ပုဇွန်တောင်၊ နိုဝင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် သာသနာတော်ထွန်းကားပျံ့ပွားရေးအတွက် ရည်ရွယ်၍ နှစ်စဉ်ကျင်းပပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလုံးဆိုင်ရာ ဝိနယာနုဂ္ဂဟအသင်းကြီး၏ (၉၄) ကြိမ် မြောက် ဘုရားဖြူ ဝိနည်းစာတော်ပြန်ပွဲ နောက်ဆုံးနေ့ကို ယမန်နေ့နေ့လယ် ၁ နာရီအချိန်က အမှတ်(၁၀) ရပ်ကွက်ရှိ ဘုရားဖြူကျောင်းတိုက်တွင် ကျင်းပခဲ့သည်။
အဆိုပါဝိနည်းစာတော်ပြန်ပွဲကို နှစ်စဉ်ကျင်းပခဲ့ရာ ယခုနှစ်တွင် (၉၄)ကြိမ်မြောက် ကျင်းပခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာလ (၁၉)ရက်နေ့မှ (၂၃)ရက်နေ့ထိ (၅)ရက်တိုင် စာဖြေဆိုစာရင်းပေးသွင်းဦးရေ စာချတန်း(၅)ပါး၊ အကြီးတန်း(၁၆)ပါး၊ အလတ် တန်း(၂၆)ပါး၊ အငယ်တန်း(၁၂၇)ပါးနှင့် မူလတန်း(၄၃၂)ပါးရှိပြီး နောက်ဆုံးဖြေဆိုနေ့တွင် စာချတန်း (၄)ပါး၊ အငယ်တန်း(၄၃၂)ပါး စုစုပေါင်း (၄၃၆) ပါးတို့ ကြွရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။
ဝိနယာနုဂ္ဂဟအသင်းကြီး၏ (၉၄) ကြိမ် မြောက် ဘုရားဖြူ ဝိနည်းစာတော်ပြန်ပွဲကို ဩဝါဒစရိယဆရာတော်များ နှင့် စာမေးပွဲကြီးကြပ်ရေးအဖွဲ့ဆရာတော်များမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိရာ စာမေးပွဲဝင်ရောက်ဖြေဆိုနေသည့် စာဖြေရဟန်းသာမဏေများနှင့်စာမေးပွဲကြီးကြပ်ရေးဆရာတော်များအား ပုဇွန်တောင်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ဝတ္ထုငွေနှင့်အအေးများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
ဟန်စုယဥ်
#News


No comments:
Post a Comment