ဒီရက်ပိုင်းအတွင်းမှာ ပြည်ဖျက်မီဒီယာတွေက မဟုတ်မမှန် လုပ်ကြံဖန်တီးရေးသားပြီး အထူးတလည် ဖြန့်ဝေနေတဲ့ သတင်းတစ်ပုဒ်ရှိပါတယ်။ အဲဒါကတော့ မြန်မာ့ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၄၇ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်မယ့်ကိစ္စကို မမှန်မကန် ရေးသားဖော်ပြနေကြခြင်း ဖြစ်ပါတယ်။
ပြည်ပြေး ဝရမ်းပြေးတွေနဲ့ ပြည်ဖျက်မီဒီယာတွေက မြန်မာ့ခေါင်းဆောင်တစ်ဦး ဒေသတွင်း အစည်းအဝေးတစ်ခုကို တက်ရောက်မယ့်ကိစ္စ ဘာကြောင့် သောကရောက်နေကြရသလဲဆိုရင် ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့ကို ဒေသတွင်း အာဆီယံအဖွဲ့အစည်းက လုံးဝအသိအမှတ်မပြုဘူးဆိုတာကို အများပြည်သူ ထင်ထင်ရှားရှား သိမြင်သွားမှာကို စိုးရိမ်သောက ဖြစ်နေကြတာပါ။
ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့ဟာ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီမြို့မှာ တိုက်ခန်းငှားပြီး ရုံးခန်းသွားဖွင့်ထားသည့်တိုင်အောင် တရားဝင်မှုမရှိဘူးဆိုတာကို အမေရိကန်အစိုးရကလည်း သိပါတယ်။ ဒါကြောင့်ပဲ ကုန်သွယ်ရေးဆိုင်ရာကိစ္စနဲ့ ပတ်သက်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံကို တိုက်ရိုက်ဆက်သွယ်အကြောင်းကြားခဲ့ခြင်းကို ကြည့်ခြင်းအားဖြင့် NUG အကြမ်းဖက်အဖွဲ့သည် တရားဝင်အစိုးရမဟုတ်ကြောင်း ပြည်သူများကလည်း သိရှိကြပြီးဖြစ်ပါတယ်။
ယခင်နှစ်တွေက အနောက်အုပ်စုရဲ့လက်ပါးစေမီဒီယာတွေရဲ့ လုပ်ကြံဖန်တီးရေးသားဖြန့်ဝေမှု သတင်းတွေအေပေါ် အခြေခံပြီး အာဆီယံဒေသတွင်းနိုင်ငံတချို့က အာဆီယံအဖွဲ့အစည်းအတွင်း မြန်မာနိုင်ငံရဲ့ အခန်းကဏ္ဍများကို လျှော့ချခဲ့ပါတယ်။ သို့သော်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရဲ့ တရုတ်ပြည်ခရီးစဉ်အတွင်း နိုင်ငံတကာ ခေါင်းဆောင်များနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ဆောင်ရွက်ခဲ့ပြီးချိန်မှာတော့ နိုင်ငံတကာခေါင်းဆောင်များရဲ့ မြန်မာနိုင်ငံအပေါ် သဘောထားအမြင်က ပြောင်းလဲသွားတယ်လို့ ဆိုနိုင်ပါတယ်။ အထူးအားဖြင့် အာဆီယံဒေသတွင်းမှာ မြန်မာနိုင်ငံအပေါ် တင်းမာသော သဘောထားရှိတဲ့ မလေးရှားနိုင်ငံရဲ့ သဘောထားလည်း ပြောင်းလဲလာတယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။
၂၀၂၅ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့က ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မလေးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Dato' Seri Utama Haji Mohamad Bin Haji Hasan လာရောက်တွေ့ဆုံခဲ့ပါတယ်။ နေပြည်တော်ရှိ တပ်မတော်ဧည့်ဂေဟာ၌ လက်ခံတွေ့ဆုံပြီး နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ကော်မရှင်အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေတို့ တက်ရောက်ကြပြီး မလေးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် H.E. Tan Sri Othman Hashim နှင့် တာဝန်ရှိသူများတက်ရောက်ကြပါတယ်။
ထိုသို့တွေ့ဆုံရာတွင် မလေးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံ၏ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ်ရန် ပြင်ဆင်နေမှုများအားတွေ့ရသည့်အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်မိပါကြောင်း၊ အာဆီယံအနေဖြင့် မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုများကို အကောင်းဆုံးဖြစ်အောင်ပူးပေါင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ အားလုံးပါဝင်သည့် ရွေးကောက်ပွဲဖြစ်စေရန် အကြံပြုပြောကြားလိုပါကြောင်း၊ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့များကိုလည်း စေလွှတ်ပေးသွားမည်ဖြစ်ပါကြောင်းဖြင့် ဦးစွာဆွေးနွေးပြောကြားခဲ့ပါတယ်။
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ဆွေးနွေးပြောကြားရာတွင် ယခုကဲ့သို့မိမိတို့နိုင်ငံသို့လာရောက်တွေ့ဆုံမှုအတွက် ဝမ်းမြောက်ပါကြောင်း၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်ရန်အတွက် ၂၀၂၄ ခုနှစ်ကပင် စတင်အသိပေးပြောကြားခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံရေးအရသဘောထားကွဲလွဲသူများ၊ နိုင်ငံရေးပါတီများကို ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ချိန်ရရှိအောင်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခွင့်ကိုလည်း ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုရွေးကောက်ပွဲတွင် ဥပဒေနှင့်ကိုက်ညီသည့် နိုင်ငံရေးပါတီ ၅၇ ပါတီဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ကိုယ်စားလှယ်လောင်း ၅ ထောင်ကျော်ရှိပါကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နိုင်ငံရေးလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရေးအတွက် ငြိမ်းချမ်းရေးရရှိအောင်ဖိတ်ခေါ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ၂၀၁၈ ခုနှစ်မှစတင်၍ ယနေ့အချိန်အထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက်ထုတ်ပြန်ချက် ၂၇ ကြိမ် ဆောင်ရွက်ပေးခဲ့ကြောင်း၊ နိုင်ငံရေးအရသဘောထားကွဲလွဲမှုများကြောင့် အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်နေသူများကိုလည်း နိုင်ငံရေးလမ်းကြောင်းပေါ်တွင်ပါဝင်လာနိုင်ရေးအတွက် ၃ ကြိမ်ဖိတ်ခေါ်ခဲ့ကြောင်း၊ ယခုလ ၁၅ ရက်နေ့တွင် NCA နှစ်ပတ်လည်နေ့အခမ်းအနားကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များ၊ NCA လက်မှတ်မရေးထိုးထားရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်အချို့နှင့်နိုင်ငံတကာမှ အသိသက်သေများတက်ရောက်သွားမည်ဖြစ်ကြောင်းဖြင့် ဆွေးနွေးပြောကြားခဲ့ပါတယ်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး H.E. Dato’ Seri Utama Haji Mohamad Bin Haji Hasan သည် မြန်မာနိုင်ငံ နေပြည်တော်သို့ ၉-၁၀-၂၀၂၅ ရက်နေ့တွင် အလုပ်သဘောခရီးစဉ်အတွင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တွေ့ဆုံဆွေးနွေးသွားခဲ့ပါတယ်။
ဆွေးနွေးပွဲ၌ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက မြန်မာနိုင်ငံအစိုးရအနေဖြင့် ပြည်တွင်းတည်ငြိမ်အေးချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများ၊ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရရှိစေရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်များနှင့် တွေ့ဆုံဆွေးနွေးနေမှုများ၊ စစ်မှန်ပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ဖော်ဆောင်ရေးအတွက် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများ၊ အာဆီယံထုတ်ပြန်ကြေညာချက် (အာဆီယံတူညီဆန္ဒ) (၅) ချက် အကောင်အထည်ဖော်ရာတွင် အာဆီယံနှင့်ပူးပေါင်းဆောင်ရွက် နေမှုများ၊ နယ်စပ်ဖြတ်ကျော် မှုခင်းများနှင့် အွန်လိုင်းလိမ်လည်မှုများအတွက် အိမ်နီးချင်းနိုင်ငံများနှင့် သာမက ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံတကာတို့နှင့် ပူးပေါင်းဆောင်ရွက်နေမှုများကို ရှင်းလင်း ပြောကြားခဲ့ပါတယ်။
ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သည့် အင်အားပြင်းငလျင်ကာလ အလွန် ပြန်လည်ထူထောင်ရေးနှင့် ငလျင်ဘေးသင့်ပြည်သူများ၏ အကျိုးစီးပွားအတွက် မြန်မာနိုင်ငံအစိုးရ၊ ကုလသမဂ္ဂနှင့် အာဆီယံတို့ ပါဝင်သည့် သုံးပွင့်ဆိုင်ပင်မအဖွဲ့ (Tripartite Core Group) ဖွဲ့စည်းရေးကိုလည်းထည့်သွင်းဆွေးနွေးခဲ့ပါတယ်။ ပြည်ထောင်စု ဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် အာဆီယံ၏ တာဝန်သိအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့် အားလျော်စွာ အာဆီယံ၏ ကြိုးပမ်းအားထုတ်မှုများနှင့် အာဆီယံဥက္ကဋ္ဌ၏ ဦးဆောင်ဦးရွက်ပြုမှုများ တွင် အပြုသဘောပူးပေါင်းဆောင်ရွက်မှုများ၊ အဖွဲ့ဝင်ဖြစ်ချိန်မှစတင်၍ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံမှ ထမ်းဆောင်ရမည့် တာဝန်နှင့် ဝတ္တရားများကို မပျက်မကွက် ထမ်းရွက်ခဲ့မှုများကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပြီး၊ လက်ရှိအခြေအနေအရ မြန်မာနိုင်ငံအပေါ် ခွဲခြားချန်လှပ်ခြင်းများသည် သင့်လျော်မှုမရှိကြောင်း ထောက်ပြကာ အာဆီယံ၌ မြန်မာနိုင်ငံ၏ မူလအခန်းကဏ္ဍနှင့် အခွင့်အရေးများ ပြန်လည်ရရှိ စေရေး တိုက်တွန်းဆွေးနွေးခဲ့ပါတယ်။
မလေးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးက ပြည်ထောင်စုဝန်ကြီး၏ ရှင်းလင်းပြောကြားမှုများ ကို သိရှိမှတ်သားရကြောင်း၊ ၎င်းအနေဖြင့် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် အခြေအနေများ ကို တတ်စွမ်းသည့် တစ်ထောင့်တစ်နေရာမှ ကူညီပေးနိုင်ရန်အတွက် လာရောက်ခြင်းဖြစ် ကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံ၏ ပင်မအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်ကြောင်း၊ အာဆီယံထုတ်ပြန် ကြေညာချက် (အာဆီယံတူညီဆန္ဒ) (၅) ချက် အကောင်အထည်ဖော်မှုတွင် ပိုမိုကောင်းမွန်သော ရလဒ်များရရှိစေရေးအတွက် မြန်မာနိုင်ငံက ဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင်နည်းလမ်းဖြင့် ဆောင်ရွက်မှုများကို ထောက်ခံပါကြောင်းနှင့် မြန်မာနိုင်ငံနှင့် ပိုမိုထိတွေ့ဆက်ဆံကာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါတယ်။
အထက်ပါ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေ ရဲ့ ဆွေးနွေးချက်တွေမှာ မြန်မာနိုင်ငံအပေါ် ခွဲခြားချန်လှပ်ခြင်းများသည် သင့်လျော်မှုမရှိကြောင်း ထောက်ပြကာ အာဆီယံ၌ မြန်မာနိုင်ငံ၏ မူလအခန်းကဏ္ဍနှင့် အခွင့်အရေးများ ပြန်လည်ရရှိ စေရေး တိုက်တွန်းဆွေးနွေးခဲ့တာကို ကြည့်ခြင်းအားဖြင့် အာဆီယံနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံရဲ့ အခန်းကဏ္ဍကို ချန်လှပ်ထားဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။
ပြည်ဖျက်မီဒီယာတွေက မည်သို့ပင် လုပ်ကြံဖန်တီးရေးသားဖြန့်ဝေနေစေကာမူ မလေးရှားသတင်းဌာနများရဲ့ အတည်ပြုဖော်ပြချက်များမှာလည်း ၄၇ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံး က ခေါင်းဆောင်တွေ တက်ရောက်မှာကို အတည်ပြုဖော်ပြထားပါတယ်။ မလေးရှားသတင်းဌာနThe EDGE ရဲ့ ဖော်ပြချက်မှာဆိုရင် ဒေသတွင်းမှ ခေါင်းဆောင်များဖြစ်တဲ့ အင်ဒိုနီးရှားသမ္မတ Prabowo Subianto၊ စင်ကာပူဝန်ကြီးချုပ် Lawrence Wong၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet၊ မြန်မာခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဗီယက်နမ်ဝန်ကြီးချုပ် Pham Minh Chinh၊ ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr ၊ လာအိုဝန်ကြီးချုပ် Sonexay Siphandone နှင့် Timor-Leste မှ Jose Alexandre Gusmao တို့လည်း တက်ရောက်မည်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာ အခြား ကမ္ဘာ့အင်အားကြီးနိုင်ငံများရဲ့ ခေါင်းဆောင်များလည်း တက်ရောက်ကြမှာဖြစ်ပြီး ဒေသတွင်းစီးပွားရေးပေါင်းစည်းမှု၊ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုနှင့် စွမ်းအင်ကိစ္စရပ်များကို အဓိကထား ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။
ဒီအစည်းအဝေးကို ရုရှားသမ္မတပူတင် တက်ရောက်ဖို့ကတော့ မသေချာကြောင်းလည်း သတင်းများအရ သိရပါတယ်။
ပြည်ပြေး ဝရမ်းပြေးတွေနဲ့ ပြည်ဖျက်မီဒီယာတွေ သွေးလေခြောက်ခြားပြီး ပေါက်ပန်းစေး လုပ်ကြံဖန်တီးရေးသားဖော်ပြချက်တွေဟာ မှန်ကန်တိကျမှုမရှိတဲ့အတွက် ၄၇ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး ကို မြန်မာ့ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်မယ့်သတင်းဟာ မှန်ကန်တဲ့ သတင်းဖြစ်ကြောင်း စုစည်းတင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။
နောင်တော်လေး (ဘိုကလေး)
https://t.me/MyanmarNationalPost

No comments:
Post a Comment