ရီရတ်ဒ်၊ နိုဝင်ဘာ ၂၅
ကုလသမဂ္ဂစက်မှုဖွံ့ဖြိုးရေးအဖွဲ့ (United Nations Industrial Development Organization-UNIDO) ၏ ၂၁ ကြိမ်မြောက် အထွေထွေညီလာခံအား “ကမ္ဘာ့စက်မှုဆိုင်ရာ ထိပ်သီးညီလာခံ(၂၀၂၅)”အဖြစ် ၂၃-၁၁-၂၀၂၅ ရက်မှ ၂၇-၁၁-၂၀၂၅ ရက်အထိ ဆော်ဒီအာရေဗျနိုင်ငံ၊ ရီရတ်ဒ်မြို့ရှိ King Abdulaziz International Conference Centre ၌ ကျင်းပလျက်ရှိရာ၊ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့်အခြားနိုင်ငံတကာ အဖွဲ့အစည်းများဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်း ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက် လျက်ရှိသည်။
ညီလာခံဖွင့်ပွဲအခမ်းအနားတွင် အိမ်ရှင် ဆော်ဒီအာရေဗျနိုင်ငံ စက်မှုနှင့် သတ္တုအရင်းအမြစ် ဆိုင်ရာဝန်ကြီးနှင့် UNIDO ညွှန်ကြားရေးမှူးချုပ် တို့က အဖွင့်မိန့်ခွန်းများပြောကြားခဲ့ပြီး၊ ဆိုမာလီယာ၊ မွန်တီနီဂရိုး၊ မော်ဒိုဗာနိုင်ငံတို့မှ ဒုတိယဝန်ကြီးချုပ်များ အပါအဝင် အထူးဧည့်သည် တော်များက မိန့်ခွန်းများပြောကြားခဲ့သည်။ ဖွင့်ပွဲအခမ်းအနားအပြီး၊ ညီလာခံက UNIDO လက်ရှိ ညွှန်ကြားရေးမှူးချုပ် Mr. Gerd Muller အား ဒုတိယအကြိမ် ရာထူးသက်တမ်း (၂၀၂၆-၂၀၂၉ခုနှစ်) အတွက် ထပ်မံခန့်အပ်ရန် ဆုံးဖြတ်ချက်ကို တညီတညွတ်တည်းအတည်ပြုခဲ့ပြီး၊ မြန်မာနိုင်ငံ အပါအဝင် အဖွဲ့ဝင်နိုင်ငံအများအပြားက ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့ကြသည်။
မြန်မာအမြဲတမ်းကိုယ်စားလှယ်က ညွှန်ကြားရေးမှူးချုပ် Mr. Gerd Muller ဒုတိယအကြိမ် ထပ်မံခန့်အပ်ခံရခြင်းအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ ညွှန်ကြားရေးမှူးချုပ်၏ ဦးဆောင်မှု အောက်တွင် UNIDO သည် အားလုံးပါဝင် ပြီး စဉ်ဆက်မပြတ်သော စက်မှုဖွံ့ဖြိုးတိုးတက်ရေး (ISID) အတွက် ထိရောက်စွာ မြှင့်တင်နိုင်ခဲ့ပါကြောင်း၊ ထို့ပြင် ညွှန်ကြားရေးမှူးချုပ်အနေဖြင့် ရာသီဥတု ပြောင်းလဲမှုအား ခံနိုင်ရည်ရှိသော စက်မှုလုပ်ငန်းအဖြစ် ပြောင်းလဲရေး ထူထောင်ရေး၊ ဒစ်ဂျစ်တယ် ဆန်းသစ်တီထွင်မှု နှင့် ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအတွက် ပိုမိုအားကောင်းသော ပံ့ပိုးကူညီမှုတို့ကို လည်း ဦးစားပေးဆောင်ရွက်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အားလုံးပါဝင်ပြီး စဉ်ဆက်မပြတ်သော စက်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ညွှန်ကြားရေးမှူးချုပ်၊ UNIDO တို့နှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
#News #Myanmar #UNIDO



No comments:
Post a Comment