ပေါက်ခေါင်း၊ ဇန်နဝါရီ ၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ရှေးဟောင်းသမိုင်းဝင် လေးမျက်နှာစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲ၊ ရွှေသင်္ကန်းကပ်လှူပူဇော်ပွဲနှင့် ဗုဒ္ဓမြတ်စွယ်တော် ဖွင့်လှစ်အပူဇော်ခံပွဲ အခမ်းအနားကို လေးမျက်နှာစေတီတော်မြတ်ကြီး၌ ယနေ့နေ့လည်ပိုင်းကကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ရှေးဦးစွာ လေးမျက်နှာစေတီတော်၏သြဝါဒါစရိယ ဆရာတော်ကြီးဖြစ်တော်မူသော ထောင်ရကျောင်းဆရာတော် ဘဒ္ဒန္တတေဇိန္ဒဆရာတော်ကြီးထံမှ (၈)ပါးသီလကို ခံယူဆောက်တည်ကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်နိုင်သူဦးက သာသနာရေးဆိုင်ရာကိစ္စများကို လျှောက်ထားကာ လေးမျက်နှာစေတီတော် ဩဝါဒါစရိယ ဆရာတော်ကြီးဖြစ်တော်မူသော သရက်တောကျောင်းဆရာတော်ကြီးထံမှ ဩဝါဒကထာ နာယူခဲ့ကြကြောင်းသိရသည်။
ဆက်လက်၍ လေးမျက်နှာစေတီတော် သြဝါဒါစရိယ ဆရာတော်ကြီးများဦးဆောင်လျက် ဂေါပကအဖွဲ့ဥက္ကဌနှင့် အတွင်းရေးမှူးအဖွဲ့တို့မှ ပါဝင်ကူညီပြီး ဗုဒ္ဓမြတ်စွယ်တော် ကိန်းဝပ်ရာ ဂန္ဓာကုဋိတိုက်ကိုဖွင့်လှစ်၍ ဗုဒ္ဓမြတ်စွယ်တော်ကို ပင့်ဆောင်ကာ ဆရာတော်ကြီးများထံမှတဆင့် လက်ဆင့်ကမ်းပင့်ဆောင်ပြီးနောက် ပွဲတော်ကျင်းပရေးကော်မတီဝင်များ၊ ဂေါပကအဖွဲ့နှင့် ဗုဒ္ဓဝေယျာဝစ္စအဖွဲ့များ၊ ဧည့်သည်တော်များခြံရံလိုက်ပါလျှက် လေးမျက်နှာစေတီတော်မြတ်အား လက်ျာရစ်(၃)ပတ် လှည့်လည်ပင့်ဆောင်ခဲ့ပြီး အများပြည်သူဖူးမြော်ကြည်ညိုနိုင်စေရန် ယာယီကိန်းဝပ်စံပါယ်တော်မူမည့် ရွှေပလ္လင်တော်ပေါ်သို့ ပင့်ဆောင်ကာ အပူဇော်ခံထားရှိကြောင်းသိရသည်။
ဖုန်းကျော်ဇင်
#MNP #News









No comments:
Post a Comment