ဒီမိုကရေစီစနစ်ကနေ ရွေးကောက်ပွဲကို ဖယ်လိုက်မယ်ဆိုရင် လူတစ်ဦး ( သို့) လူတစ်စု က အုပ်ချုပ်တဲ့ အာဏါရှင် စနစ်ပဲ ကျန်တော့မှာပါ။ "ပြည်သူတို့ရဲ့ အုပ်ချုပ်မှု" မရှိတော့ဘဲ "ပြည်သူကို အုပ်စိုးခြင်း" ဆိုတဲ့ နေရာတစ်နေရာ ဖြစ်လာပြီး အဲ့ဒီနေရာက ငြိမ်းချမ်းစွား မဖယ်ပေးနိုင်တဲ့ နေရာဖြစ်သွားရပါတယ်။ ရွေးကောက်ပွဲတွေက ဒီမိုကရေစီရဲ့ အင်္ဂါရပ်တစ်ခုတင်မကပါဘူး၊ ဒီမိုကရေစီရဲ့ အခြေခံအုတ်မြစ် ဖြစ်နေပါတယ်။
အာဏာကို အတင်းအဓမ္မရယူပိုင်ခွင့်ဆိုတဲ့ အရာကနေ ပြည်သူမှပေးအပ်သော တာဝန်အဖြစ်သို့ ပြောင်းလဲပေးနိုင်တဲ့ မရှိမဖြစ် ကိရိယာတစ်ခုဖြစ်ပါတယ်။ ရွေးကောက်ပွဲလို့ ဆိုလိုက်တာနဲ့ ရှုတ်ထွေးခြင်း၊ မစုံလင်ခြင်းနှင့် စိတ်ပျက်ဖွယ်ကောင်းတဲ့ အကြောင်းအရာတွေ စုပုံနေပေမဲ့ ရွေးကောက်ပွဲတွေက လွတ်လပ်သော လူ့အဖွဲ့အစည်းကို ထိန်းချုပ်မောင်းနှင်ဖို့အတွက် လူသားတွေ စိတ်ကူးထားသမျှထဲမှာ အကောင်းဆုံး နဲ့ လူသားဆန်ဆုံးစနစ်တစ်ခု လို့ပြောပါရစေ။
ရွေးကောက်ပွဲတွေဆိုတာက “ပြည်သူက အုပ်ချုပ်သည်” ဆိုတဲ့ အတွေးအမြင်ကို လက်တွေ့ကျကျ ဖြစ်ပေါ်စေတဲ့ ဗဟိုယန္တရားဖြစ်ပါတယ်။ ဒီမိုကရေစီကို လည်ပတ်စေတဲ့ အင်ဂျင်လည်းဖြစ်ပါတယ်။
ရွေးကောက်ပွဲတွေက တရားဝင်မှု နဲ့ "အုပ်ချုပ်သူရဲ့သဘောတူညီချက်" ကို လုံခြုံစေခြင်းဆိုတဲ့ တာဝန်ကို ဆောင်ရွက်ပါတယ်။ အဲ့ဒါက အရေးကြီးဆုံး အကြောင်းပြချက်ပါ။ အစိုးရတစ်ရပ်ရဲ့ အာဏာက ဘယ်လောက် တရားမျှတ တယ်ဆိုတာကို ပြသပေးဖို့ အုပ်ချုပ်ခံနေသူများက ဖော်ထုတ်ခွင့်ရတဲ့ နိုင်ငံရေး လှုတ်ရှားမှု တစ်ခုပါပဲ။ ရွေးကောက်ပွဲတစ်ခုမှာ နိုင်ငံသားများ မဲပေးတဲ့အခါ အနိုင်ရသူကို အုပ်ချုပ်ရန် ၎င်းတို့ရဲ့ ပြတ်သားသော သဘောတူညီချက်ကို ပြလိုက်တာပါပဲ။ အဲ့ဒိလုပ်ငန်းစဉ်က အစိုးရအား ၎င်းရဲ့တရားဝင်မှုကို ပေးလိုက်တာပါ။ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရတစ်ရပ်မှ ပြဌာန်းထားသော ဥပဒေများသည် ပြည်သူက ရွေးချယ်ထားသော ကိုယ်စားလှယ်များဖြင့် ဖန်တီးထားသောကြောင့် ကျင့်ဝတ်သိက္ခာ အပြည့်ရှိပါတယ်။
ရွေးကောက်ပွဲသာမရှိရင် ပြည်သူရဲ့ သဘောတူညီချက်မပါဘဲ အစိုးရဟာ အာဏာကို ထိန်းသိမ်းဖို့ အင်အား၊ အကျပ်ကိုင်မှု၊ ဒါမှမဟုတ် အမွေဆက်ခံမှု (ဘုရင်စနစ် ဒါမှမဟုတ် အာဏာရှင်စနစ်လိုမျိုး) ကို အားကိုးရပါလိမ့်မယ်။ အာဏာရှင်စနစ်က အမြဲတမ်း ပြိုကွဲလွယ်ပြီး မေးခွန်းထုတ်စရာတွေ များနေတတ်ပါတယ်။
ရွေးကောက်ပွဲတွေက နိုင်ငံသားများရဲ့ ခေါင်းဆောင်အဖြစ် တာဝန်ယူမယ့်သူတွေကို တာဝန်ခံမှု ၊ တာဝန်ယူမှု ဆိုတဲ့ လုပ်ရပ်တွေကို အဓိကဖော်ထုတ်ပေးပါတယ်။ ကတိတွေဖောက်ဖျက်တာ၊ အကျင့်ပျက် ခြစားတာ ဒါမှမဟုတ် ညံ့ဖျင်းစွာလုပ်ဆောင်ရင် ပြည်သူတွေက သူတို့ကို ရာထူးက ထုတ်ပစ်နိုင်တယ်ဆိုတာ ရွေးကောက်ပွဲ ကပဲ လုပ်နိုင်ပါတယ်။ အဲ့လို မဲပုံးတွေနဲ့ ကိုယ်စားလှယ်တွေကို ခြိမ်းခြောက်နိုင်တာကိုက လူထုရဲ့ အကျိုးစီးပွား အတွက်လုပ်ပေးမှ ရမယ်ဆိုတဲ့ မက်လုံးတစ်ခုဖြစ်နေတာပါ။
ရွေးကောက်ပွဲ မရှိတဲ့ အုပ်ချုပ်ရေးစနစ်တစ်ခုအောက်မှာ အာဏာရှင် ဒါမှမဟုတ် ဘုရင်က ပြည်သူတွေရဲ့စကား ကို နားထောင်ဖို့ မက်လုံးမရှိပါဘူး။ ဘယ်လောက်ပဲ ဆိုးဆိုးရွားရွား အုပ်ချုပ်နေပါစေ သူတို့ကို အာဏာကနေ ဖယ်ရှားဖို့ ငြိမ်းချမ်းတဲ့ နည်းလမ်း မရှိပါဘူး။
ရွေးကောက်ပွဲတွေက နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကိုလုပ်ဆောင်ပေးဖို့၊ နိုင်ငံသားတွေရဲ့ တန်ဖိုးတွေကို မျှဝေဖို့ နိုင်ငံသားတွေရဲ့ လိုအပ်ချက်များကို နားလည်သဘောပေါက်ပြီး အစိုးရပိုင်းမှာ နိုင်ငံသားတွေအတွက် ကိုယ်စားပြုမယ်လို့ ယုံကြည်ရသူများကို ရွေးချယ်ပါတယ်။
ရွေးကောက်ပွဲကနေလာတဲ့ ငြိမ်းချမ်းတဲ့ အာဏာလွှဲပြောင်းမှုက ပြည်သူတွေရဲ့ကြီးမားတဲ့ အောင်မြင်မှုပါ။ ရွေးကောက်ပွဲများသည် ခေါင်းဆောင်မှုကို ပြောင်းလဲရန် ဖွဲ့စည်းခြင်း၊ ကြိုတင်မှန်းဆနိုင်တဲ့ အကြမ်းမဖက်သော နည်းလမ်းကို ပေးဆောင်ပါတယ်။ ပါတီတစ်ခု ရှုံးနိမ့်သောအခါတွင် ကြိုတင်ဖွဲ့စည်းထားသော စည်းမျဉ်းများနှင့်အညီ အနိုင်ရပါတီအား အာဏာလွှဲပြောင်းပေးရပါတယ်။ အဲ့ဒါက နိုင်ငံရေးအငြင်းပွားမှုများ၊ ပြည်တွင်းစစ်များ၊ တော်လှန်ရေးများ သို့မဟုတ် အကြမ်းဖက်အာဏာသိမ်းမှုများအဖြစ်သို့ မရောက်အောင် တားဆီးပေးပါတယ်။ ရွေးကောက်ပွဲသာမရှိရင် ကမ္ဘာ့သမိုင်းတစ်လျှောက် အာဏာလွှဲပြောင်းမှု အများစုက လုပ်ကြံသတ်ဖြတ်မှု၊ စစ်ပွဲ သို့မဟုတ် ပုန်ကန်မှုတွေနဲ့ ထုံမွှမ်းထားတဲ့ သွေးထွက်သံယိုကိစ္စတွေချည်းပဲ ဖြစ်ခဲ့ပါတယ်။
ရွေးကောက်ပွဲများက မတူညီသော ပါတီများနဲ့ ကိုယ်စားလှယ်လောင်းများ မဲရရန် ယှဉ်ပြိုင်ရမဲ့ "စိတ်ကူးဈေးကွက်" ကို ဖန်တီးပေးပါတယ်။ အနိုင်ရရန်အတွက် ပါတီများက လူထုပြဿနာများကို ဘယ်လိုဖြေရှင်းပေးမယ် ဆိုတဲ့ ဆွဲဆောင်မှုတွေကို လုပ်ရပါတယ်။ အဲ့ဒိဖြေရှင်းချက် ပြိုင်ဆိုင်မှုကိုက လူအများရဲ့ စိုးရိမ်မှုများကို တုံ့ပြန်ရန် နဲ့ ၎င်းတို့ရဲ့ပြိုင်ဘက်များထက် ပိုကောင်းအောင်ကြိုးစားပေးမယ်ဆိုတဲ့ တွန်းအားကိုပေးပါတယ်။ ဒါကြောင့် နိုင်ငံရေးမတည်ငြိမ်မှုကို ကာကွယ်ပေးပါတယ်။ အဲ့လိုမှ မဟုတ်ဘဲ အစိုးရပိုင်းက ရွေးကောက်ပွဲကို မလုပ်ဘူး၊ ပြည်သူတွေက ရွေးကောက်ပွဲမှာ မပါဝင်ဘူးဆိုရင်တော့ ပြိုင်ဆိုင်မှု မရှိတဲ့အပြင် တိုးတက်ရန် သို့မဟုတ် တီထွင်ဆန်းသစ်ရန် အကြောင်းမရှိတော့ပါ။ အကျင့်ပျက်ခြစားမှု၊ ပြည်သူတွေရဲ့ လိုအပ်ချက်များကို ထိရောက်မှုမရှိတဲ့ တုံ့ပြန်မှုတွေပဲရတော့မှာပါ။
မောင်ယဿ
https://t.me/MyanmarNationalPost

No comments:
Post a Comment