ဒေါက်တာ ခင်သူသူလွင် ဖြစ်စဉ်နှင့် ရက်စက်ပါပေ့ နီပိန်းတွေရယ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒေါက်တာ ခင်သူသူလွင် ဖြစ်စဉ်နှင့် ရက်စက်ပါပေ့ နီပိန်းတွေရယ်



ဆိုရှယ်ပလက်ဖောင်းများမှ ပျံ့နှံ့လာတဲ့ ရုပ်သံတစ်ခုက အမျိုးသမီးတစ်ဦး ကို ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ နီပိန်း ပဒက်များက ဝိုင်းဝန်းဖမ်းဆီးတဲ့ရုပ်သံဖြစ်ပါတယ်။ ဒီရုပ်သံမှာ ပါဝင်သူအမျိုးသမီးက CDM ဆေးရုံအုပ် ဒေါက်တာခင်သူသူလွင် လို့ ဆိုပါတယ်။ ပြည်ဖျက်မီဒီယာများမှာ ရေးသားဖော်ပြနေတာတွေကတော့ NLD အကြမ်းဖက်အဖွဲ့ရဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးတာပါတဲ့။

အမျိုးသမီးတစ်ယောက်ကို အားကောင်းမောင်းသန် ယောက်ျားအရင့်အမာကြီး ၄ယောက်လောက်က ဝိုင်းဖမ်းနေတာမြင်ရတော့ ရွံစရာကောင်းလွန်းလို့ ရုပ်သံကိုတောင် ဆုံးအောင် မကြည့်ဖြစ်ပါဘူး။ ဒီလို အနိဋ္ဌာရုံတွေကို မြင်လည်း မမြင်ချင်၊ ကြားလည်း မကြားချင်တာ အမှန်ပါ။

သို့သော်လည်း လူစိတ်မရှိတဲ့ နီပိန်းတွေ လက်နက်ကိုင်ပြီး လှုပ်ရှားလာတဲ့ ကာလအတွင်း မြင်ရက်စရာမရှိတဲ့ အနိဋ္ဌာရုံမြင်ကွင်းတွေကို မမြင်ချင်လည်း မြင်ရပါတယ်။ မကြားချင်လည်း ကြားနေရပါတယ်။ 

CDM ဆေးရုံအုပ် ဒေါက်တာခင်သူသူလွင်ကို NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေတွေက ဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး ရုပ်သံထွက်လာတာလည်း ပြည်ဖျက်မီဒီယာတွေကနေပဲ စတင်ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။ ဖြစ်စဉ်ကတော့ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်မှာ နိုဝင်ဘာ ၃၀ ရက်နေ့က CDM ‌ဆေးရုံအုပ် ဒေါက်တာ ခင်သူသူလွင်ကို နီပိန်းပဒက် လက်နက်ကိုင် အကြမ်းဖက်အဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်ပါတယ်။

မင်းကင်း နီပိန်းပဒက်တွေက ဒေါက်တာ ခင်သူသူလွင်ဟာ သူ့ကို ငှားရမ်းခဲ့တဲ့ သေနတ်တစ်လက်ကို ပြန်အပ်ဖို့ အကြိမ်ကြိမ်ပြောခဲ့ပေမဲ့ သေနတ်ပြန်မအပ်လို့ အခုလို ဖမ်းဆီးခဲ့တာလို့ အကြမ်းဖက်လှုံ့ဆော်မီဒီယာတွေကနေ ရေးသားဖော်ပြနေကြပါတယ်။ သေနတ်ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှာ ငှားရမ်းခဲ့တာဖြစ်ပြီး ဒေါက်တာ ခင်သူသူလွင် က ပြန်မအပ်လို့ ဖမ်းရပါတယ်ပေါ့။

အော် - နီပိန်းပဒက်များရယ် မင်းတို့လည်း တရားမဝင် လက်နက်ကိုင်ပြီး အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေကြတယ်။ ဒေါက်တာ ခင်သူသူလွင် ဆိုတာလည်း မင်းတို့ရဲ့ အကြမ်းဖက်လမ်းစဉ်နောက်မှာ ပါဝင်ခဲ့သူတစ်ဦးပဲ ဖြစ်တယ်လို့ စဉ်းစားကြည့်ပါလား။ အဲဒီလို ရုပ်ပျက်ဆင်းပျက် ဖြစ်အောင် လုပ်စရာလားကွာ။

ပြည်ဖျက်မီဒီယာတွေက အဲဒီဖြစ်စဉ်နဲ့ ပက်သတ်လို့ ရေးသားဖော်ပြတဲ့အခါကြတော့ NUG အကြမ်းဖက်အဖွဲ့ကပဲ တရားဝင်အဖွဲ့အစည်းလိုလို NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ အကြမ်းဖက်သမားများက ပြည်သူ့ကာကွယ်ရေး လုပ်ဆောင်နေသလိုလို NUG အကြမ်းဖက်အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ က -

လက်ပါးစေ ငမိုက်သားများက “ကျင့်ထုံးဥပဒေ ပုဒ်မ ၄၆ အရ တရားဥပဒေနဲ့အညီ ဖမ်းဆီးခြင်းဖြစ်ပါတယ်။ ကျွန်တ်ောတို့ က သူ့ခန္ဓာကိုယ်ကို ရှာဖွေတာ မဟုတ်ပါဘူး။ ကျင့်ထုံးဥပဒေ ပုဒ်မ ၅၂ မှာ သာလျှင် အမျိုးသမီး အချင်းချင်း ရှာဖွေရမယ်၊ ကာမအိန္ဒြေ စောင့်စည်းပြီးတော့ ရှာဖွေရမယ်လို့ ပါပါတယ်။ အမျိုးသမီးတစ်ဦးကို အမျိုးသားတပ်ဖွဲ့ဝင်က မဖမ်းရဘူးဆိုတာက ဘယ်ဥပဒေမှာမှ ပြဋ္ဌာန်းထားတာမရှိပါဘူး” လို့ တုံ့ပြန်ပါတယ်။

ဒီလိုဖမ်းဆီးပြီးတဲ့နောက်မှာ ဒေါက်တာ ခင်သူသူလွင်အနေနဲ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလကနေ ဩဂုတ်လအထိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ပေးသွင်းရမယ့် အခွန်ငွေ သိန်းပေါင်း ၃,၃၂၀ ကျော်ကို ပေးဖို့ကျန်ရှိနေသေးတယ်ဆိုတဲ့ တိုင်ကြားချက်ရှိလာတဲ့အတွက်လည်း အမှုဖွင့်ပြီး ဆောင်ရွက်နေတယ်လို့ သူက ပြောပါတယ်။

လက်ရှိပြည်သူ့လုံခြုံရေးအဖွဲ့ရဲ့အချုပ်မှာ ထိန်းသိမ်းထားပြီး “ငွေအလွဲသုံးစားပြုလုပ်မှု၊ ယုံကြည်အပ်နှံရေးဖောက်ဖျက်မှု” နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ဒေါက်တာ ခင်သူသူလွင်နဲ့ ရင်းနှီးပြီး အလုပ်လုပ်ကိုင်ခဲ့ဖူးသူတစ်ဦးကတော့ “ဆရာမကြီးက ကောင်းတဲ့ ရပ်တည်ချက်တွေ ရှိသလို၊ ဆိုးတဲ့ရပ်တည်ချက်တွေလည်း ရှိတယ်။ ဒေသခံတွေအပေါ်ကိုတော့ ဆရာမကြီးက တကယ်ကြည့်ခဲ့တယ်။ ဆရာမကြီး ပေးခဲ့တဲ့ အဖွဲ့အစည်းက လက်နက်မရှိဘူး။ ပေးလိုက်တာတော့ ဟုတ်တယ်။ ဒါပေမယ့် ဟိုဘက်မှာတော့ ငှားတယ်ဆိုတဲ့ပုံစံမျိုးနဲ့ ချပေးလိုက်တယ်။ ဒါပေမယ့် ပေးလိုက်တဲ့ အဖွဲ့အစည်းကို NUG ဘက်က အဖွဲ့အစည်းတွေက မကြည်ဘူး။ အဲဒီပွတ်တိုက်မှုကို ဆရာမကြီးက ကြားထဲကနေ ခံလိုက်ရတာ” လို့ သူက ပြောပါတယ်။

နောက်ပြီး ဒေါက်တာ ခင်သူသူလွင်ဟာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလမှာ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံ ရာထူးကနေ ရပ်နားခံရတယ်လို့ ဆိုပေမဲ့ အဲဒီကာလ မတိုင်ခင်ကပဲ သဘောထားချင်းမတိုက်ဆိုင်လို့ သူကိုယ်တိုင် နှုတ်ထွက်ခဲ့တာလို့ သူက ဆက်ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်ထဲရေး ဝန်ကြီးဌာနကတော့ ဒေါက်တာ ခင်သူသူလွင်ကို ငှားရမ်းခဲ့တဲ့ AK 47 ရိုင်ဖယ်သေနတ်ကို ပြန်မအပ်တာ၊ ပအဖ တာဝန်ထမ်းဆောင်ခဲ့အပြီးမှာ လွှဲပြောင်းဖို့ရှိတဲ့ ငွေကြေးတွေကို လက်ရှိ တာဝန်ထမ်းဆောင်ဆဲ မြို့နယ် ပအဖကို လွှဲပြောင်းတာ မရှိတဲ့အတွက် ဖမ်းဆီးခဲ့တာလို့ ဒီနေ့ ညနေပိုင်းမှာပဲ သတင်းထုတ်ပြန်ပါတယ်။

ဖမ်းဆီးချိန်မှာ အမျိုးသမီးရဲမေ မထည့်ပေးနိုင်ခဲ့တာနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်မှုအခြေအနေ လူမှုကွန်ရက်ပေါ် ပျံ့နှံ့ခဲ့ပြီးနောက် ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး လူထု စိတ်မချမ်းမြေ့ဖြစ်ရတာကို တောင်းပန်တယ်လို့လည်း ပြောပါတယ်။

ဒေါက်တာခင်သူသူလွင် အမှုနဲ့ပတ်သက်ပြီး ဥပေဒနဲ့အညီ ဆက်လက်ဆောင်ရွက်မယ်လို့လည်း NUG ပြည်ထဲရေးဌာနက သတင်းထုတ်ပါသတဲ့။

ဒီလို ဖြစ်စဉ်ဖြစ်ရပ်တွေကို ကြည့်တဲ့အခါ တရားဝင်အစိုးရရဲ့ လက်အောက်ခံ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေဟာ အကြမ်းဖက်လှုပ်ရှားမှုတွေကို အလေးထား နှိမ်နင်းခြင်း မရှိတဲ့အတွက်ကြောင့်သာ ပြည်ပြေး ဝရမ်းပြေး အကြမ်းဖက်အဖွဲ့နဲ့ သူတို့ရဲ့ လက်ပါးစေ ငမိုက်သားတွေဟာ သဏ္ဍာန်လုပ် သရုပ်တူစွာ ပဒီးပဒါးတွေ လုပ်ကြံဖန်တီး ပြောဆိုနေကြခြင်း အဖြစ်သာ ရှုမြင်မိပါတယ်။ ဒေသဆိုင်ရာ အာဏာပိုင်တွေကသာ မိမိတို့ နယ်မြေဒေသအတွင်း အကြမ်းဖက်နှိမ်နင်းရေးကို အလေးထား လုပ်ဆောင်ကြမယ်ဆိုရင် ဒီလိုဖြစ်စဉ် ဖြစ်ရပ်မျိုးတွေ မြင်ရ၊ ကြားရမှာ မဟုတ်တော့ပါဘူး။

တိုင်းဒေသကြီးတာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ် တာဝန်ရှိသူများ က အကြမ်းဖက်သမားများကို မွေးထားမှာလားလို့သာ မေးချင်မိပါတယ်။


နောင်တော်လေး (ဘိုကလေး)

#MNP #Article

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)