KK Park နယ်မြေ၊ ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့်ပစ္စည်းများအား မီးရှို့ဖျက်ဆီး၊ မြဝတီမြို့အတွင်း တရားမဝင်ပြည်ပနိုင်ငံသားများနှင့် တရားမဝင်ကုန်ပစ္စည်းများ ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

KK Park နယ်မြေ၊ ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့်ပစ္စည်းများအား မီးရှို့ဖျက်ဆီး၊ မြဝတီမြို့အတွင်း တရားမဝင်ပြည်ပနိုင်ငံသားများနှင့် တရားမဝင်ကုန်ပစ္စည်းများ ဖမ်းဆီးရမိ








နေပြည်တော်၊ ဒီဇင်ဘာ ၂၀

မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အများဆုံးအခြေချလုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင်အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်းခြင်း၊ အွန်လိုင်းလိမ်လည် လောင်းကစားမှုလုပ်ငန်းစဉ်များတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများနှင့် တရားမဝင်အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်းတာဝန်ရှိသူများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မြဝတီမြို့အတွင်း၌လည်း တရားမဝင် ဝင်ရောက်နေထိုင်သူများနှင့် အွန်လိုင်းလောင်းကစားကျူးလွန်သူများအား ဖမ်းဆီးရမိရေးလုံခြုံရေးပူးပေါင်းအဖွဲ့များက သတင်းအရ မြဝတီမြို့ဝန်းကျင်တွင် ရှောင်တခင်စစ်ဆေးခြင်းများ၊ မြဝတီမြို့အဝင်/အထွက် လမ်းကြောင်းနေရာများနှင့် လမ်းဆုံလမ်းခွနေရာများတွင် ပိတ်ဆို့စစ်ဆေးရှာဖွေရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင်လည်း တရားမဝင်အဆောက်အအုံ ၅ လုံးအား ထပ်မံစစ်ဆေးနိုင်ခဲ့ပြီး အဆိုပါအဆောက်အုံများအနက်မှ မြဝတီမြို့၊ မြေနီကုန်းရပ်ကွက်အနီး လူမနေပိတ်ထားသည့် တည်းခိုခန်းအတွင်း၌ တရားမဝင်တရုတ်နိုင်ငံသား အမျိုးသား ၁၅ ဦးအားလည်းကောင်း၊ ဂိုထောင် ၂ လုံးအတွင်း၌ တရားမဝင်ကုန်ပစ္စည်းများဖြစ်သော ကားကြီးတာယာ (ဆိုဒ် TX ၆၀) ၂၀၀ လုံး၊ မိုးကာလိပ်အစိမ်း ၃၀၀၀ လိပ်၊ စက္ကူလိပ် (အကြီး) ၂၀ လိပ်၊ Air Fiter ဘူး (အကြီး) ၂၀ လုံး၊ Air Fiter ဘူး (အသေး) ၃၀ လုံး၊ Battery စက်ဘီး ၁၆ စီး၊ ရေစုပ်မော်တာ (၁ . ၅ ကောင်) ၁၀၀ လုံး၊ Back Hoe ဘီးခွေ ၂၅ ခု၊ တစ်ရှူးဖာမျိုးစုံ ၃၀၀၀ ဖာ၊ စာရေးကိရိယာမျိုးစုံ ၁၀၀၀ ဖာ၊ အလှကုန်ပစ္စည်း ၂၅၀ ထုပ်၊ သွပ်ဖာဆီလီကွန် ၁၈၀၀ ဖာ၊ စက်ဘီး ၂၀ စီး၊ကလေးတွန်းလှည်း ၁၅ ခု၊ စုစုပေါင်း တရားမဝင်ကုန်ပစ္စည်း ၁၄ မျိုးအားလည်းကောင်း သိုလှောင်ထားရှိကြောင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။

အဆိုပါသိမ်းဆည်းရမိတရားမဝင်ကုန်ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ပါဝင်ပတ်သက်သူများအား ဆက်လက်စိစစ်ဖော်ထုတ်ကာ တရားဥပဒေနှင့်အညီ တရားစွဲဆိုအရေးယူဆောင်ရွက်နိုင်ရေးနှင့် ပြည်ပနိုင်ငံသားများအား လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

၎င်းအပြင် မြဝတီမြို့နယ်အတွင်းရှိ KK Park နယ်မြေနှင့် ရွှေကုက္ကိုလ်နယ်မြေတို့၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့်ပစ္စည်းများအား ထပ်မံ၍ အသုံးပြုနိုင်ခြင်းမရှိစေရန်အတွက်ယနေ့တွင်လည်း စနစ်တကျမီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ခြင်းများ ပပျောက်စေရေးကို မြန်မာနိုင်ငံအတွင်း ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်နှိမ်နင်းသွားမည်ဖြစ်ပြီး ၎င်းလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်နေသူများကို ဖော်ထုတ်ဖမ်းဆီး၍ ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေးအိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတာကာအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း၍ တက်ကြွစွာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


#News #MNP 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)