နိုင်ငံတော်အစိုးရက ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်များနဲ့အညီ နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိစေရန် ဆောင်ရွက်ပေးနေပြီဖြစ်သည်။ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့သည် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်လျှောက်ရှိရန် ပထမဆုံး ခြေလှမ်းဟုဆိုနိုင်သည်။
ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရန် ပထမဆုံးခြေတစ်လှမ်းဟုဆိုရသော်လည်း ထိုအဆင့်ကို ရောက်ရှိဖို့ရာ ဘက်ပေါင်းစုံမှ စနစ်တကျ ပြင်ဆင်ဆောင်ရွက်ခဲ့ရသည်။ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရန်၊ နိုင်ငံတကာက အသိအမှတ်ပြုသည့် ရွေးကောက်ပွဲဖြစ်စေရန် ကြိုတင်ပြင်ဆင်မှုများစွာ လုပ်ဆောင်ခဲ့ရသည်။
၂၀၂၅ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ပြီးဆုံးချိန်တွင် နိုင်ငံတကာစောင့်ကြည့်လေ့လာရေးအဖွဲ့ ဦးဆောင်သူများက အမှားအယွင်းမရှိ၊ အဆင့်အတန်းမြင့်သော ရွေးကောက်ပွဲအဖြစ် မှတ်ချက်ပြု ပြောဆိုခဲ့သည်ကို ကြည့်ခြင်းအားဖြင့် ပြည်သူတို့၏ ဆန္ဒဖြစ်သော ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြသူအားလုံးကို ကျေးဇူးတင်ထိုက်သည်။ ကျေးဇူးတင်ရမည်။
ဒီဇင်ဘာ ၂၈ ရက်နေ့ မဲပေးစဉ်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား သတင်းထောက်များက မေးမြန်းရာတွင် ဗိုလ်ချုပ်မှူးကြီးက လွတ်လပ်ပြီး တရားမျှတသောရွေးကောက်ပွဲ ဖြစ်ရမယ်။ တပ်မတော်က လုပ်တာ၊ နာမည်ပျက်မခံဘူး ဟု ပြောဆိုသွားခြင်းကို ကြည့်ခြင်းအားဖြင့် ပြည်သူများ၏ အဆုံးအဖြတ်၊ ပြည်သူများ၏ ဆန္ဒအမှန်ဖြင့် ပေါ်ပေါက်လာသည့် အစိုးရကို လက်ခံသွားမည်ဟု ဆိုလိုက်ခြင်းပင်ဖြစ်သည်။
ယနေ့ ၂၀၂၆ ခုနှစ်၏ ပထမဆုံးနေ့သစ်တစ်ရက်ဟု ဆိုနိုင်သည်။ ဗိုလ်ချုပ်မှူးကြီး က ၂၀၂၆ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြားရာတွင် "၂၀၂၅ ခုနှစ်အတွင်းမှာ အရေးပါတဲ့ ပြောင်းလဲမှုများစွာ ဖြစ်ပေါ်ခဲ့ပါတယ်။ မိတ်ဆွေနိုင်ငံများနဲ့ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးကို တိုးမြှင့်တည်ဆောက်နိုင်ခဲ့သလို၊ ပြည်တွင်းထုတ်ကုန်တွေကို ပြည်ပဈေးကွက်ရရှိစေဖို့နဲ့ ပြည်တွင်းမှာ အဓိကလိုအပ်နေတဲ့ နေရာတွေမှာ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှု တွေ တိုးမြှင့်လာစေဖို့ အတွက်ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ထာဝရ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ရဲ့ ၁၀ နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားအပါအဝင် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုတွေကိုလည်း ဆောင်ရွက်နိုင်ခဲ့ပြီး ငြိမ်းချမ်းရေးအတွက် အရေးပါတဲ့ အခြေခံအုတ်မြစ်တွေကို ချမှတ် နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ အစိုးရကာလအတွင်း တွေ့ဆုံဆွေးနွေး မှုတွေကနေ ရရှိလာတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးအတွက် လက်တွဲပူးပေါင်း အကောင်အထည်ဖော်မယ် ဆိုတဲ့ အချက်တွေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)မှာ ပြင်ဆင်နိုင်ရေးအတွက် အချက် ၄၃ ချက်တို့ကို သဘောတူညီခဲ့ကြ ပြီးဖြစ်လို့ ဖြစ်ပေါ်လာမယ့် လွှတ်တော်မှာဆွေးနွေးပြီး ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ နိုင်ငံတော်တာဝန်ယူစဉ် ကာလ တစ်လျှောက်လုံး နိုင်ငံတော်တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားဆောင်ရွက်ခဲ့ပါတယ်။ ရွေးကောက်ပွဲပြီးတဲ့ကာလမှာ ထွက်ပေါ် လာမယ့်အစိုးရကို နိုင်ငံ့တာဝန်တွေ လွှဲပြောင်းပေးအပ်ပြီး ဒုတိယ စာမျက်နှာကို အကောင်းဆုံးဖြစ်အောင် ထမ်းဆောင်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမှာပဲ ဖြစ်ပါတယ်။
ယခု ကူးပြောင်းရောက်ရှိတဲ့ ၂၀၂၆ ခုနှစ်ဟာ ကျွန်တော်တို့ နိုင်ငံအတွက် မင်္ဂလာရှိတဲ့ နှစ်သစ်၊ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ကို ပြန်လည်တည်ဆောက်နိုင်မယ့်နှစ်လို့ ယုံကြည်ပါတယ်။ ပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေတဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မယ့် နှစ်တစ်နှစ်ဖြစ်ပြီး တိုင်းရင်းသားပြည်သူအားလုံးရဲ့ လူမှုစီးပွားဘဝ တွေ ဖွံ့ဖြိုးတိုးတက်လာမယ့်နှစ်လို့လည်း ယုံကြည်ပါတယ်။ ဒါ့ကြောင့် ၂၀၂၆ ခုနှစ်မှာ ကျွန်တော်တို့တစ်တွေဟာ နှစ်ဟောင်းက အတွေ့ အကြုံတွေကို သင်ခန်းစာယူပြီး နိုင်ငံနဲ့လူမျိုးကိုချစ်တဲ့စိတ်၊ ပြည်ထောင်စု စိတ်ဓာတ်တွေကို အခြေခံကာ အချင်းချင်းစည်းလုံး ညီညွတ်မှု၊ နားလည်ယုံကြည်မှုများနဲ့ အောင်မြင်အောင် ကျော်လွှား သွားကြရပါမယ်။ ၂၀၂၆ ခုနှစ်ဟာ မိဘပြည်သူတိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံးရဲ့ အောင်ပွဲဖြစ်တဲ့ ဒီမိုကရေစီ ပန်းတိုင်ကိုအရောက်လှမ်းပြီး နိုင်ငံအတွက် သမိုင်းကောင်းအမွေကို လက်ဆင့်ကမ်းပေးကြဖို့ တိုက်တွန်းမှာကြား လိုပါတယ်။" ဟု ပြောဆိုသွားခြင်းကို ထောက်ရှုခြင်းအားဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ စတင်ရောက်ရှိခဲ့သည့် ၂၀၁၀ ကာလမှ အစပြု၍ တိုင်းရင်းသားပါတီအဖွဲ့အစည်းများ လိုလားတောင်းတလျက်ရှိသော ဖွဲ့စည်းပုံပြင်ဆင်ရေးသည်လည်း ၂၀၂၆ လွှတ်တော်ပေါ်ပေါက်လာသည်နှင့် မနှေးအမြန် ဖြစ်ပေါ်လာမည်။
မျက်မှောက်ကာလတွင် အဖျက်အမှောင့်များ ရှိနေသည့်ကြားမှ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဆောင်ရွက်လျက်ရှိရာ အဖျက်အမှောင့်များသာ မရှိပါက တိုင်းရင်းသားပြည်သူတစ်ရပ်လုံးသည် အေးချမ်းပျော်ရွှင်စွာဖြင့် မင်္ဂလာရှိသော နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်အောင် အတူတကွ လက်တွဲဆောင်ရွက်နိုင်မည်မှာ မလွဲဧကန်ပင် ဖြစ်သည်။
အထူးအားဖြင့် တိုင်းရင်းသားလက်နက်ကိုင်အမည်ခံ ပြည်ပသြဇာခံအဖွဲ့များ၏ လက်ပါးစေများအဖြစ်ဖြင့် တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသော တိုင်းရင်းသားပြည်သူ လူငယ်လူရွယ်များ အနေဖြင့် အကြမ်းဖက်လမ်းစဉ်ကို စွန့်လွှတ်၍ တိုင်းပြည်တည်ဆောက်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်သင့်သည့် အချိန်ကောင်း အခါကောင်းဖြစ်သည်။ ကိုယ့်တိုင်းရင်းသား ပြည်သူအချင်းချင်း ရက်စက်စွာ သတ်ဖြတ်၍ ကိုယ်ကျိုးရှာနေသမျှ ကာလပတ်လုံး ကောင်းမွန်သော အရွေ့ကို ရောက်မည်မဟုတ်ပါ။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် ပြည်ပနိုင်ငံများ၏ အထောက်အပံ့ကို ရယူပြီး လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများကို ရည်ရွယ်ချက်ရှိရှိ ဖန်တီးနေသူများဖြစ်ပြီး ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်နေသည်ကို ရှင်းလင်းစွာ သိမြင်နားလည်ကြဖို့ လိုပါသည်။
အချုပ်အားဖြင့် ပြည်သူလူထုလိုလားတောင်းတသည့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်။ ရွေးကောက်ပွဲအပိုင်း(၁)တွင် ပါဝင်သည့် မြို့နယ် (၁၀၂)မြို့နယ်မှ မဲဆန္ဒရှင်ပြည်သူများက တိုင်းကျိုးပြည်ပြု ဆောင်ရွက်မည့် ကိုယ်စားလှယ်များကို ရွေးချယ်ထားပြီးဖြစ်သည်။ အလားတူစွာ ရွေးကောက်ပွဲအပိုင်း(၂)၊ အပိုင်း(၃)တို့ကို ဆက်လက်ကျင်းပပြီးနောက် လွှတ်တော်မှ ပြည်သူလူထုရွေးကောက်တင်မြှောက်ထားသည့် ကိုယ်စားလှယ်များဖြင့် ပြည်သူ့အစိုးရကို ဖွဲ့စည်းကား ပြည်သူလူထုအကျိုးကို ဦးထိပ်ထား ဆောင်ရွက်ကြရမည် ဖြစ်သည်။
ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခြင်းသည် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှု၊ ပြည်သူများ၏ နိုင်ငံရေးအသိအမြင် ကျယ်ပြန့်မှုကို မီးမောင်းထိုးပြလျက်ရှိရာ ပြည်ပသြဇာခံ ပြည်ဖျက်မိစ္ဆာများက မည်သို့ပင် နှောက်ယှက်ဖျက်ဆီးနေစေကာမူ ဒီမိုကရေစီ လမ်းကြောင်းပေါ် မလွဲဧကန် ရောက်ရှိမည်ဖြစ်သည်။
တိုင်းရင်းသားပြည်သူများအနေဖြင့် ပြည်ပသြဇာခံ ပြည်ဖျက်မိစ္ဆာများ၏ သွေးထိုးလှုံ့ဆော်မှုများကို နားမယောင်ဘဲ ကျက်သရေ မင်္ဂလာရှိသော မြန်မာနိုင်ငံတော်ကြီးကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်ရာတွင် တစ်ဦးချင်း၊ တစ်ယောက်ချင်းကစ အမုန်းတရားများကို ရှောင်ရှား၍ ကောင်းမွန်မှန်ကန်သော စိတ်ထားဖြင့် အချင်းချင်း ရိုင်းပင်းကူညီကာ မင်္ဂလာရှိသော မြန်မာနိုင်ငံတော်ကြီးကို အတူလက်တွဲ တည်ဆောက်ကြပါစို့ ။ ။
#Editorial #MNP

No comments:
Post a Comment