မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နှင့် စစ်ကိုင်းတိုင်းဒေသကြီး ကျောက်မြောင်းမြို့သို့ ဆက်သွယ်ထားသည့် ဧရာဝတီတံတား(ရတနာသိင်္ခ)အား PDF အမည်ခံအကြမ်းဖက် သမားများနှင့် ပူးပေါင်းအဖွဲ့များက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး - Myanmar National Post

Myanmar National Post

News Agency

Breaking

မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နှင့် စစ်ကိုင်းတိုင်းဒေသကြီး ကျောက်မြောင်းမြို့သို့ ဆက်သွယ်ထားသည့် ဧရာဝတီတံတား(ရတနာသိင်္ခ)အား PDF အမည်ခံအကြမ်းဖက် သမားများနှင့် ပူးပေါင်းအဖွဲ့များက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး




နေပြည်တော်၊ အောက်တိုဘာ ၂၉

PDF အမည်ခံအကြမ်းဖက်သမားများနှင့် ပူးပေါင်းအဖွဲ့များသည် တိုင်းပြည်တည် ငြိမ် အေးချမ်းမှုပျက်ပြားစေရန်နှင့် ဒေသတွင်းကုန်စည်စီးဆင်းမှုများ ပျက်ပြားစေရန် ရည်ရွယ်၍ အများပြည်သူ သွားလာအသုံးပြုလျက်ရှိသည့် လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများကို ယုတ်မာရိုင်းစိုင်းစွာ ဥပဒေမဲ့ကျူးလွန်လျက်ရှိကြရာ ယနေ့တွင် ရွှေဘို-ကျောက်မြောင်း-စဉ့်ကူး-မန္တလေး သွားကားလမ်းပေါ်ရှိ(ရတနာသိင်္ခ)အား ဧရာဝတီမြစ်ကူးတံတားတစ်စင်းဖြစ်သည့် ဧရာဝတီတံတား အကြမ်းဖက်သမားများက ယုတ်မာရိုင်းစိုင်းစွာ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ တံတားသည် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့ကို ဆက်သွယ်ထား၍ ပြည်သူလူထု၏ လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုတို့အတွက် အဓိက အရေးပါသည့် တံတားတစ်စင်းဖြစ်ပြီး အဆိုပါတံတားအား အောက်တိုဘာလ ၂၉ ရက် ယနေ့နံနက် ၆ နာရီ ၁၀ မိနစ်ချိန်ခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများနှင့် ပူးပေါင်းအဖွဲ့များက မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ မိုင်းပေါက် ကွဲမှုကြောင့် တံတား၏ ရေလည်တိုင်များဖြစ်သည့် တိုင်အမှတ် RP4 နှင့် RP5 တို့ အကြားတွင် လည်းကောင်း၊ RP6-A2 ချဉ်းကပ်လမ်းနေရာတို့တွင်လည်းကောင်း ကျိုးကျပျက်စီးခဲ့သည်။ ထိုသို့ အကြမ်းဖက်သမားများ၏ အမြော်အမြင်မဲ့စွာ ဆင်ခြင်မှု မရှိသော ဖျက်လိုဖျက်ဆီး လုပ်ရပ်များကြောင့် ယခုအခါ မော်တော်ယာဉ်များနှင့် ခရီးသွားပြည်သူများဖြတ်သန်း သွားလာနိုင်ခြင်း မရှိတော့ဘဲ ကုန်စည်စီးဆင်းမှုများ ရပ်တန့်လျက်ရှိကြောင်း သိရှိရသည်။

ဧရာဝတီတံတား(ရတနာသိင်္ခ)သည် တံတားအရှည် ၂၄၈၀ ပေ၊(သံကူကွန်ကရစ် တံတား)၊ တံတားအကျယ် ၂၅ ပေ၊ လူသွားလမ်း ဘယ်/ညာ ၃ ပေရှိပြီး တံတား ဆောက်လုပ်ရေးအထူးအဖွဲ့-၁၄ မှ ၂၀၁၀ ခုနှစ် ဧပြီလ ၁၆ ရက်နေ့တွင် စီမံကိန်းစတင်ကာ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့တွင် ဆောက်လုပ်ပြီးစီး၍ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ယခုအခါ PDF အမည်ခံအကြမ်းဖက်သမားများနှင့် ပူးပေါင်းအဖွဲ့များက ဒေသတွင်းကောင်းစားရေးဟု သုံးနှုန်း၍ အမှန်တကယ်တွင် ပြည်သူလူထု၏ လူမှုစီးပွားဘဝများ၊ လူအခွင့်အရေးများ ဆုံးရှုံးအောင် လုပ်ဆောင်နေကြသည့်အပေါ် ဒေသခံပြည်သူများက သိရှိနားလည် သဘောပေါက်လာကြပြီဖြစ်ပြီး ယခုကဲ့သို့ စစ်ရေးနှင့်သက်ဆိုင်ခြင်းမရှိသည့် ဧရာဝတီတံတား(ရတနာသိင်္ခ)အား မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့မှုအပေါ် ရွံရှာမုန်းတီးစွာ ကန့်ကွက်ရှုံ့ချလျက်ရှိကြောင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့်လည်း အဆိုပါ တံတားအား ပြန်လည်ပြင်ဆင် ခြင်းလုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


ttps://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)