အချုပ်အခြာအာဏာအား ထိပါးခြင်းက စစ်ကြေညာခြင်းပင်ဖြစ်သည်ဟု ကိုလံဘီယာ သမ္မတက အမေရိကန်၏ ခြိမ်းခြောက်မှုအပေါ် တုံ့ပြန် - Myanmar National Post

Myanmar National Post

News Agency

Breaking

အချုပ်အခြာအာဏာအား ထိပါးခြင်းက စစ်ကြေညာခြင်းပင်ဖြစ်သည်ဟု ကိုလံဘီယာ သမ္မတက အမေရိကန်၏ ခြိမ်းခြောက်မှုအပေါ် တုံ့ပြန်


ကရာကတ်စ်၊ ဒီဇင်ဘာ ၃ 

ကိုလံဘီယာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးပြဿနာကြောင့် “တိုက်ခိုက်မှုခံရနိုင်သည်” ဟု အမေရိကန်နိုင်ငံ သမ္မတ ထရမ့်က ဒီဇင်ဘာ ၂ ရက်တွင် ပြောဆိုချက်နှင့်စပ်လျဉ်း၍ ကိုလံဘီယာနိုင်ငံ သမ္မတ Gustavo Petro က ကိုလံဘီယာ၏ အချုပ်အခြာအာဏာအား မခြိမ်းခြောက်ရန် ၊ “ကျွန်တော်တို့ရဲ့ အချုပ်အခြာအာဏာကို ထိပါးတာက စစ်ကြေညာတာပဲ” ဟု ထိုနေ့တွင် လူမှုမီဒီယာမှတစ်ဆင့် သတိပေးပြောကြားခဲ့သည်။

ထိုနေ့အစောပိုင်းတွင် ထရမ့်က ကိုလံဘီယာနိုင်ငံပြည်တွင်း၌ မူးယစ်ဆေးဝါးထုတ်လုပ်သည့်စခန်းများသည် ကိုကင်းများထုတ်လုပ်၍ အမေရိကန်သို့ ရောင်းချနေကြောင်း၊ အမေရိကန်သို့ “မူးယစ်ဆေးဝါးရောင်းချ” သည့် နိုင်ငံမှန်သမျှသည် “တိုက်ခိုက်မှုခံရမည်” ဟု အိမ်ဖြူတော်တွင်ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေး၌ မီဒီယာများကို ပြောကြားခဲ့သည်။

ယင်းအပေါ် Gustavo Petro က ကိုလံဘီယာအစိုးရသည် မူးယစ်ဆေးဝါးထုတ်လုပ်သည့်စခန်းပေါင်း ၁၈,၄၀၀ ကျော်အား ဖမ်းဆီးဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။ “နေ့စဉ် စခန်း ၉ ခုကို ဖမ်းဆီးဖျက်ဆီးနေတဲ့ လှုပ်ရှားမှုကို ကိုယ်တိုင်သက်သေထူဖို့” ထရမ့်အား ကိုလံဘီယာနိုင်ငံသို့ လာရောက်ရန် ၎င်းအနေဖြင့်ဖိတ်ခေါ်ကြောင်း၊ တစ်ချိန်တည်းတွင် ကိုလံဘီယာနိုင်ငံက အမေရိကန်သို့စီးဝင်မည့် ကိုကင်းတန်ချိန်ထောင်နှင့်ချီကို တားဆီးနိုင်ခဲ့ကြောင်းလည်း ထောက်ပြပြောကြားခဲ့သည်။

Gustavo Petro က အမေရိကန်အနေဖြင့် ထိုမတိုင်မီ ၎င်းကိုယ်တိုင်နှင့် ပတ်သက်သော ပြောဆိုချက်သည် အသရေဖျက်မှုဖြစ်နေသောကြောင့် မှားယွင်းသောလမ်းထက်တွင် ဆက်လက်ရှေ့မဆက်သင့်ကြောင်းလည်း ဆိုသည်။

ယခုနှစ် အောက်တိုဘာ ၁၉ ရက်နှင့် ၂၂ ရက်တွင် ထရမ့်က Gustavo Petro အား “မူးယစ်ရာဇာ” ဟု နှစ်ကြိမ်တိုင် ထုတ်ဖော်ခေါ်ဆိုခဲ့သည်။ ၎င်းက Gustavo Petro နှင့် ကိုလံဘီယာနိုင်ငံအပေါ် “အလွန်တင်းကျပ်သည့် လှုပ်ရှားမှု လုပ်ဆောင်မည်” ဟုလည်း ခြိမ်းခြောက်ခဲ့ပြီး ကိုလံဘီယာဘက်အပေါ် ကူညီမှုအားလုံးကို ဖြတ်တောက်လိုက်ပြီးဖြစ်ကြောင်း ဆိုခဲ့သည်။

Gustavo Petro က အောက်တိုဘာ ၂၂ ရက်တွင် လူမှုမီဒီယာ၌ “အမေရိကန် ပြည်တွင်းအဆင့်မြင့်အရာရှိက ကျွန်တော့်အပေါ် အသရေဖျက်စွဲဆိုမှုနှင့် စပ်လျဉ်းပြီး ကျွန်တော်က အမေရိကန်ရှေ့နေကနေတစ်ဆင့် အမေရိကန် တရားစီရင်မှုစနစ်အတွင်းကနေ တရားဥပဒေအရ ထုချေတင်ပြမှု လုပ်ဆောင်သွားမှာပါ” ဟု တုံ့ပြန်ပြောကြားခဲ့သည်။

ကိုလံဘီယာနိုင်ငံသည် တစ်ချိန်က အမေရိကန်၏ လက်တင်အမေရိကတိုက်ရှိ အစဉ်အလာမဟာမိတ်ဖြစ်ခဲ့သော်လည်း နှစ်နိုင်ငံဆက်ဆံရေးသည် လတ်တလောကာလများအတွင်း တင်းမာမှုများ ရှိလာသည်။ အမေရိကန်ဘက်က လတ်တလောကာလတွင် “မူးယစ်ဆေးဝါးရောင်းချသူများအား တိုက်ဖျက်ခြင်း” ဟူသော အကြောင်းပြချက်ဖြင့် ကာရေဘီယံပင်လယ်နှင့် အရှေ့ပစိဖိတ်သမုဒ္ဒရာ၌ သင်္ဘောများစွာကို တိုက်ခိုက်ခဲ့ရာ ၎င်းအနက် ကိုလံဘီယာမှသင်္ဘောများလည်း ပါဝင်သည်။ ကူညီမှုရပ်တန့်သည်ဟု ထုတ်ပြန်ကြေညာမှုအပြင် ထရမ့်က ကိုလံဘီယာနိုင်ငံအပေါ် စည်းကြပ်ခွန် ထပ်တိုးကောက်ခံမည်ဟုလည်း ခြိမ်းခြောက်ပြောကြားခဲ့သည်။ 


(Xinhua)

#MNP #News #International 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)