(၂၄)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်း ဆေးပညာ နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၂၄)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်း ဆေးပညာ နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ



နေပြည်တော်၊ ဒီဇင်ဘာ ၁၆

(၂၄)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေး ပညာနှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိမြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁)၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တပ်မတော်မှအရာရှိကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြား သံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးတာဝန်ခံများ၊ မြန်မာနိုင်ငံဆေးကောင်စီ၊ တိုင်းရင်းဆေးကောင်စီ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့နှင့် မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်းတို့မှ တာဝန်ရှိသူများ၊ အစိုးရမဟုတ်သော အသင်း/အဖွဲ့များ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဝါး ထုတ်လုပ်သူများ၊ ဆေးပစ္စည်း လုပ်ငန်းရှင်များနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

ဦးစွာ (၂၄)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့ တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲဖွင့်ပွဲအခမ်းအနားကို ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စုစုဒွေး ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ ဥက္ကဋ္ဌ ဦးမြင့်ဦး၊ တိုင်းရင်းဆေး ပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ ဦးမိတ် နှင့် မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း ဒုတိယဥက္ကဋ္ဌ ဦးအောင်ထပ် နှင့် မြန်မာနိုင်ငံတိုင်းရင်းဆေးဝါး ထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ ဦးမောင်မောင်ဦး တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် နိုင်ငံတော် ဝန်ကြီးချုပ် ဦးညိုစော က (၂၄)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ် ပွဲအခမ်းအနားကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။

၎င်းနောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ (၂၄) ကြိမ်မြောက် မြန်မာ့ တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲ ဂုဏ်ပြုတေးသီချင်းဖြစ်သည့် “သမိုင်းသတင်းမွှေးသည့် တိုင်းရင်းဆေး” သီချင်းဖြင့် ကပြ ဖျော်ဖြေတင်ဆက်သည်။

ယင်းနောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှော ဖလှယ်ပွဲသို့ ပေးပို့သည့်ဂုဏ်ပြုမိန့်ခွန်း VideoMessage ကိုဖွင့်လှစ်ပြသသည်။

ဆက်လက်၍ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် တိုင်း ရင်းဆေးကဏ္ဍကို အလေးအနက်ထား၍ အားပေးချီးမြှောက်မြှင့်တင်ပေးလျက်ရှိကြောင်း၊ မြန်မာ့တိုင်းရင်းဆေးပညာရှင်များကို အရည်အချင်းပြည့်ဝသူများဖြစ်အောင် အခြေခံကအစ ဒီပလိုမာအဆင့်၊ ဘွဲ့ရအဆင့် တိုင်းရင်းဆေးပညာ မဟာဘွဲ့အဆင့်အထိ လေ့ကျင့် မွေးထုတ်ပေးနေကြောင်း၊ ယခုညီလာခံတွင် တိုင်းရင်းဆေးသမားတော်ကြီးများအနေဖြင့် မျိုးဆက်သစ် လူငယ်များအတွက် ပညာရပ်ဆိုင်ရာများ၊ အတွေ့အကြုံဗဟုသုတများ နှီးနှောဖလှယ်ပေးနိုင်ခြင်း၊ လက်ဆင့်ကမ်းအမွေပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်သည့်အတွက် မျိုးဆက်သစ်များကလည်း အနာဂတ် မြန်မာ့တိုင်းရင်းဆေးပညာရပ် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆက်လက်ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း။

နိုင်ငံတော်အကြီးအကဲ၏ “ကျန်းမာမှပညာသင်ကြားနိုင်မည်၊ ကျန်းမာမှ အလုပ် လုပ်နိုင်မည်၊ လူ့အသက်ထက် အရေးကြီးသည်မှာ ဘာမှမရှိ” စသည့်လမ်းညွှန်ချက်များကို အကောင်အထည်ဖော်နိုင်ရန်အတွက် မြန်မာ့တိုင်းရင်းဆေးပညာရပ်ကလည်း အရေးပါ သည့် အခန်းကဏ္ဍတွင်ပါဝင်လျက်ရှိကြောင်း၊ မြန်မာ့တိုင်းရင်းဆေးပညာကို ပြည်တွင်း၌ သာမက အာဆီယံနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများ၏ တိုင်းရင်းဆေးဆိုင်ရာကဏ္ဍများနှင့် ရင်ပေါင်တန်းနိုင်သည်အထိ ဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း။

ထို့ကြောင့် မြန်မာ့တိုင်းရင်းဆေးပညာ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်၊ မြန်မာ့တိုင်းရင်း ဆေးဝါးများ အန္တရာယ်ကင်းပြီးဘေးထွက်ဆိုးကျိုးမရှိဘဲ အရည်အသွေးပြည့်ဝကာ ခေတ်မီ ဖွံ့ဖြိုးတိုးတက်စေရန်နှင့်အရည်အသွေးပိုမိုပြည့်ဝသည့် တိုင်းရင်းဆေးဆရာ လူ့စွမ်းအား အရင်းအမြစ်များ ထွက်ပေါ်လာစေရန် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

မြန်မာ့တိုင်းရင်းဆေးပညာ မပျောက်ပျက်အောင်နှင့် ဆေးဝါးများကို သုတေသန ပြုလုပ်ပြီး ပြည်သူလူထု ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်စေရန် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ မြန်မာ့တိုင်းရင်းဆေးပညာ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်အစိုးရ က လည်း အလေးထားပံ့ပိုးအားပေးသွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းဆေးဆိုင်ရာစံချိန်၊ စံညွှန်း များ ပိုမိုတိုးတက် သတ်မှတ်ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့ပြင် ခေတ်မီ စက်ကိရိယာနှင့် နည်းစနစ်များ၊ လိုအပ်သည့်လူအင်အား၊ ဖွံ့ဖြိုးမှုလိုအပ်သည့်ကဏ္ဍများ၊ တတ်မြောက် အောင် သင်ကြားလေ့ကျင့်ပေးခြင်းများကို နိုင်ငံတော်ကပံ့ပိုးဆောင်ရွက် ပေးလျက်ရှိပါကြောင်း။

တိုးတက်လျက်ရှိသည့် မြန်မာ့တိုင်းရင်းဆေးပညာနှင့် ပြည်သူ့အတွက် ဝန်ဆောင် မှုလုပ်ငန်းများကို စေတနာဖြင့်ဆောင်ရွက်သွားကြရန် အထူးမှာကြားလိုကြောင်း၊ မြန်မာ တို့၏ကိုယ်ပိုင်တိုင်းရင်းဆေးအရင်းအမြစ်များ၊တန်ဖိုးထားမှုစံနှုန်းများ မှေးမှိန်ကျဆင်း မသွားအောင် ဆက်လက်ထိန်းသိမ်းမြှင့်တင်ကြရေးသည် မိမိတို့မျိုးဆက်သစ်များ၏ အမျိုးသားရေးတာဝန်နှင့် ဝတ္တရားပင်ဖြစ်ကြောင်းဖြင့် ပြောကြား သည်။

ထို့နောက် တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုများမှတ်တမ်း Video Clip နှင့် “ပြည်ထောင်စုရဲ့အင်အား” တေးသီချင်းဖြင့် ကပြဖျော်ဖြေ တင်ဆက်မှု ကိုကြည့်ရှုကြသည်။

ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် သည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ တိုင်းရင်းဆေးပညာ ဦးစီး ဌာနပြခန်းနှင့် ခင်းကျင်းပြသထားသည့် ဆေးဝါးပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။


#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)