စစ်ကိုင်း၊ နိုဝင်ဘာ ၅
၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးသက်ပုံ က စစ်ကိုင်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အတွက် ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသမျှ ကြိုးစား လုပ်ဆောင်သွားမည် ဟု ဆိုသည်။
မန္တလေးငလျင်ကြီးကြောင့် မန္တလေး၊ စစ်ကိုင်း ငလျင်ဘေးဒဏ်သင့် ပြည်သူများကို ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဦးဆောင်ခဲ့ပြီး တပ်မတော်မှ အနားယူကာ ပြည်ခိုင်ဖြိုးပါတီမှ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးသက်ပုံ က "ချစ်ခင်လေးစားရပါသော မဲဆန္ဒရှင် မိဘပြည်သူများခင်ဗျာ - မကြာခင်ကာလ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၂၈)ရက်နေ့ နှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၁၂) ရက်နေ့တို့တွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကြီး ပြန်လည်ကျင်းပတော့မည် ဖြစ်ပါသည်။ ၎င်း ရွေးကောက်ပွဲကြီး အပြီးတွင် ပြည်သူက ရွေးချယ်တင်မြှောက်သည့် အစိုးရ၊ လွှတ်တော်များ မလွဲမသွေ ပေါ်ပေါက်လာမည် ဖြစ်ပါသည်။ ၎င်း အစိုးရအဖွဲ့၊ လွှတ်တော်များသည် လက်ရှိ နိုင်ငံ့အခြေအနေအရပ်ရပ်ကို အကောင်းဆုံး ကိုင်တွယ် ဖြေရှင်းသွားနိုင်မည့် အားကောင်းသော၊ စုစည်းညီညွတ်သော၊ အတွေ့အကြုံရှိသော ပုဂ္ဂိုလ်များ ပါဝင်ဖွဲ့စည်းနိုင်ရန် လိုအပ်ပါသည်။ ကျွန်တော် ဦးသက်ပုံ သည် ၂၀၂၅ခုနှစ် ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် စတင် ကျင်းပမည့် ပါတီစုံအထွေထွေ ရွေးကောက်ပွဲကြီး၌ စစ်ကိုင်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုကာ (မဲအများဆုံးရသူ အနိုင်ယူ FPTP စနစ်ဖြင့်)ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက် ယှဉ်ပြိုင် အရွေးခံ သွားမည် ဖြစ်ပါသည်။ စစ်ကိုင်းမြို့နယ် ၏ အကျိုး၊ စစ်ကိုင်းမြို့နယ်ရှိ ပြည်သူများ၏ အကျိုး ၊ စစ်ကိုင်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အတွက် ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသမျှ ကြိုးစား လုပ်ဆောင်သွားမည် ဖြစ်ပါကြောင်း အသိပေး တင်ပြအပ်ပါတယ် ခင်ဗျား။" ဟု သူ၏ လူမှုကွန်ရက်မှ မဲဆန္ဒရှင် ပြည်သူများကို အသိပေးတင်ပြထားသည်။
ဦးသက်ပုံသည် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်ဇာတိဖြစ်သော်လည်း ငယ်ရွယ်စဉ်ပညာသင်ကြားချိန်မှစ၍ စစ်ကိုင်းမြို့သို့ မိဘများနှင့်အတူ ပြောင်းရွှေ့နေထိုင်ခဲ့သူတစ်ဦးဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment