မြစ်ဆုံစီမံကိန်းအောင်မြင်ပါက နိုင်ငံတော်နှင့် ကချင်ပြည်နယ်ကို အကျိုးပြုစေမည့် ကုန်ထုတ်စွမ်းအား ပိုမိုတိုးတက်စေမည့် လျှပ်စစ်ဓာတ်အားများ ရရှိရေးနှင့် ရေလမ်းကြောင်း ရာသီမရွေးအသုံးချနိုင်မည့် အခြေအနေများကို ရှင်းလင်းပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြစ်ဆုံစီမံကိန်းအောင်မြင်ပါက နိုင်ငံတော်နှင့် ကချင်ပြည်နယ်ကို အကျိုးပြုစေမည့် ကုန်ထုတ်စွမ်းအား ပိုမိုတိုးတက်စေမည့် လျှပ်စစ်ဓာတ်အားများ ရရှိရေးနှင့် ရေလမ်းကြောင်း ရာသီမရွေးအသုံးချနိုင်မည့် အခြေအနေများကို ရှင်းလင်းပြောကြား


မြစ်ကြီးနား၊ ဒီဇင်ဘာ ၁၈

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဒီဇင်ဘာ ၁၆ ရက်နေ့က ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ ထည့်သွင်းဆွေးနွေးပြောကြားခဲ့သည်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) က မြစ်ဆုံစီမံကိန်းကို မိမိတိုင်းမှူးလက်ထက်တွင် စတင်အကောင်အထည်ဖော်ခဲ့ပြီး နောက်ဆုံးအဆင့် တမံတည်ဆောက်ရေး စီမံကိန်းစတင်ချိန်နီးမှသာ နိုင်ငံရေးအကျပ်အတည်းနှင့် မမျှော်မှန်းနိုင်သော အကြောင်းတရားများကြောင့် စီမံကိန်းရပ်တန့်ခဲ့ကြောင်း၊ အဆိုပါ စီမံကိန်းတည်ဆောက်ရေးနှင့်ပတ်သက်၍ ဒေသခံပြည်သူများ၊ ဘာသာရေးခေါင်းဆောင်များနှင့် အကျေအလည်ဆွေးနွေးရသည့်အချက်မှာ ငလျင်ကြောပေါ်တွင်ရှိနေသည့်အတွက် တမံပြိုကျပါကဖြစ်ပေါ်လာမည့် အန္တရာယ်များအတွက် မေးခွန်းများအပေါ် တမံတည်ဆောက်မှုဒီဇိုင်း၌ ငလျင်ဒဏ်ခံနိုင်သည့် ဒီဇိုင်းဖြင့်တည်ဆောက်ရန် ဆွေးနွေးခဲ့ကြောင်း၊ အဆိုပါ မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းနေရာသည် စစ်ကိုင်းပြတ်ရွေ့ကြောမှ ၂၅ ဒသမ ၄ ကီလိုမီတာအကွာတွင် ရှိသည့်အတွက် မူလဒီဇိုင်းအရ Maximum Credible Earthquake MCE မဂ္ဂနီကျူ့ ၇ ဒသမ ၁ ခံနိုင်ရန်ရှိစေရန်အတွက် တွက်ချက်ထားသည့် တမံဖြစ်ကြောင်း။

အဆိုပါစီမံကိန်းတွင် မူလက မေခ၊ မလိခမြစ်တစ်လျှောက် စီမံကိန်း ၆ ခု အနက် မြစ်ဆုံ ၆၀၀၀ MW အပါအဝင်စုစုပေါင်း ၁၉၀၉၉ MW စီမံကိန်းရေးဆွဲပြီး ချီဖွေငယ်စ၍ မြစ်ဆုံကို စတင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံလျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် မြစ်ဆုံအမှတ်လက္ခဏာ မပျောက်ပျက်စေရေး တမံအမြင့်နှင့် ထုတ်လုပ်မှုပမာဏ မဂ္ဂါဝပ်နှင့် ပတ်သက်၍ သက်ဆိုင်ရာနှင့် အဆိုပြုနည်းလမ်း ၆ မျိုးဖြင့် အကြိမ်ကြိမ်ဆွေးနွေးပြီး မေခနှင့် မလိခမြစ်ဆုံမှုရေစီးကြောင်းမပျောက် ပျက်စေဘဲ နှစ်နိုင်ငံ ဖြစ်နိုင်ခြေရှိပြီး စီးပွားရေးအရ တွက်ခြေကိုက်နိုင်မည့် အဆိုပြုပုံစံသုံးရပ်ကို ဆန်ခါတင်စိစစ် ခဲ့ပြီး တမံအမျိုးအစား Concrete Face Rock Fill Dam(CFRD) ကွန်ကရစ်မျက်နှာ ကျောက်ဖြည့်တမံ အမျိုးအစားဖြစ်၍ တပ်ဆင်စက်အင်အား ၅၆၀၀ မဂ္ဂါဝပ်ကို အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ငလျင်နှင့်ပတ်သက်၍ စစ်ကိုင်းပြတ်ရွှေ့မှ အကွာအဝေး ၃၀ ဒသမ ၉ မီတာ နေရာရှိ ဇောင်း တူဆည်မှာ မြေသားတမံဖြစ်ပြီး ၆ မဂ္ဂနီ ကျူ့ခံနိုင်ရည်ရှိကြောင်း၊ စစ်ကိုင်းပြတ်‌ရွေ့ကြောပေါ်ရှိ ဖြူးမြို့နယ်အနီး ကွန်းရေလှောင်တမံမှာ ကျောက်ဖြည့် တမံအမျိုးအစားဖြစ်ကာ ၇ ဒသမ ၉ မဂ္ဂနီကျူ့ ခံနိုင်ရည်ရှိကြောင်း၊ အဆိုပါ ဆည်တမံနှစ်ခုသည် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့ရာတွင် တစ်စုံတစ်ရာချို့ယွင်းမှုမရှိ သည်ကို တွေ့ရှိရကြောင်း။

ယခုမြစ်ဆုံတမံ တည်ဆောက်မည့် နေရာတွင် ယခင်ဒီဇိုင်း ၇ ဒသမ ၁ မဂ္ဂနီကျူ့ ဖြင့် တွက်ချက်ထားသော်လည်း ယခုအခါ မန္တလေးငလျင်ကြီး လှုပ်ခတ်မှု ပမာဏ ထက် ပိုမိုခံနိုင်ရည်ရှိသည့် ဒီဇိုင်းကို Asia Charter Professional Engineer (ACPE)အဖွဲ့မှ ပညာရှင်များဖြင့် အကြံပြု တွက်ချက်ပေးသွားမည် ဖြစ်ကြောင်း၊ ရေအောက်ကြမ်းပြင် ထိန်းညှိပေးမည့် လုပ်ငန်းများပါ ထည့်သွင်းထားပြီး နှစ်စဉ်မြစ်ကြီးနားမြို့ ရေဝင်ရေကြီး နစ်မြုပ်မှုမှလည်း ကင်းရှင်းစေမည်ဖြစ်ကြောင်း၊ ဧရာဝတီမြစ်တစ်လျှောက် မြစ်ဝကျွန်းပေါ် ပင်လယ်အဝအထိ နှစ်စဉ်နွေမိုးဆောင်းရေပြင်အမြင့် ၁၀ မီတာ အမြဲရှိပြီး ဧရာဝတီတိုင်းဒေသကြီးမှ မြစ်ကြီးနားထိ မြစ်တွင်းသွား သင်္ဘောကြီး/သင်္ဘောငယ်များ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း၊ အဆိုပါရေအောက်ကြမ်းပြင်မှ ထွက်ရှိလာသည့် နုန်းမြေအနယ်အနှစ်များကိုလည်း ဧရာဝတီမြစ်ဘေးတစ်လျှောက်ရှိ လုပ်ကိုင်နေကြသည့် တောင်သူများ၏ စိုက်ပျိုးမြေများအတွက် သဘာဝကပေးသည့် အဆီ အနှစ်ပြည့်ဝသည့် မြေဩဇာကိုလည်း အသုံးပြုသွားနိုင်မည်ဖြစ်ကြောင်း။

စီမံကိန်းအောင်မြင်ပါက နိုင်ငံတော်နှင့် ကချင်ပြည်နယ်ကို အကျိုးပြုစေမည့် ကုန်ထုတ်စွမ်းအား ပိုမိုတိုးတက်စေမည့် လျှပ်စစ်ဓာတ်အားများ ရရှိရေးနှင့် ရေလမ်းကြောင်း ရာသီမရွေးအသုံးချနိုင်မည့် အခြေအနေများကို ရှင်းလင်းပြောကြားရာ တက်ရောက်လာကြသည့် ဒေသခံ တိုင်းရင်းသားပြည်သူများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများက ကျေနပ်ဝမ်းသာအားရ သဘောကျလက်ခံကြသည်။


#News #MNP 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)