နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ သန်လျင်မြို့ မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ၏ ၂၀၂၆ ခုနှစ် နှစ်သစ်မင်္ဂလာ ကျင့်ဖွယ်ရာ - Myanmar National Post

Myanmar National Post

News Agency

Breaking

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ သန်လျင်မြို့ မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ၏ ၂၀၂၆ ခုနှစ် နှစ်သစ်မင်္ဂလာ ကျင့်ဖွယ်ရာ


ယနေ့သည် ၂၀၂၅ ခုနှစ်ဟုဆိုအပ်သော နှစ်ဟောင်းကုန်ပျောက်၍ ၂ဝ၂၆ ခုနှစ်ဟု ဆိုအပ်သော ကမ္ဘာသူ ကမ္ဘာသားတို့၏ နှစ်သစ်သမယ အချိန်အခါသို့ ရောက်ရှိသည့် မင်္ဂလာအပေါင်းနှင့် ခညောင်းပြည့်စုံသော မင်္ဂလာရှိသော နေ့ထူးနေ့မြတ် ဖြစ်ပါသည်။ ယခုကဲ့သို့ မင်္ဂလာအပေါင်း ခညောင်းပြည့်စုံ ကောင်းမြတ်သောဂုဏ်နှင့်ပြည့်စုံသော ကမ္ဘာ့နှစ်သစ် မင်္ဂလာအချိန်ကာလ သမယမှစ၍ မြန်မာနိုင်ငံသူ နိုင်ငံသားများနှင့် ကမ္ဘာသူကမ္ဘာသား၊ အများသူငါ သတ္တဝါအားလုံးတို့သည် ကျရောက်ဆဲ၊ ကျရောက်လတ္တံ့ဖြစ်သော ဘေးရန်အန္တရာယ်၊ ရန်စွယ်အပေါင်း၊ မကောင်းဟူသမျှ ပြစ်ဒေါသတို့မှ ကင်းစင်ပကြ၍ ကောင်းကျိုးအဖြာဖြာ လိုရာဆန္ဒအဝဝတို့နှင့် ပြည့်စုံနိုင်ကြပါစေကြာင်း ပတ္ထနာမှု တောင်းဆု ပြုလျက် -


“ဗြဟ္မစိုရ်လေးဖြာ၊ တည်ကြခါမှ

သတ္တဝါဟူ၊ ဦးမည်းဖြူတို့

ရှင်လူခပင်း၊ ရောဂါကင်းလျက်

ဘေးရှင်းရန်ကွာ၊ ဆင်းအင်္ဂါနှင့်

ချမ်းသာခွန်အား၊ သက်ရှည်ပွား၏” ဟူသော


မဃဒေဝ လင်္ကာကြီး၌ မိန့်ဆိုထားသည်နှင့်အညီ ဗြဟ္မစိုရ်တရား လေးပါး လက်ကိုင်ထား၍ ပွားများနေထိုင်ကြကုန်သော ပုဂ္ဂိုလ်အပေါင်းတို့အား အနာရောဂါကင်းခြင်း၊ ဘေးရန်အန္တရာယ်မရှိခြင်း၊ ရုပ်ဆင်း အင်္ဂါနှင့်ပြည့်စုံခြင်း၊ ချမ်းသာခြင်း၊ ခွန်အားဗလကြီးမားခြင်း၊ အသက် ရှည်ခြင်းဟူသော အကျိုးတရားများကို ရရှိခံစားနိုင်ကြသဖြင့် ထိုပြဆိုအပ်ခဲ့ပြီးသော အကျိုးတရားများကို မြန်မာနိုင်ငံသူ နိုင်ငံသားများနှင့် ကမ္ဘာသူ ကမ္ဘာသားအားလုံးတို့ နှစ်သစ်မင်္ဂလာအချိန်အခါမှစ၍ ရရှိခံစားနိုင်ကြစေရန် -


- သူတစ်ပါးအား ချမ်းသာစေလိုခြင်း မေတ္တာ၊

- သူတစ်ပါးအား သနားကြင်နာခြင်း ကရုဏာ၊

- ချမ်းသာသော သုခိတသတ္တဝါကို မြင်လျှင် ကြည်လင်သောစိတ်

 ဖြင့် ဝမ်းမြောက်ခြင်း မုဒိတာ၊


- အသင့်အားဖြင့် အညီအမျှ ရှုဆင်ခြင်ခြင်း ဥပေက္ခာဟူသော ဗြဟ္မစိုရ်လေးပါးမြတ်တရားကို နေ့စဉ်ပွားများ လက်ကိုင်ထား၍ ဆောင်ရွက်နိုင်ကြပါစေကြောင်း မေတ္တာရေလောင်း၍ ဆုတောင်း ပတ္ထနာ ပြုအပ်ပါသတည်း။


#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)