တာမွေ၊ အောက်တိုဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသော ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာ ဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ပင်လုံခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တာမွေမြို့နယ်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူလေးများက “ ပညာဘဏ်တိုက် စာကြည့်တိုက် ” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာထွန်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ တာမွေမြို့နယ် ပညာရေးမှူး ဒေါ်ကြူကြူခိုင်က မုဒိတာစကားပြောကြားခဲ့ပြီး တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မို့မို့အောင်က စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူ များအား မြို့နယ်စာရေးဆရာအသင်းဝင် စာရေးဆရာမ မီမီကိုက “ စာဖတ်ခြင်း၏ အကျိုးကျေးဇူး ” ခေါင်းစဉ်ဖြင့် အသိပညာပေး ရှင်းလင်းဟောပြောခဲ့ပြီး ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအဖြစ် ကျင်းပြုလုပ်သည့် ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စကားပုံဆက် ပြိုင်ပွဲ၊ အင်္ဂလိပ်စာစကားလုံးဆက်ပြိုင်ပွဲ၊ ခါးလှည့်ကွင်းကစားနည်းပြိုင်ပွဲ၊ ခွက်ထပ်ကစားနည်းပြိုင်ပွဲ၊ ဘယ်ခြေ ညာလက်ကစားနည်းပြိုင်ပွဲ စသည့် ကာယ၊ဉာဏစွမ်းရည်ပြိုင်ပွဲများအပြင် လူငယ်စကားဝိုင်းဆွေးနွေးပွဲ အခမ်း အနားကို ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/သူလေးများ အားပါးတရ ပါဝင်ယှဉ်ပြိုင်ဆင်နွှဲခဲ့ကြသည်။
ဆက်လက်ပြီး ဒုတိယပိုင်းအခမ်းအနားအစီအစဉ်ကို ကျင်းပရာ တာမွေမြို့နယ်ရှိ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသူလေးများက “ ဘက်စုံပညာကိုရည် တို့လှမ်းချီ ” သီချင်းဖြင့် ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြပြီး သက်ဆိုင်ရာတာဝန်ရှိသူများက အသိပညာပေး ဟောပြောခဲ့သည့် စာရေးဆရာမ မီမီကိုနှင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် သက်ဆိုင်ရာခေါင်းစဉ်များအလိုက် ပါဝင်ဆွေးနွေးခဲ့ကြသူများအား အမှတ်တရ လက်ဆောင်ပစ္စည်းများကိုလည်းကောင်း၊ ပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိကြသူများအား ထူးချွန်ဆုများနှင့် အမှတ် တရလက်ဆောင်ပစ္စည်းများကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် တာမွေမြို့နယ်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးခင်ဇံက ကျေးဇူးတင်စကား ပြောကြား ခဲ့ပြီး တာမွေမြို့နယ်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူလေးများက “ဇာတိမာန်” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။ ယင်းနောက် တက်ရောက်လာကြသူများသည် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအဖြစ် ခန်းမအတွင်း ပြသထားသည့် လူငယ်ရေးရာအသိ ပညာပေး နံရံကပ်စာစောင်နှင့် သုတ/ရသစာအုပ်စာစောင်များအား ကြည့်ရှုလေ့လာခဲ့ကြသည်။
အခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အခြေခံပညာဦးစီးဌာန မှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူလေးများနှင့် အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်
https://t.me/MyanmarNationalPost





No comments:
Post a Comment