ဂျပန်နိုင်ငံရဲ့ ဝန်ကြီးချုပ်သစ် Takaichi Sanae က သောကြာနေ့ မွန်းလွဲပိုင်းတုန်းက လွှတ်တော်မှာ သူရဲ့ ပထမဆုံး မူဝါဒ မိန့်ခွန်းကို ပြောကြားခဲ့ရာမှာ နိုင်ငံရဲ့ ကာကွယ်ရေးစွမ်းရည်ကို အားကောင်းစေရင်း ပထမဦးစားပေးအဖြစ် ဈေးနှုန်းတွေ မြင့်တက်နေတာကို ကိုင်တွယ်ဖြေရှင်းမယ်လို့ ပြောပါတယ်။
မိန့်ခွန်းအစမှာ မစ္စ် Takaichi က ပြည်သူတွေရဲ့ ပစ္စုပ္ပန်နဲ့ အနာဂတ်အတွက် စိုးရိမ်ပူပန်မှုတွေကို မျှော်လင့်ချက်အဖြစ် ပြောင်းလဲပေးပြီး ခိုင်မာတဲ့စီးပွားရေးကို တည်ဆောက်ဖို့ သူ့ရဲ့သန္နိဋ္ဌာန်ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ကမ္ဘာကြီးက ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို သူ့အနေနဲ့ ရင်ဆိုင်သွားမှာဖြစ်ပြီး နိုင်ငံတကာအသိုက်အဝန်းအလယ်မှာ တစ်ဖန်ပြန်လည် ထွန်းတောက်လာအောင် ဂျပန်နိုင်ငံရဲ့ သံတမန်ဆက်ဆံရေးကို ပြန်လည်မွမ်းမံမယ်လို့ သူက ဆိုပါတယ်။ နိုင်ငံနဲ့ ပြည်သူတွေအတွက် ပြတ်ပြတ်သားသား ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်း သူက ကတိပြုခဲ့ပါတယ်။
အစိုးရရဲ့ အခြေခံမူဝါဒတွေနဲ့ ဖီလာဆန့်ကျင်နေခြင်းမရှိသရွေ့ တခြားပါတီတွေရဲ့ မူဝါဒအဆိုပြုချက်တွေကို သူ့အနေနဲ့ ထည့်သွင်းစဉ်းစားပြီး ပျော့ပျော့ပြောင်းပြောင်းနဲ့ ရိုးရိုးသားသား ဆွေးနွေးသွားမှာဖြစ်တယ်လို့ သူက ဆိုပါတယ်။
မစ္စ် Takaichi က မြင့်တက်လာတဲ့ဈေးနှုန်းတွေကို ကိုင်တွယ်ဖြေရှင်းရေးကို အစိုးရအဖွဲ့ရဲ့ ထိပ်တန်းဦးစားပေးအဖြစ် ရည်ညွှန်းဖော်ပြခဲ့ပါတယ်။ စီးပွားရေးအစီအမံတွေကို မြန်မြန်သွက်သွက်ရေးဆွဲပြီး အဲဒါတွေရဲ့ ရန်ပုံငွေအတွက် ထပ်ဆောင်းဘတ်ဂျက်မူကြမ်းကို တင်သွင်းမှာဖြစ်တယ်လို့ သူက ပြောပါတယ်။ ဓာတ်ဆီဆိုင်ရာ ယာယီအခွန်နှုန်းထားကို ဖျက်သိမ်းမယ့် ဥပဒေမူကြမ်းတစ်ရပ်ကို လက်ရှိ လွှတ်တော်အစည်းအဝေးအတွင်း အတည်ပြုနိုင်ဖို့ရည်မှန်းထားကြောင်း သူက ဆက်လက်ပြောကြားခဲ့ပါတယ်။
ဝင်ငွေခွန် ကန့်သတ်ချက် တိုးမြှင့်ရေးနဲ့ ပတ်သက်ပြီး အစိုးရက ဆက်လက် ဆွေးနွေးသွားမယ်လို့ သူက ပြောပါတယ်။
ဂျပန်စီးပွားရေးမှာ ခိုင်မာတဲ့တိုးတက်မှုတွေကို လှုံ့ဆော်ဖို့အတွက် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာကောင်စီကို ထူထောင်ကြောင်းလည်း သူက ကြေညာခဲ့ပါတယ်။
နိုင်ငံခြားရေးနဲ့ နိုင်ငံ့လုံခြုံရေးမူဝါဒတွေနဲ့ ပတ်သက်ပြီး မစ္စ် Takaichi က တရုတ်၊ မြောက်ကိုရီးယားနဲ့ ရုရှားတို့ရဲ စစ်ရေးလှုပ်ရှားမှုတွေကို အထူး စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဂျပန်နဲ့ အမေရိကန်ပြည်ထောင်စုတို့အကြား မဟာမိတ်ဆက်ဆံရေးဟာ ဂျပန်နိုင်ငံရဲ့ သံတမန်ရေးနဲ့ လုံခြုံရေးမူဝါဒတွေရဲ့ အုတ်မြစ်ဖြစ်တယ်လို့ သူက ဆိုပါတယ်။ အမေရိကန်သမ္မတ Donald Trump နဲ့ ပုဂ္ဂလိက ယုံကြည်မှုတည်ဆောက်ပြီး နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုမြှင့်တင်ဖို့ မျှော်လင့်ကြောင်း သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။
ဂျပန်ရဲ့ ကာကွယ်ရေးစွမ်းရည်ကို အခြေခံကနေ အားကောင်းစေဖို့ ရည်ရွယ်ကြောင်း သူက ပြောပါတယ်။ နိုင်ငံ့လုံခြုံရေး မဟာဗျူဟာ အပါအဝင် နိုင်ငံ့လုံခြုံရေးဆိုင်ရာ စာရွက်စာတမ်း ၃ ခုကို နောက်နှစ်ကုန် နောက်ဆုံးထား ပြင်ဆင်ပြောင်းလဲဖို့ ဦးတည်ပြီး အစိုးရက ပြန်လည် သုံးသပ်မှုတွေကို စတင်သွားမှာဖြစ်တယ်လို့ သူက ဆိုပါတယ်။ ကာကွယ်ရေးအသုံးစရိတ်နဲ့ ဆက်စပ်အသုံးစရိတ်တွေကို GDP ရဲ့ ၂ ရာခိုင်နှုန်းအထိ မြှင့်တင်မယ့် အစီအစဉ်ကို အစိုးရက အရှိန်မြှင့်ဆောင်ရွက်သွားမှာဖြစ်ကြောင်း သူက ပြောကြားခဲ့ပါတယ်။ ထပ်ဆောင်းဘတ်ဂျက်ကို အသုံးပြုမှုအပါအဝင် အခုဘဏ္ဍာရေးနှစ်မှာ အစီအမံတချို့ကို ဆောင်ရွက်မှာဖြစ်တယ်လို့ သူက ပြောပါတယ်။
Ref - NHK
https://t.me/MyanmarNationalPost

No comments:
Post a Comment