နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်ထားရှိမှု အခြေအနေများအားစစ်ဆေး၊ တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်ထားရှိမှု အခြေအနေများအားစစ်ဆေး၊ တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား









နေပြည်တော်၊ ဇန်နဝါရီ ၁၉

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကာကွယ်ရေးဦးစီးချုပ် ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် တြိဂံဒေသ တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းနယ်မြေလုံခြုံရေးဆောင်ရွက်ထားရှိမှု အခြေအနေများ အား သွားရောက်စစ်ဆေးပြီး တပ်နယ်မိသားစုများအားတွေ့ဆုံ အမှာစကားပြောကြားသည်။

ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တြိဂံဒေသတိုင်းစစ်ဌာနချုပ်သို့ ရောက်ရှိကြရာ အစည်းအဝေးခန်းမ၌ တိုင်းမှူး ဗိုလ်ချုပ် စိုးလှိုင်က နယ်စပ်ဒေသလုံခြုံရေးဆိုင် ရာများနှင့် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိမှု၊ တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ပပျောက်ရေးဆောင်ရွက်လျက်ရှိမှု၊ မူးယစ်ဆေးဝါးများဖမ်းဆီးရမိမှုနှင့် မူးယစ်ဆေး ဝါးတားဆီးကာကွယ်နှိမ်နင်းရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ အကြောင်း အမျိုးမျိုးကြောင့် ပိတ်ထားရသည့် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ ရွေးကောက်ပွဲအပိုင်း(၁)နှင့် (၂) အား အောင်မြင်စွာ ကျင်းပနိုင်ခဲ့ မှုနှင့်အပိုင်း(၃) ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ တရားမဝင်နိုင်ငံခြားသားများ ဖမ်းဆီးရမိမှု၊ တရားမဝင်ကုန်သွယ်မှုများ ဖမ်းဆီးရမိမှု၊ စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ဆိုင်ရာကိစ္စရပ်များ၊ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မှု၊ တပ်ပိုင်နှင့်တစ်ပိုင်တစ်နိုင်ငံ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ တပ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် အသား၊ ငါး နှင့်ဥများအား အရာ ရှိ၊ စစ်သည်မိသားစုဝင်များနှင့် ဒေသခံ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနိုင်မှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

တင်ပြမှုများအပေါ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တြိဂံဒေသတိုင်းစစ်ဌာနချုပ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများ၊မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်မှုများမရှိစေရေး အလေးထားဆောင်ရွက်သွားရန်၊ ဒေသအတွင်း ပညာသင်ကြားရေးအတွက် အခြေခံပညာကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝိုင်းဝန်းဆောင်ရွက်သွား ရန်၊ နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးအတွက် စနစ်တကျ ဆောင် ရွက်သွားရန်၊ တပ်မတော်သားများနှင့်မိသားစုဝင်များ၏ သက်သာချောင်ချိရေးအတွက် တပ်ပိုင်စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်သွားရန် နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ ပြည်ငြိမ်း အေးခန်းမ၌ တပ်နယ်မှအရာရှိ၊ စစ်သည် မိသားစုများအား တွေ့ဆုံအမှာစကား ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ ကော်မရှင်အတွင်းရေးမှူးဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှအဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ ကျိုင်းတုံတပ်နယ်မှ အရာရှိ၊ စစ်သည်မိသားစုများ တက်ရောက်ကြသည်။

အား ထိုသို့တွေ့ဆုံအမှာစကားပြောကြားရာတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေ အနေဖြင့် ၂၀၂၅ ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၁)နှင့် (၂) အောင်မြင်စွာကျင်းပနိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ မကြာမီကျင်းပမည့် အပိုင်း(၃)ကို လည်းအောင်အောင်မြင်မြင်ဖြင့် ကျင်းပနိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံရေးအစိုးရများ မည်ကဲ့သို့ပင် ပြောင်းလဲသည်ဖြစ်စေနိုင်ငံတော်လုံခြုံရေးနှင့်ကာကွယ်ရေး တာဝန်များကို ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် လွတ်လပ်ရေးရရှိပြီးချိန်မှစ၍ နိုင်ငံတော်တွင်ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများကို ဖြေရှင်းနေရသည်ကိုသမိုင်းကြောင်း အထောက် အထားများအရသိရှိနိုင်ကြောင်း၊ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများကို ထိန်းသိမ်းဆောင်ရွက်ရမည်မှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏တာဝန်ဖြစ်သော်လည်း လိုအပ်ချက်အရ တပ်မတော်မှပါဝင်ဆောင်ရွက် နေရခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကိုလည်း စွမ်းရည်မြှင့်တင်ရေးဆောင်ရွက် ပေးလျက်ရှိကြောင်း၊ တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နေခြင်းဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် စွမ်းရည်နှင့်စွမ်း ပကားများရှိရန်လိုကြောင်း၊ အရည်အချင်းပြည့်ဝသည့် တပ်မတော် တိုက်စွမ်းအား ရှိသည့်တပ်မတော် ဖြစ်ရန်လိုကြောင်း၊ ထိုသို့အရည်အချင်း ပြည့်ဝရန်အတွက် လေ့ကျင့်သားပြည့်ဝနေရန်လိုကြောင်း၊ တပ်မတော်သားတစ်ဦးချင်း အနေဖြင့် တိုက်ရည်ခိုက်ရည်ရှိရမည်၊ ရဲစွမ်းသတ္တိရှိရမည်၊ စစ်နည်းဗျူဟာနှင့် စစ်လက်နက်ပစ္စည်းများအပေါ် ကျွမ်းကျင်မှုရှိရမည်ဖြစ်ကြောင်း။

တပ်မတော်သားတစ်ဦး၏ ခံစားခွင့်များနှင့်ပတ်သက်၍လည်း ထိုက်တန်စွာဖြင့် ပေးအပ်ထားကြောင်း၊ တပ်မတော်သို့ ဝင်ရောက်တာဝန်ထမ်းဆောင်ကြသူများသည် မိမိတို့၏သဘောဆန္ဒအလျောက် ဝင်ရောက်လာကြခြင်းဖြစ်ကြောင်း၊ ထိုသို့ မိမိတို့ နိုင်ငံတော်ကိုကာကွယ်လိုသည့်စိတ်ဖြင့် ဝင်ရောက်လာကြသည့် တပ်မတော်သားများ အားလုံးကို မိမိအနေဖြင့် အသိအမှတ်ပြုကြောင်း၊ တပ်မတော်သားများ၏ ဝတ်စား ဆင်ယင်မှုမှအစ စားသောက်နေထိုင်ရေးအထိ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်ရန် အတွက် မိမိတို့သဘောဆန္ဒအလျောက် တပ်မတော်သို့ဝင်ရောက်လာသည့်စိတ်ဓာတ်ကို အသိအမှတ်ပြုသည့်အနေဖြင့် ဆောင်ရွက်ပေးနေခြင်းပင်ဖြစ်ကြောင်း။

တပ်မတော်သားများအားလုံးသည် မိမိတို့ အသက်အရွယ်နှင့်လျော်ညီသည့် ကျန်းမာကြံ့ခိုင်မှုများရှိရန်လိုကြောင်း၊ အမျိုးသားများအပြင် အမျိုးသမီးစစ်မှုထမ်းများသည်လည်း တပ်မတော်အတွင်းသို့ ဝင်ရောက်၍ နိုင်ငံတော်ကာကွယ်ရေးတာဝန်များ ကိုထမ်းဆောင်လျက်ရှိကြောင်း၊ တပ်မတော်သားများအနေဖြင့် အမြဲတိုက်ပွဲဝင် အသင့် ဖြစ်စေရေး ကိုယ်ခန္ဓာကြံ့ခိုင်မှုများရှိရန်လိုသကဲ့သို့ ရဲစွမ်းသတ္တိရှိရန်လည်း မွေးမြူ လေ့ကျင့် ဆောင်ရွက်နေရန်လိုကြောင်း၊ ရဲစွမ်းသတ္တိမွေးမြူနိုင်ရန်အတွက် စစ်အတတ်ပညာများကို အမြဲလေ့ကျင့်နေရန်လိုသကဲ့သို့ ရဲစွမ်းသတ္တိကိုဖြစ်ပေါ်စေသော ယှဉ်ပြိုင် သည့် အားကစားနည်းများကို လေ့ကျင့်ဆောင်ရွက်နေရန်လိုကြောင်း၊ စစ်မြေပြင်တွင် မိမိတို့သင်ကြားထားသည့် စစ်အတတ်ပညာများကို အပြည့်အဝအသုံးချနိုင်ရန်လိုကြောင်း။

တပ်မတော်သားများ၏ အားကစားကဏ္ဍမြင့်မားလာစေရေး တပ်မတော်အနေ ဖြင့် အမြဲမပြတ်အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ အားကစားပြုလုပ်ခြင်းအားဖြင့် ကိုယ်ခန္ဓာကြံ့ခိုင်မှုများရှိလာပြီး စိတ်ဓာတ်များကြံ့ခိုင်လာမည်ဖြစ်ကြောင်း၊ အားကစား ကိုအခြေခံ၍ ကာကွယ်ရေးစိတ်ဓာတ်များကို မြှင့်တင်ဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့တစ်ဦးချင်း ဆောင်ရွက်၍ရသည့် ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများကို လည်း အမြဲမပြတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ ကြံ့ခိုင်မှုများကျဆင်းလာပါက ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်သဖြင့် အားကစားကို အမြဲမပြတ်ပြုလုပ်သွားကြ ရန်လိုကြောင်း။

အတတ်ပညာသည် လူတော်ဖြစ်စေပြီး အသိပညာသည် လူကောင်းဖြစ်စေကြောင်း၊ ဘာသာရပ်များအလိုက် ကျွမ်းကျင်ပညာရှင်များသည် လူတော်များဖြစ်ကြ ကြောင်း၊ အတန်းပညာများရှိမှသာ အတတ်ပညာကိုရရှိမည်ဖြစ်ကြောင်း၊ အတန်း ပညာမြင့်မားမှသာ မြင့်မားသည့်အတတ်ပညာများကို ရရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့၏ သား၊ သမီးများ အတန်းပညာမြင့်မားရေးအတွက် ဆောင်ရွက်ပေးကြစေလို ကြောင်း၊ ကျိုင်းတုံမြို့တွင် တက္ကသိုလ်၊ ကောလိပ်များရှိသဖြင့် ပညာရေးမြှင့်တင်နိုင် မည့်အခွင့်အလမ်းများစွာရှိကြောင်း၊ မိမိတို့၏ သားသမီးများ ဘဝရပ်တည်နိုင်စေရေး ပညာရေးဆုံးခန်းတိုင်အောင် သင်ကြားပေးကြရန်လိုကြောင်း၊ ဒေသတစ်ခုတိုးတက် ရေးသည်လည်း ဒေသတွင်နေထိုင်ကြသူများ၏ ပညာရည်မြင့်မားရေးသည် အရေးကြီးကြောင်း၊ နိုင်ငံ၏အနာဂတ်ကောင်းမွန်ရေးအတွက် လူတော်နှင့် လူကောင်းများစွာ လိုအပ်ကြောင်း၊ အဆိုပါလူတော်နှင့် လူကောင်းများတွင် မိမိတို့၏ သားသမီးများပါဝင် စေရေး ဆောင်ရွက်ပေးကြရန်လိုကြောင်း။

ပညာရေးဆုံးခန်းတိုင်ပါက လိမ္မာရေးခြားရှိသည့် မိမိကိုယ်ကို ထိန်းသိမ်းနိုင်သော လူငယ်၊ လူရွယ်များဖြစ်လာမည်ဖြစ်ကြောင်း၊ မိမိတို့သားသမီးများ၏ ဘဝထူးချွန်စေရေးအတွက်ဆောင်ရွက်ပြီး တိုင်းပြည်အတွက်ကောင်းကျိုး ဆောင်ရွက်နိုင်သည့်သူများ ဖြစ်အောင်ပြုစုပျိုးထောင်ပေးကြစေလိုကြောင်း၊ အလားတူ ဗဟုသုတများ ပြည့်ဝနေ စေရေးအတွက် စာအုပ်စာစောင်များကို အမြဲမပြတ်ဖတ်ရှုလေ့လာနေရန်လိုကြောင်း၊ တပ်မတော်သားများနှင့် မိသားစုဝင်များ စာအုပ်စာစောင်များ ဖတ်ရှုလေ့လာနိုင်စေရေး တပ်/ဌာနချုပ်များအလိုက် စာကြည့်တိုက်များဖွင့်လှစ်ပေးထားပြီး စာအုပ်စာစောင် များကို ဖြည့်ဆည်းဆောင်ရွက်ပေးထားကြောင်း။

သက်သာချောင်ချိရေးနှင့်ပတ်သက်၍ စားသောက်နေထိုင်ရေးသည် အရေးကြီးကြောင်း၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဝန်ထမ်းများအတွက် ထောက်ပံ့ကြေးများတိုးမြှင့်ပေးထားကြောင်း၊ မိမိတို့နိုင်ငံ၏ GDP မှာ ဒေသတွင်း နိုင်ငံ များထက်လျော့နည်းလျက်ရှိကြောင်း၊ နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုး ရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုများ တိုးတက်လာစေရေး မိမိတို့ အနေဖြင့် အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်ထုတ်လုပ်မှုများတိုးတက်လာခြင်း ဖြင့် ပြည်တွင်းသုံးစွဲမှုကို အထောက်အကူပြုနိုင်သကဲ့သို့ ပိုလျှံသည့်ထုတ်ကုန်များ ကိုလည်း ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ခြင်းဖြင့် နိုင်ငံခြားဝင်ငွေများ ပိုမိုရရှိလာပြီး နိုင်ငံ့စီးပွားရေးကို များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှု သည် နိုင်ငံအတွက် အဓိကကျသည့် လုပ်ငန်းဖြစ်သဖြင့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန် များ ထုတ်လုပ်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း၊ တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်ခြင်း သည်လည်း ကုန်ထုတ်လုပ်ငန်းများအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု ခြင်းပင်ဖြစ်ကြောင်း။

နိုင်ငံတော်ပိုင်းအနေဖြင့် တပ်မတော်သားများ၏ ရိက္ခာ၊ လစာနှင့် ရပိုင်ခွင့်များ အားလုံးကို တတ်နိုင်သရွေ့အကောင်းဆုံးဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း၊ တပ်မတော်သားများအားလုံးအနေဖြင့်လည်း မိမိတို့ကိုပေးအပ်ထားသည့် တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ခြင်းအားဖြင့် နိုင်ငံတော်နှင့်တပ်မတော်အပေါ် တာဝန်ကျေပွန်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် မိမိကိုယ်ကိုထိန်းထိန်းသိမ်းသိမ်းနေထိုင်၍ အသောက်အစား၊ အပျော်အပါးများကို ရှောင်ကြဉ်ကာ ဘဝရည်မှန်းချက်များပြည့်မီအောင် နေထိုင်ကျင့် ကြံသွားကြရန်လိုကြောင်း၊ မိမိဝင်ငွေနှင့်ထွက်ငွေကိုလည်း မျှတအောင်သုံးစွဲသွားကြရန် လိုကြောင်း၊ မိမိကိုယ်ကိုထိန်းထိန်းသိမ်းသိမ်းနှင့် ကျန်းမာကြံ့ခိုင်အောင် နေထိုင်ခြင်းဖြင့် စစ်သည်တော်ကောင်းတို့၏ဂုဏ်ဒြပ်ကိုမြှင့်တင်ကြရန်လိုကြောင်း၊ မိမိတို့ လုပ်ဆောင်ရမည့်တာဝန်များကို ကောင်းမွန်ကျေပွန်စွာထမ်းဆောင်ခြင်းအားဖြင့် တပ်မတော် ၏ အရည်အသွေး၊ တပ်မတော်၏အဆင့်အတန်းကို ထိန်းသိမ်းဆောင်ရွက် သွားကြရ မည်ဖြစ်ကြောင်းဖြင့် မှာကြားပြီး အရာရှိ၊ စစ်သည်များ၏ လိုအပ်ချက်များကို မေးမြန်းသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ အတွက် စားသောက်ဖွယ်ရာပစ္စည်းများကိုပေးအပ်ရာ တိုင်းမှူးက လက်ခံရယူသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာ ကြသည့် အရာရှိ၊ စစ်သည် မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြ သည်။

ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် အဖွဲ့ဝင်များသည် ကျိုင်းတုံတပ်နယ်ရှိ နယ်မြေခံ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ကျောင်း ရုံးခန်းမ၌ ကျောင်းအုပ်ကြီးကတပ်သမိုင်းအကျဉ်း၊ ရည်မှန်းချက်တာဝန်နှင့် စွမ်းဆောင် ရည်များ၊ စစ်သည်များအား အဆင့်အလိုက် သင်တန်းများဖွင့်လှစ်လေ့ကျင့်ပေးနိုင်မှု များ၊ ပြည်သူ့စစ်မှုထမ်းသင်တန်းများဖွင့်လှစ်လေ့ကျင့်ပေးလျက်ရှိမှုနှင့် လက်ရှိဖွင့်လှစ် ဆဲသင်တန်းများ၏ အခြေအနေများ၊ လေ့ကျင့်ရေးကွင်းများဆောင်ရွက်ထားရှိမှုနှင့် လေ့ကျင့်ပေးနိုင်မှုအခြေအနေများ၊ သင်တန်းသားများအား အာဟာရပြည့်ဝမှုရှိစေရေး နှင့် ကျန်းမာရေးနှင့်ညီညွတ်မျှတအောင် ကျွေးမွေးပေးလျက်ရှိမှုအခြေအနေများ၊ သက် သာချောင်ချိရေးဆောင်ရွက်ပေးနိုင်မှုနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆောင်ရွက် ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်တန်းမြင့်လေ့ကျင့် ရေးကျောင်း များ၏ တာဝန်မှာ တပ်ရင်းတပ်ဖွဲ့များနှင့် စစ်သည်တစ်ဦးချင်းစီ၏ အရည် အသွေးများတိုးတက်လာအောင်လေ့ကျင့်ပေးခြင်းပင်ဖြစ်ကြောင်း၊ လေ့ကျင့်ရေးပိုင်းဆိုင်ရာများနှင့်ပတ်သက်၍ လုံးဝလျှော့ပေါ့၍ရမည်မဟုတ်ဘဲ စနစ်တကျဖြင့် ကြပ်မတ် လေ့ကျင့်ပေးသွားရန်လိုကြောင်း၊ လေ့ကျင့်သားပြည့်ဝမှသာလျင် တိုက်ရည်ခိုက်ရည် နှင့် ရဲစွမ်းသတ္တိများကောင်းမွန်လာမည်ဖြစ်ပြီး လက်တွေ့စစ်မြေပြင်တွင် ကောင်းမွန် သည့် ရလာဒ်ကိုဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ သင်တန်းကျောင်းတွင် လက်တွေ့ စစ်မြေပြင်သဖွယ်ဖန်တီး၍ လေ့ကျင့်ပေးသွားရန်လိုကြောင်း၊ “အစကောင်းမှ အနှောင်း သေချာမည်” ဟူသည့်အတိုင်း သင်တန်းကျောင်းများမှ စနစ်တကျလေ့ကျင့်မွေးထုတ် ပေးလိုက်နိုင်မှသာလျင် စစ်သည်တော်ကောင်းများရရှိလာမည်ဖြစ်ကြောင်း၊ မိမိတို့ လေ့ ကျင့်မွေးထုတ်ပေးလိုက်သည့်စစ်သည်တော်များသည် ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ကျန်းမာ ကြံ့ခိုင်သန်စွမ်းသူများဖြစ်ရမည်ဖြစ်ပြီး နိုင်ငံတော်နှင့် တပ်မတော်က အားကိုးအားထား ပြုနိုင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးအခန်းကဏ္ဍသည် အလွန်ကျယ်ပြန့် သည်ဖြစ်၍ လေ့ကျင့်ရေးတာဝန်များကို အလေးအနက်ထားဆောင်ရွက်သွားကြရန် မှာ ကြားလိုကြောင်း။

ယနေ့ခေတ်သည် နည်းပညာခေတ်ဖြစ်သဖြင့် နေ့စဉ်နှင့်အမျှပြောင်းလဲတိုးတက် လာနေသည့် စစ်ဘက်အသုံးအဆောင်ပစ္စည်းများအပေါ်မူတည်၍ စစ်နည်းဗျူဟာများကိုလည်း ပြောင်းလဲကျင့်သုံးနိုင်ရေး သုတေသနပြုဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ သမားရိုးကျစစ်နည်းဗျူဟာများကို ခေတ်နှင့်အညီ မွမ်းမံနိုင်ရေးနှင့် အထူးစစ်နည်းဗျူဟာများကို ခေတ်နှင့်အညီကျင့်သုံးနိုင်ရေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နည်းပြများ အနေဖြင့်လည်း စံနမူနာပြဖြစ်နေရမည်ဖြစ်ပြီး မိမိတို့တာဝန်ယူရသည့် ဘာသာရပ်များ အလိုက် ကျွမ်းကျင်ပိုင်နိုင်သူများဖြစ်ရန်လိုကြောင်း၊ သင်တန်းသားများ၏ နေရေး၊ ထိုင်ရေး၊ စားရေး တို့ကိုလည်း အဆင်ပြေချောမွေ့ မှုရှိအောင်စီမံဆောင်ရွက်ပေးသွား ရန်လိုပြီး ရပိုင်ခွင့်များအားလုံးရရှိအောင် ကြပ်မတ်ဆောင်ရွက်ပေးသွား ရန်လိုကြောင်း နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် လေ့ကျင့်ရေးကျောင်း သင်တန်းသားစားရိပ်သာသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြ ချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် အဖွဲ့ဝင်များသည် လေ့ကျင့်ရေးကျောင်းအတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)