ကရင်သက္ကရာဇ်(၂၇၆၅)ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကရင်သက္ကရာဇ်(၂၇၆၅)ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပမည်




ဘားအံ  ၊ နိုဝင်ဘာ ၁၂


၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်တွင် ကျရောက်မည့် ကရင်သက္ကရာဇ်(၂၇၆၅)ခုနှစ် ကရင်အမျိုးသား နှစ်သစ်ကူးနေ့အခမ်းအနားနှင့်ကောက်သစ်စားပွဲကို ဘားအံမြို့ အမှတ်(၄)ရပ်ကွက်၊ သီရိကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၁ ရက် မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည့် ကျင်းပရေးဦးစီးကော်မတီနှင့် အထောက်အကူပြုလုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။

အဆိုပါပွဲတော်ကို ကရင်အမျိုးသားအလံတင်အခမ်းအနား၊ နှစ်သစ်ကူးနေ့အခမ်းအနား၊ ကောက်သစ်စားပွဲတို့နှင့်အတူ ပွဲတော်မတိုင်မီ ကြိုဆိုဂုဏ်ပြုသောအားဖြင့် လမ်း၊ တံတားအခြေခံအဆောက်အဦဖွင့်ပွဲများ၊ အားကစားပြိုင်ပွဲများ၊ ကရင်တိုင်းရင်းသားတို့၏ပဒေသာအကအလှများဖြင့်ဖျော်ဖြေဧည့်ခံပွဲများ၊ ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ပြီး ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ  ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းကော်မတီအသီးသီးကိုဖွဲ့စည်းတာဝန်ပေးအပ်ထားပြီး ယခု အစည်းအဝေးတွင် လိုအပ်သည်များ၊ ဖြည့်ဆည်းဆောင်ရွက်ပေးရမည့်ကိစ္စရပ်များနှင့် ဆုံးဖြတ်အတည်ပြုပေးရမည့်ကိစ္စရပ်များကို တင်ပြဆွေးနွေးပေးကြစေလိုကာ အောင်မြင်စွာနှင့်စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး တက်ရောက်လာ သူအားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားနှင့် ကောက်သစ်စားပွဲအောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်မည့်အစီအမံများကို သက်ဆိုင်ရာကဏ္ဍများအလိုက်ဆွေးနွေး တင်ပြကြပြီး ကျင်းပရေးအထောက်အကူပြုလုပ်ငန်းကော်မတီ အတွင်းရေးမှူးများက သက်ဆိုင်ရာလုပ်ငန်းကော်မတီအလိုက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ဆုံးဖြတ်အတည်ပြုပေးရမည့်ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြကာ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြရာ ဆွေးနွေးတင်ပြမှုများအပေါ် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ဒုံးအကပြိုင်ပွဲတွင် ဆုရရှိကြသော ဒုံးအဖွဲ့များက ပြန်လည်ကပြဖျော်ဖြေတင်ဆက်သည့်အခမ်းအနားကို နိုဝင်ဘာ ၁၁ ရက် ညပိုင်းက ဘားအံမြို့ သီရိကွင်း၊ ဒုံးစင် မြင့်၌ ကျင်းပရာ ဒုံးအဖွဲ့(၆)ဖွဲ့က ဖားစည်၊ ကျွဲချို၊ အိုးစည်၊ ဘင်၊ နှဲ၊ မောင်း၊ စည်းဝါး၊ လင်ကွင်းတို့ကို တီးမှုတ်ကြပြီး ကရင်တိုင်းရင်းသားတို့၏ လူနေမှုဘဝများ၊ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများ၊ ခေတ်ကာလအတွင်းကြုံတွေ့နေရသည့် အခြေအနေများကို ရေးစပ်သီကုံးထားသည့် ကရင်တေးသီချင်းများကိုသံပြိုင်သီဆို၍ မြူးကြွသွက်လက်မြိုင်ဆိုင်စွာဖြင့် ပြန်လည်ကပြသီဆိုဖျော်ဖြေခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ ကြည့်ရှုအားပေးခဲ့ကြကာ ဂုဏ်ပြုဆုငွေများအသီးသီးပေးအပ်ချီးမြှင့် ခဲ့ကြသည်။

 နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အခမ်းအနားကို ဒုံးအကပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ၊ အားကစားပြိုင်ပွဲ များ၊ ပြပွဲ၊ ပြိုင်ပွဲများ၊ ဒေသအစားအစာနှင့်မုန့်ဈေးရောင်းပွဲများ၊ နိုင်ငံကျော်တေးသံရှင်များနှင့် ဒေသခံတိုင်းရင်းသား တေးသံရှင်များပါဝင်သည့် စင်တင်တေးဂီတဖျော်ဖြေပွဲများ ထည့်သွင်းကျင်းပခဲ့ရာ အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်သူများ၊ ဒေသခံပြည်သူများ စည်ကားများပြားစွာ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သတင်းရရှိသည်။


စောမျိုးမင်းသိန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)