ်နှင့် မင့်စ် နိုင်ငံတကာ အဆင့်မြင့်ညီလာခံတို့သို့ ပါဝင်တက်ရောက်ခဲ့ပါကြောင်း၊ ထိုသို့ပါဝင်ခြင်းဖြင့် မြန်မာနိုင်ငံအနေဖြင့် အပြန်အလှန် နားလည်မှုတည်ဆောက်ရေး၊ ဒေသတွင်းတည်ငြိမ်မှုရရှိစေရေး၊ ယူရေးရှားဒေသ တစ်ခွင် ငြိမ်းချမ်းသာယာဝပြောရေးတို့အတွက် ပူးပေါင်းဆောင်ရွက်ရာတွင် အကျိုးပြုနိုင်ရန် ရည်ရွယ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ရပ်ဝန်းနှင့် ပိုးလမ်းမအစီအစဉ်၊ ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်မှုအဖွဲ့အစည်း၊ အာဆီယံ၊ ဘင်းမ်စတက်နှင့် အခြားဒေသတွင်း အဖွဲ့အစည်းများမှ တစ်ဆင့် ဒေသတွင်းမိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံအခြေအနေနှင့် ကိုက်ညီသည့် ရည်မှန်းချက်များကို အကောင်အထည်ဖော်လျက် ရှိပြီး ဒီဇင်ဘာလ ၂၈ ရက်တွင် အထွေထွေရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်လျက်ရှိပါကြောင်း၊ လက်နက်ကိုင်ပဋိပက္ခများကိုလည်း ဆွေးနွေးမှုများနှင့် ညှိနှိုင်းမှုများမှတစ်ဆင့် ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဆက်လက်ဖြေရှင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ယူရေးရှားဒေသ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးအတွက် ပံ့ပိုး သွားရန်အဆင်သင့်ရှိပါကြောင်းဖြင့် အဓိကပြောကြားခဲ့သည်။

 ယူရေးရှားဒေသလုံခြုံရေးဆိုင်ရာ မင့်စ်နိုင်ငံတကာအဆင့်မြင့်ညီလာခံကို ၂၀၂၃ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ဒုတိယအကြိမ်နှင့် ယခုနှစ်တွင် “Global (Dis)Order and the Eurasian Security Puzzle” Theme ဖြင့် တတိယအကြိမ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ယူရေးရှားဒေသလုံခြုံရေးဆိုင်ရာ မင့်စ်နိုင်ငံတကာအဆင့်မြင့်ညီလာခံသည် ဒေသတွင်းနှင့် ကမ္ဘာ့လုံးဆိုင်ရာ တည်ငြိမ်ရေးနှင်စပ်လျဉ်းသည့် ကိစ္စရပ်များဆွေးနွေးနိုင်သော အပြည်ပြည်ဆိုင်ရာ စင်္ကြံများအနက် တစ်ခုဖြစ်သည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)