ဗီယင်နာ၊ ဒီဇင်ဘာ ၂၁
အာဆီယံ-ဗီယင်နာကော်မတီ (ASEAN Vienna Committee - AVC) ၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်(၂၀၂၅ခုနှစ် ဇူလိုင်လမှ ဒီဇင်ဘာလအထိ)ယူထားသော မြန်မာသံရုံးနှင့်အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံး၊ ဗီယင်နာမြို့အနေဖြင့် (၆၄) ကြိမ်မြောက် AVC အစည်းအဝေးကို ၁၉-၁၂-၂၀၂၅ ရက်တွင် မြန်မာသံအမတ်ကြီး၏ နေအိမ်၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် AVC ဥက္ကဋ္ဌသံအမတ်ကြီးဦးမင်းသိမ်းက ပြီးခဲ့သည့် ၆ လတာ ကာလအတွင်း အိမ်ရှင်နိုင်ငံနှင့် ဗီယင်နာမြို့အခြေစိုက်နိုင်ငံတကာအဖွဲ့အစည်းများအကြား အာဆီယံ၏ ပုံရိပ်မြှင့်တင်နိုင်ရေးအတွက် အဓိကလှုပ်ရှား ဆောင်ရွက်မှုများအဖြစ် (၅၈) ကြိမ်မြောက် အာဆီယံနေ့ အခမ်းအနားနှင့် အာဆီယံမိသားစုနေ့ ပျော်ပွဲရွှင်ပွဲ (ASEAN Family Day) တို့ကို ဗီယင်နာ အပြည်ပြည်ဆိုင်ရာ စင်တာနှင့် ဒိုနောင်းပန်းခြံတို့၌ ၂၀-၈-၂၀၂၅ ရက်နှင့် ၁၉-၁၀-၂၀၂၅ ရက်တို့တွင် အသီးသီး ကျင်းပခဲ့ကြောင်း၊ ထို့ပြင် ဩစတြီးယားနိုင်ငံ ဖက်ဒရယ်ဥရောပနှင့် နိုင်ငံတကာရေးရာ ဝန်ကြီးဌာန၌ ၃၀-၉-၂၀၂၅ရက်တွင် အာဆီယံဆိုင်ရာ စားပွဲဝိုင်းဆွေးနွေးဖလှယ်ပွဲကို ကျင်းပခဲ့ရာ၌ အာဆီယံသံရုံး အကြီးအကဲများနှင့် ဖက်ဒရယ်ဝန်ကြီးဌာနနှင့် ဝန်ကြီးချုပ်ရုံးတို့မှ အဆင့်မြင့်အရာရှိကြီး များ အနေဖြင့် အာဆီယံနှင့် ဩစတြီးယားနိုင်ငံ၊ ဥရောပသမဂ္ဂတို့အကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေး အတွက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးနိုင်ခဲ့ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြန်မာသံအမတ်ကြီးက AVC အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ဖိလစ်ပိုင်သံအမတ်ကြီးထံသို့ လွှဲပြောင်း ပေးအပ်ခဲ့သည်။
အစည်းအဝေးအပြီးတွင် မြန်မာသံအမတ်ကြီးက ဗီယင်နာမြို့အခြေစိုက် အာဆီယံသံရုံးများမှ သံအမတ်ကြီး/အမြဲတမ်းကိုယ်စားလှယ်များ၊ သံရုံးယာယီတာဝန်ခံများနှင့် လုပ်ငန်းအဖွဲ့ဝင် အရာရှိများအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
#News #MNP



No comments:
Post a Comment