KIA အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခံရတော့မည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

KIA အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခံရတော့မည်



အကြမ်းဖက်လှုပ်ရှားမှုမှာ အဓိကအဖွဲ့တွေဖြစ်တဲ့ KIA, KNU တို့ကို အကြမ်းဖက်အဖွဲ့များအဖြစ် ကြေညာပြီး နှိမ်နင်းပေးဖို့ ရုပ်သံသတင်းများ မှာ စာရေးသူအနေနဲ့ ဆွေးနွေးတင်ပြခဲ့ဖူးပါတယ်။

တပ်မတော်ဦးဆောင်တဲ့ အစိုးရအဖွဲ့ဟာ အင်မတန် သဘောထားကြီးတဲ့ အစိုးရပါ။ KIA ကို အကြမ်းဖက်အဖွဲ့အဖြစ် မကြေညာသေးပါဘူး။ KNU ကိုလည်း ကာလရှည်ကြာ လွှတ်ထားပြီး စောင့်ကြည့်နေခဲ့ပါတယ်။

၂၀၂၅ခုနှစ်၊ သြဂုတ်လ (၂၈)ရက်နေ့ကမှ -

"ကရင်အမျိုးသားအစည်းအရုံး(Kayin National Union-KNU) လက်နက်ကိုင်သောင်းကျန်းသူ အဖွဲ့သည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အကြမ်းဖက်မှုဖြစ်သည့် အများပြည်သူ၏လုံခြုံရေး ကိုဖြစ်စေ၊ အသက်အိုးအိမ်စည်းစိမ်ကိုဖြစ်စေ၊ အများပြည်သူ သို့မဟုတ် တစ်ဦးတစ်ယောက်အတွက် အရေးကြီးသော အခြေခံအဆောက်အအုံများကိုဖြစ်စေ၊ နိုင်ငံပိုင်အဆောက်အအုံ၊ ယာဉ်၊  စက်ပစ္စည်း ကိရိယာနှင့် အသုံးအဆောင်ပစ္စည်းများကိုဖြစ်စေ ပြင်းထန်စွာထိခိုက်ဆုံးရှုံးစေရန် ပြုလုပ်မှုများဖြစ် သည့် အများပြည်သူအသုံးပြုလျက်ရှိသည့် လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ လူနေထူထပ်သည့် မြို့ရွာများကို အဝေးမှနေ၍ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drop Bomb များချ၍ တိုက်ခိုက်ခြင်း၊ အပြစ်မဲ့ပြည်သူများကိုသတ်ဖြတ်ခြင်း၊    အတင်းအဓမ္မလူသစ်စုဆောင်း ခြင်း၊ နိုင်ငံပိုင်အ‌ဆောက်အအုံ၊ ယာဉ်၊ စက်ပစ္စည်းကိရိယာနှင့်  အသုံးအဆောင်ပစ္စည်းများကို ဖျက်ဆီး ခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို နိုင်ငံတော်အတွင်းအခြေပြု၍ အကြမ်းဖက်မှုများ ကျူးလွန် လျက်ရှိပါသည်။

သို့ဖြစ်ပါ၍ အထက်ပါအကြမ်းဖက်မှုများကို ကျူးလွန်လျက်ရှိသည့် ကရင်အမျိုးသားအစည်းအရုံး (Kayin National Union-KNU)ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာလိုက်သည်။" ဆိုတဲ့ ထုတ်ပြန်ချက် ထွက်လာခဲ့ခြင်း ဖြစ်ပါတယ်။

ဘာကြောင့် KNU ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာရတာလဲ ဆိုရင် KNU အကြမ်းဖက်အဖွဲ့ခေါင်းဆောင် စောကွယ်ထူးဝင်းနဲ့ နောက်ပါတစ်စုက ရွေးကောက်ပွဲကို အဖျက်အမှောင့်လုပ်ဖို့ လှုံ့ဆော်လာခြင်းကြောင့် KNU ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာလိုက်ရခြင်းဖြစ်ပါတယ်။ ဒါကတော့ စာရေးသူရဲ့ အမြင်ပါ။ 

KNU အကြမ်းဖက်အဖွဲ့ခေါင်းဆောင်တွေအနေနဲ့ ဒေသခံပြည်သူလူထုအကျိုးစီးပွားကို ရှေးရှုခြင်းမရှိဘဲ ကိုယ်ကျိုးစီးပွားသာ ပဓာနထားပြီး လုပ်ဆောင်နေတဲ့ လုပ်ရပ်တွေကို ဒီရက်ပိုင်းအတွင်း မြဝတီမြို့အနီး KK Park ကို ဝင်ရောက်ရှင်းလင်းပြီး ထုတ်ပြန်ခဲ့တဲ့ သတင်းတွေကို ကြည့်ရင် သိနိုင်ပါတယ်။

အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာရန် ကျန်ရှိနေတာက KIA ဖြစ်ပါတယ်။ ယခု KIA လော်ဘီ မီဒီယာတွေက KIA ခေါင်းဆောင်တွေရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ပြောကြားချက်တွေ ရေးသားဖြန့်ဝေလာတာကို တွေ့ရပါတယ်။ Kachin News Group က အောက်တိုဘာ ၂၅ ရက်နေ့မှာပဲ "စစ်ကောင်စီကျင်းပမယ့်ရွေးကောက်ပွဲကို အထူးစိုးရိမ်ကြောင်း KIO/KIA ဥက္ကဋ္ဌပြော" ဆိုပြီး ခေါင်းစဉ်တပ် ရေးသားဖော်ပြထားပါတယ်။

သူတို့ရဲ့ ရေးသားဖော်ပြချက်မှာတော့ -

(လာမယ့် ဒီဇင်ဘာလမှာ စစ်ကောင်စီကျင်းပြုလုပ်မယ့် ရွေးကောက်ပွဲဟာ လက်ရှိပြည်တွင်းစစ်ကို အတွန့်ရှည်သွားစေနိုင်တဲ့အတွက် အထူးစိုးရိမ်ကြောင်း ဒီကနေ့ အောက်တိုဘာလ ၂၅ ရက်နေ့ ကချင်လွတ်လပ်ရေးအဖွဲ့ (၆၅) နှစ်ပြည့် KIO အထိမ်းအမှတ်နေ့မှာ KIO/KIA ပြောဆိုလိုက်ပါတယ်။ ရွေးကောက်ပွဲကြောင့် ရွေးကောက်ပွဲကိုထောက်ခံသူနဲ့ ကန့်ကွက်သူ အဖွဲ့ကြီးနှစ်ခုကွဲသွားပြီး ညှိနှိုင်းပြောဆိုဖို့ ပိုပြီးခဲယဉ်းသွားမှာဖြစ်တယ်လို့ KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လပြောဆိုပါတယ်။ “မြန်မာနိုင်ငံထဲမှာ ရွေးကောက်ပွဲပြုလုပ်ဖို့ ပြင်ဆင်နေတာမြင်တွေ့ရတဲ့အတွက် အထူးစိုးရိမ်နေပါတယ်။ ဘာလို့လဲဆိုတော့ ဒီရွေးကောက်ပွဲကို ထောက်ခံတဲ့အဖွဲ့၊ ကန့်ကွက်အဖွဲ့ဆိုပြီး အဖွဲ့နှစ်ဖွဲ့ ပေါ်ပေါ်တင်ထွက်ပေါ်လာတော့မှာဖြစ်တယ်။ ဒီအဖွဲ့အစည်းနှစ်ခုက လွယ်လွယ်နဲ့ ညှိနှိုင်းဖို့ခက်ခဲသွားမယ်။ ပြည်သူတွင်းစစ်လည်း ဒီထက်ပိုပြီး ကြာရှည်သွားနိုင်တယ်”လို့ပြော KIO သတင်းဌာန Alen Yang TV ကနေ တဆင့်ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲကို လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ တစ်တိုင်းပြည်လုံးမှာ အတူယှဉ်တွဲနေထိုင်ကြတဲ့ ပြည်သူလူထုအားရဲ့ ဘဝကံကြမ္မာကို အဆုံးအဖြတ်ပေးလိုက်တာကြောင့် သတိထားကြဖို့လည်း တိုက်တွန်းပြောဆိုထားပါတယ်။) လို့ ဆိုပါတယ်။

KNU အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခံလိုက်ရတဲ့အချိန်မှာ KIA ခေါင်းဆောင် ဂွမ်မော်အနေနဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဘာမှ အသံမထွက်ခြင်းဟာ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခံရမှာ ကြောက်နေလို့ပါ။ အင်ဘလကတော့ ဒီအခြေအနေကို မတွက်ဆဘဲ အာချောင်လိုက်ပြီဖြစ်ပါတယ်။ 

အစိုးရအနေနဲ့ တခြားကိစ္စတွေကို သည်းခံကောင်း သည်းခံလိမ့်မယ်။ ရွေးကောက်ပွဲကို နှောက်ယှက်လာရင်တော့ သည်းခံမှာ မဟုတ်ပါဘူး။ ပြည်သူလူထုရဲ့ ဆန္ဒနဲ့အညီ ရွေးချယ်တင်မြှောက်တဲ့ အစိုးရတစ်ရပ်ကို အာဏာလွှဲပြောင်းပေးနိုင်ရေး ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်မှာ အနှောက်အယှက်တွေ ပေါ်ပေါက်လာနိုင်တာကို သိတဲ့အတွက် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောက်ယှက်တန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ ဆိုတာကိုလည်း ပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။

ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အပြုသဘောမဆန်တဲ့ အာချောင်မှုတွေ လုပ်လာပြီဆိုရင်တော့ KIA သည်လည်း KNU ကဲ့သို့ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခံထိုက်ပါတယ်လို့သာ သုံးသပ်တင်ပြလိုက်ရပါတယ်။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)