ကျွန်မအနေနဲ့ ဒီနေ့မှာ ၁၉၆၁ ခုနှစ် မူဂျာဟစ်လက်နက်ကိုင်အဖွဲ့တွေရဲ့ လက်နက်ချအခမ်းအနားမှာ ဗိုလ်မှူးချုပ်အောင်ကြီး မိန့်ခွန်းပြောသွားတဲ့အထဲမှာပါဝင်တဲ့ ရိုဟင်ဂျာဆိုတဲ့စကားလုံးနဲ့ ပတ်သက်ပြီး ဆွေးနွေးမှာဖြစ်ပါတယ်။
ပထမအချက်အနေနဲ့ ကျွန်မဆွေးနွေးချင်တာက ဗိုလ်မှူးချုပ်အောင်ကြီးအနေနဲ့ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို သုံးတဲ့အခါမှာ မူဂျာဟစ်လက်နက်ကိုင်အဖွဲ့တွေကနေ သူတို့တွေကို ဘင်္ဂါလီလို့မသုံးဘဲနဲ့ ရိုဟင်ဂျာလို့ပဲ သုံးပေးပါလို့ တောင်းဆိုတဲ့အခါမှာ အစိုးရရဲ့ အာဏာသက်ရောက်စေဖို့အတွက် လိုက်လျောတဲ့သဘောအနေနဲ့ ဗိုလ်မှူးချုပ် အောင်ကြီးက ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို အသုံးပြုခဲ့ခြင်းဖြစ်ပါတယ်။
ဒုတိယအချက်အနေနဲ့ အဲဒီလိုသုံးတဲ့အခါမှာ ဗိုလ်မှူးချုပ်အောင်ကြီးအနေနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသတွေမှာရှိတဲ့ ဘင်္ဂါလီတွေနဲ့ အခုမူဂျာဟစ်တွေ တောင်းဆိုတဲ့ ရိုဟင်ဂျာဆိုတာက မတူပါဘူးဆိုတဲ့ စကားလုံးကို လုံးဝသုံးသွားခြင်း မရှိပါဘူး။
တတိယအချက်အနေနဲ့ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းဆက်စပ်နေတဲ့ နယ်စပ်တစ်လျှောက်မှာဆိုရင် ဟိုဘက်သည်ဘက်မှာ တိုင်းရင်းသားလူမျိုးစုတွေက နေထိုင်ကြပါတယ်။ ဥပမာဆိုရင် မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ နယ်နိမိတ်ထိစပ်နေတဲ့ နေရာတွေမှာဆိုရင် လီဆူး၊ အီကော၊ လဝဆိုတဲ့ လူမျိုးတွေ နေထိုင်ကြသလိုပဲ မြန်မာနဲ့ ထိုင်းနိုင်ငံ နယ်စပ်တစ်လျှောက်မှာဆိုရင် တိုင်၊ မွန်၊ ကယန်းလူမျိုးတွေ နေထိုင်ကြတယ်။ ဒါကြောင့်မို့ မြန်မာနိုင်ငံနဲ့ အရင်ကခေါ်တဲ့ မေယုနယ်ခြား၊ အခုကျတော့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာတင်ပဲ ဘင်္ဂါလီလူမျိုးတွေက ဟိုဘက်သည်ဘက် နေထိုင်ကြတာမျိုး မဟုတ်ပါဘူး။ အရင့် အရင်ကတည်းက တခြားသော ကျွန်မတို့ တရုတ်နဲ့ မြန်မာနယ်စပ်မှာ၊ တရုတ်နဲ့ ထိုင်းနယ်စပ်မှာ လူမျိုးစုတွေ နေထိုင်ကြတာရှိပါတယ်။ ဥပမာဆိုရင် မြန်မာနိုင်ငံမှာ ရှမ်းလို့သိထားပြီး တရုတ်မှာဆိုရင် တိုင်လူမျိုးစုလို့ သိထားပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာမှာလည်း ဘင်္ဂါလီလူမျိုးစုတွေ နေထိုင်ပြီးတော့ မြန်မာဘက်မှာတော့ ရိုဟင်ဂျာဆိုပြီး တော့ သုံးနှုန်းလိုက်ခြင်းဖြစ်ပါတယ်။ အဲဒါကလည်း ဗိုလ်မှူးချုပ်အောင်ကြီးရဲ့မိန့်ခွန်းမှာ သူရဲ့ဆိုလိုရင်း အဓိပ္ပာယ်က ဟိုဘက် ဒီဘက်မှာ နေထိုင်ကြတဲ့လူမျိုး တွေဖြစ်တယ်ဆိုတဲ့ သဘောမျိုးနဲ့ ပြောသွားခြင်း ဖြစ်တယ်လို့ ကျွန်မလေ့လာတွေ့ရှိရပါတယ်။
တစ်ဆက်တည်းမှာပဲ ဗိုလ်မှူးချုပ်အောင်ကြီး မိန့်ခွန်းနဲ့ပတ်သက်ပြီး ဒီရိုဟင်ဂျာဆိုတဲ့ စကားလုံးအသုံးအနှုန်းက မြန်မာ့အသံ၊ အသံလွှင့်ဌာနရဲ့ ရိုဟင်ဂျာအစီအစဉ်နဲ့ပတ်သက်ပြီးတော့ တွေ့ရှိထား တဲ့ အချက်အလက်တွေကို ဆွေးနွေးချင်တာပါ။ ပထမဦးဆုံးပြောရမယ်ဆိုရင် ရိုဟင်ဂျာအသံလွှင့် အစီအစဉ်ဆိုတာ ဖြစ်လာတဲ့အကြောင်းအရာကို ပြောချင်တာပါ။ ဒုတိယကမ္ဘာစစ်ကတည်းက နိုင်ငံခြားလူမျိုးစုနဲ့ပတ်သက်တဲ့ အစီအစဉ်တွေက မြန်မာပြည်မှာ ထုတ်လွှင့်နေပါပြီ။ ဥပမာပြောရရင် တမီလ်ဘာသာစကားနဲ့ပတ်သက်တဲ့ အသံလွှင့်အစီအစဉ်၊ ဘင်္ဂါလီအသံလွှင့်အစီအစဉ်၊ ဟိန္ဒူစတန်နီ ဘာသာစကားနဲ့ပတ်သက်တဲ့ အသံလွှင့်အစီအစဉ်ဆိုပြီး ရှိခဲ့ပါတယ်။ ဒါပေမယ့် ၁၉၆၁ ခုနှစ်ရောက်တဲ့ အခါမှာ ဗိုလ်မှူးချုပ်အောင်ကြီးနဲ့ မူဂျာဟစ်လက်နက်ကိုင်တွေရဲ့ တောင်းဆိုချက်အရ ဒီဘင်္ဂါလီအစား ရိုဟင်ဂျာလို့ သုံးလိုက်တဲ့အတွက်ကြောင့်မို့ ဘင်္ဂါလီ ဘာသာစကားအသံလွှင့်ဌာနကနေပြီး ရိုဟင်ဂျာ အသံလွှင့်အစီအစဉ်ဆိုပြီး ပြောင်းလဲသွားတာဖြစ်ပါတယ်။ အဲဒီမှာလည်း ကျွန်မတို့ တွေ့ရှိချက်အရဆိုရင် အဲဒီအချိန် မြန်မာ့အသံမှာ တိုင်းရင်းသားဘာသာ အစီအစဉ်နဲ့ နယ်ခြားဒေသ လူမျိုးစုအစီအစဉ်ဆိုပြီး နှစ်ခုကို ခွဲထားပါတယ်။ ဘင်္ဂါလီဆိုတဲ့ ရိုဟင်ဂျာအသံလွှင့်အစီအစဉ်က တိုင်းရင်းသားမဟုတ်တဲ့အတွက်ကြောင့် အဲဒီအချိန်ကတည်းကိုက နယ်ခြားဒေသ လူမျိုးစုအစီအစဉ်ဆိုပြီး ထည့်သွင်းထားတာကို ၁၉၆၁ ခုနှစ် နေ့စဉ်ထုတ်သတင်းစာတွေမှာ လေ့လာတွေ့ရှိခဲ့ရပါတယ်။
ဒေါက်တာဆင့်ဆင့်မြတ် (တွဲဖက်ပါမောက္ခ)
နိုင်ငံတကာဆက်ဆံရေးပညာဌာန
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် (YUFL)
#MNP #News

No comments:
Post a Comment