သက်သေပြရန်တာဝန်ကို ကျေပွန်အောင်ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း စွပ်စွဲချက်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ရှေ့နေ Sam Blom-Cooper ၏ ချေပလျှောက်လဲချက် - Myanmar National Post

Myanmar National Post

News Agency

Breaking

သက်သေပြရန်တာဝန်ကို ကျေပွန်အောင်ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း စွပ်စွဲချက်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ရှေ့နေ Sam Blom-Cooper ၏ ချေပလျှောက်လဲချက်


ဂမ်ဘီယာအနေဖြင့် သက်သေပြရန်တာဝန်ကို ကျေပွန်အောင်ဆောင်ရွက်နိုင်ခြင်း မရှိကြောင်း၊ လူမျိုးသုဉ်းသတ်ဖြတ်မှုမြောက်စေသည့် ကျူးလွန်မှု (actus reus) ရှိကြောင်းနှင့် စပ်လျဉ်း၍ သက်သေပြနိုင်ခြင်းမရှိကြောင်း၊ ထို့ပြင် လူမျိုးသုဉ်းသတ် ဖြတ်မှုမြောက်ရန် အတွက် အကာအကွယ်ပေးရမည့် အုပ်စုကို ရုပ်ပိုင်းဆိုင်ရာသို့မဟုတ် စိတ်ပိုင်းဆိုင်ရာအရ ဖျက်ဆီးလိုသည့် သီးခြားရည်ရွယ်ချက်(dolus specialis)ဖြင့် ကျူးလွန်ခဲ့ခြင်းရှိကြောင်း သက်သေပြရမည် ဖြစ်သော်လည်း သက်သေပြနိုင်ခြင်း မရှိကြောင်း။

ဂမ်ဘီယာ၏ သက်သေပြချက်များသည် တိကျရေရာမှုမရှိသော FFM အချက်အလက် များကိုသာ အခြေခံထားကြောင်း၊ ထို့ကြောင့် ဂမ်ဘီယာက တင်ပြသော အထောက်အထား များအပေါ် ခိုင်မာသောသက်သေများအဖြစ် မှတ်ယူ၍မရကြောင်း၊ ဂမ်ဘီယာ၏ဖော်ပြချက် များသည် အမည်မသိသူများ၏ တစ်ဆင့်ကြား စကားများ ကိုသာ စုစည်း၍ပြုစုထားသော FFM အစီရင်ခံစာနှင့် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်း၌ နေသောသူများအား interview ထားသည့် မှတ်စုများကိုသာ အခြေခံ၍ ဖော်ပြ ထားပါကြောင်း။

၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်ကာလတွင်း ARSA ၏အကြမ်းဖက် လှုပ်ရှားမှုနှင့် အကြမ်းဖက်မှုများ ရှိခဲ့သော်လည်း မျက်ကွယ်ပြုခဲ့ကြောင်း၊ အကာအကွယ်ပေး ရမည့် အုပ်စုများကို သတ်ဖြတ်ခြင်းနှင့်စပ်လျဉ်း၍ Genocide Convention Article II(a) တွင် ဖော်ပြထားသော သတ်ဖြတ်ခြင်းသည် ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်မှုရှိရမည်ဟူသော အဓိပ္ပာယ်ဖွင့်ဆိုချက်အတွင်း အကျုံးဝင်ရမည် ဟုဆိုသော်လည်း၊ စစ်ရေးတိုက်ခိုက် မှုများ ကို အင်အားသုံး၍ ပြန်လည်ခုခံရာမှ ဖြစ်ပေါ်လာသော အရပ်သားသေဆုံးမှုများ သည် Article II(a) ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အတွင်း ကျရောက်ခြင်းမရှိကြောင်းကို Croatia အမှုတွင် ဆုံးဖြတ်ထား ပါကြောင်း။

ယခုအမှုတွင် ဂမ်ဘီယာက လူမျိုးသုဉ်းသတ်ဖြတ်မှုကျူးလွန်သည်ဟု စွပ်စွဲထား သော်လည်း၊ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်အတွင်း အကြမ်းဖက်လုပ်ရပ်များ ရှိခဲ့သည်ဟု ဂမ်ဘီယာက စွပ်စွဲသော်လည်း အရေအတွက်မည်မျှ သေဆုံးသည်ကို ခွဲခြား၍မပြောနိုင် ကြောင်း၊ ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ စစ်ဆင်ရေးကာလအတွင်း လူပေါင်း ၁၀၀၀၀ ကျော်ခန့် သေဆုံးခဲ့သည်ဟုသာ FFM အစီရင်ခံစာတွင် ဖော်ပြထားသည့်အတိုင်းသာ ယေဘု ယျ အားဖြင့် ပြောနိုင်ကြောင်း၊ ၂၀၁၆ ခုနှစ်တွင် သေဆုံးခဲ့သောဖြစ်စဉ်နှင့် စပ်လျဉ်း၍ လည်း အတိအကျ မပြောနိုင်ကြောင်း၊ ထို့ကြောင့် ဂမ်ဘီယာကတင်ပြသည့် အထောက် အထားများသည် Genocide Convention Article II(a) ၏ အဓိပ္ပာယ်ဖွင့်ဆို ချက်အတွင်း အကျုံးဝင်မှုမရှိပါကြောင်း။

၂၀၁၇ ခုနှစ် ဩဂုတ်လမတိုင်မီ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ လူဦးရေသည် ၁ ဒသမ ၄ သန်း ရှိသော်လည်း Article II(a) အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် အကျုံးဝင်ရန်ရှိရ မည့် သီးခြားအသတ်ခံရသည့်သူများ၏ မြောက်များစွာသောအရေအတွက်ကို သီးခြား ဖော်ပြနိုင် ခြင်းမရှိကြောင်း၊ အကာအကွယ်ပေးရမည့် အုပ်စုအပေါ် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဖျက်ဆီးခြင်းပြုခဲ့သည့်အရေအတွက် အားဖော်ပြနိုင်ခြင်းမရှိကြောင်း၊ အကာအကွယ်ပေး ရမည့် အုပ်စုအပေါ် ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ထိ ခိုက် စေခြင်းနှင့်စပ်လျဉ်း၍ လက်နက်ကိုင် ပဋိပက္ခအတွင်း ဖြစ်ပွားသော ထိခိုက်သေ ဆုံးမှု များသည် Article II(b) တွင် ဖော်ပြထားသော အဓိပ္ပာယ်ဖွင့်ဆိုချက်အတွင်း အကျုံးဝင်ခြင်းမရှိကြောင်း၊ ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ၏ ARSA အကြမ်းဖက်မှုအပေါ် တုံ့ပြန်သည့် စစ်ဆင်ရေးအတွင်း သေဆုံးမှုများသည်လည်း ဤအဓိပ္ပာယ်ဖွင့်ဆိုချက်အတွင်း အကျုံးဝင်ခြင်းမရှိသဖြင့် ဂမ်ဘီယာ ၏စွပ်စွဲချက်သည် မှန်ကန် မှုမရှိပါကြောင်း။

ဂမ်ဘီယာ၏သက်သေအထောက်အထားများသည် Article II(b) ပါ လူမျိုးသုဉ်း သတ်ဖြတ်မှုကျူးလွန်ခဲ့ကြောင်း သက်သေပြရမည်ဖြစ်သော်လည်း သက်သေပြ နိုင်ခြင်း မရှိကြောင်း၊ Genocide Convention ပါ အကာအကွယ်ပေးရမည့် အုပ်စု၏ အသက်ရှင် ရပ်တည်နိုင်မှု အခြေအနေကို ဖျက်ဆီးခြင်းနှင့် စပ်လျဉ်း၍ ဂမ်ဘီယာ အနေ ဖြင့် အကာ အကွယ်ပေးရမည့် အုပ်စုများအတွက် အစားအစာ၊ ဆေးဝါးနှင့် အဝတ် အထည်များ ရရှိရန် ကန့်သတ်ထားကြောင်းနှင့် လွတ်လပ်စွာသွားလာမှုအပေါ် ကန့်သတ်ချက်များ ဆောင်ရွက် ခဲ့ကြောင်းကို FFM အစီရင်ခံစာအပေါ် အခြေခံ၍စွပ်စွဲ ပြောဆိုခဲ့သော်လည်း မှန်ကန်မှု မရှိကြောင်း။

မြန်မာနိုင်ငံအနေဖြင့် ARSA တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သော်လည်း အစားအစာ၊ ဆေးဝါးများကို ဆက်လက်၍ ထောက်ပံ့ပေးခဲ့ကြောင်း၊ ဂမ်ဘီယာအနေဖြင့် ဘင်္ဂါလီ အချို့ ဘင်္ဂလားဒေ့ရှ်သို့ ရွှေ့ပြောင်းသွားခြင်းသည် အုပ်စုတစ်စုလုံးကိုဖြစ်စေ တစိတ် တပိုင်းကိုဖြစ်စေ ဖျက်ဆီးခြင်း၏ ရလဒ်ဖြစ်ကြောင်းကို သက်သေပြနိုင်ခြင်းမရှိ ကြောင်း၊ ဂမ်ဘီယာအနေဖြင့် ဘင်္ဂါလီလူမျိုးများအပေါ် ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ် ပိုင်းဆိုင်ရာအရ ဖျက်ဆီးရာတွင် မည်သည့်အတိုင်းအတာအထိ ဖျက်ဆီးခဲ့သည်ကို ဖော်ပြခဲ့ခြင်းမရှိကြောင်း၊ ထင်ရှားသော သက်သေများက ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဘင်္ဂါလီများ ဆက်လက်ရှင်သန် နေထိုင် လျက်ရှိကြောင်းကို ဂမ်ဘီယာကတင်ပြ သော သက်သေများ၏ ၉၃ ရာခိုင်နှုန်းခန့်သည် လက်ထပ်ထားသောသူများဖြစ်ပြီး ၉၁ ရာခိုင်နှုန်းခန့်သည် ကလေးအမြောက်အများ မွေးဖွားနိုင်သည့် မိဘများဖြစ်နေသည်မှာ သိသာထင်ရှားစွာညွှန်ပြနေကြောင်း။ 

ဂမ်ဘီယာအနေဖြင့် IDP စခန်းများအတွင်း ဘင်္ဂါလီများအပေါ် ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုရှိကြောင်း၊ သွားလာမှုကန့်သတ်ချက်ရှိ ကြောင်း၊ အသက်ရှင်နေထိုင်ရေးအတွက် ရေ၊ အစားအစာရရှိနိုင်ရေးကို ကန့်သတ်ခံရ သည်ဟု စွပ်စွဲ ထားသော်လည်း အဆိုပါ စွပ်စွဲချက် အပေါ် သက်သေပြနိုင်ခြင်း မရှိ ကြောင်း၊ အကာအကွယ် ပေးရမည့် အုပ်စုများအပေါ် ရက်စက်သည့်လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် အဓမ္မပြု ကျင့်မှုများသည် အကာအကွယ်ပေးရမည့် အုပ်စုများ၏ ကလေးမွေးဖွားမှုများကို တားဆီးရန် ရည်ရွယ်သည့် လုပ်ရပ်များဖြစ်သည်ဟု ဂမ်ဘီယာက စွပ်စွဲထားကြောင်း၊ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် အဓမ္မပြုကျင့်မှုများသည် အကာအကွယ်ပေးရမည့် အုပ်စုများ၏ မျိုးဆက်ပြန့်ပွားမှုများ ထိခိုက်စေနိုင်သည့် အနေအထားမျိုးဖြစ်ရမည်ဖြစ် ကြောင်းတို့ကို သက်သေအခိုင်အမာ တင်ပြရမည်ဖြစ်သော်လည်း ဂမ်ဘီယာအနေဖြင့် တင်ပြနိုင်ခြင်းမရှိဘဲ အခြေ အမြစ်မရှိသော ပြောဆိုချက်ကိုသာ ပြောဆိုခဲ့ကြောင်း။

ဂမ်ဘီယာအနေဖြင့် လူမျိုးသုဉ်းသတ်ဖြတ်မှုအား ရည်ရွယ်ချက်ရှိရှိကျူးလွန် ခြင်း ဖြစ်ကြောင်းကို သက်သေပြနိုင်ခြင်းမရှိပါကြောင်း၊ ဂမ်ဘီယာ အနေဖြင့် နိုင်ငံ၏ စီမံချက်၊ မူဝါဒနှင့်ညွှန်ကြားချက်များသည် လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခြင်းဖြစ်သည်ဟု သက်သေ ပြရမည်ဖြစ်သော်လည်း သက်သေပြနိုင်ခြင်း မရှိကြောင်း၊ ဂမ်ဘီယာအနေဖြင့် လူမျိုးသုဉ်း သတ်ဖြတ်မှုကို ရည်ရွယ်ချက်ရှိရှိ စနစ်တကျကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု သက်သေပြရမည် ဖြစ်သော်လည်း အဆိုပါ စနစ်တကျကျူးလွန်ခဲ့သည့် အခြေအနေ ရှိခဲ့သည်ကို သက်သေပြ နိုင်ခြင်းမရှိကြောင်း၊ ARSA အဖွဲ့၏ အကြမ်းဖက်မှုအပေါ် တုံ့ပြန်သည့် အကြမ်းဖက်တိုက်ဖျက် မှုစစ်ဆင်ရေးကို ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ် ကာလအတွင်း ARSA အကြမ်းဖက်များမှ တစ်ချိန်တည်းတစ်ပြိုင်တည်း တိုက်ခိုက်လာသဖြင့် ဆောင်ရွက်ခဲ့ရကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းသည် အကာအကွယ်ပေးရမည့် အုပ်စုများအပေါ် ရည်ရွယ်ချက်ရှိရှိ ရုပ်ပိုင်း ဆိုင်ရာစိတ်ပိုင်းဆိုင်ရာ ဖျက် ဆီးခြင်းမရှိ ကြောင်း။

ARSA ၏အကြမ်းဖက်မှုအပေါ် ပြန်လည်တုံ့ပြန်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ အချက် နှင့် စပ်လျဉ်း၍ ARSA အဖွဲ့သည် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်ကာလအတွင်း မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်ရှိ နယ်မြေ ၅၀ အား စနစ်တကျ စုစည်းမှုဖြင့် တချိန်တည်း တပြိုင်တည်း တိုက်ခိုက်ခဲ့ပါကြောင်း၊ အဆိုပါ ARSA အဖွဲ့ တွင် ထောင်ပေါင်းများစွာသော အကြမ်းဖက်အဖွဲ့ဝင်များပါဝင်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါ ARSA၏ တိုက်ခိုက်မှုများကို ပြန်လည်တုံ့ပြန်တိုက်ခိုက်ခဲ့ရသည်မှာ သက်သေ ထင်ရှားပါကြောင်း။

အကြမ်းဖက်မှု စစ်ဆင်ရေးသည် လူမျိုးသုဉ်းသတ်ဖြတ်ခြင်း မဟုတ်ကြောင်း၊ ၂၀၁၆ ခုနှစ်ကာလတွင် ARSA မှ လုံခြုံရေးတပ်ဖွဲ့ဝင်များအား စတင်တိုက်ခိုက်လာ သဖြင့် ပြန်လည် တုံ့ပြန်ခဲ့ရကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ရာတွင် လက် လုပ်မိုင်းများနှင့် လက်နက်များဖြင့် တိုက်ခိုက်ခဲ့သော်လည်း အဆိုပါတိုက်ခိုက်မှု များအပြီး မြန်မာတပ်မတော် အနေဖြင့် သိသာထင်ရှားသည့် တပ်ဖြန့်ချထားမှုမရှိ ကြောင်း၊ ၂၀၁၇ ခုနှစ်အတွင်း ARSA အကြမ်းဖက်အဖွဲ့ကို တုံ့ပြန်တိုက်ခိုက်ရာတွင် ယခင်တိုက်ခိုက်မှုများထက်ပိုပြီး ပြင်းထန်မှု မရှိကြောင်း၊ ထိုသို့ အကြမ်း ဖက်မှုစစ်ဆင် ရေးကို စတင်ရခြင်းအကြောင်းအရင်းသည်လည်း ARSA တိုက်ခိုက်မှုအပေါ် ပြန် လည်တုံ့ပြန်ရန်ဖြစ်ကြောင်း။

ထိုသို့ အကြမ်းဖက်မှုတိုက်ဖျက်ရေးကို ဆောင်ရွက်ခဲ့သော်လည်း၊ ဂမ်ဘီယာ အနေဖြင့် လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်သည်ဟုသာ ပြောဆိုသော်လည်း မည်ကဲ့သို့ သို့မဟုတ် မည်သည့်အတွက်ကြောင့် ကျူးလွန်ကြောင်းကို ရှင်းပြနိုင်ခြင်း မရှိကြောင်း၊ အကြမ်းဖက် တိုက်ဖျက်မှု စစ်ဆင်ရေးမတိုင်မီ ဆောင်ရွက်ချက်နှင့် စပ်လျဉ်း၍ ဂမ်ဘီယာက ၂၀၁၆ ခုနှစ်တိုက်ခိုက်မှုများ နောက်ပိုင်းတွင် လုံခြုံရေးဆိုင်ရာ ဆောင်ရွက်ချက်အဖြစ် ဘင်္ဂါလီများ နေထိုင်သော အိမ်များရှေ့ရှိ အကာအရံများအား ဖယ်ရှားရန်၊ ဓါးနှင့် လက်နက်များအား သိမ်းဆည်းရန်၊ ဘင်္ဂါလီများနှင့် ဘင်္ဂါလီ မဟုတ်သော သူများနေထိုင်သည့် ဒေသများတွင် ညမထွက်ရအမိန့်ကို ထုတ်ပြန်ခြင်းများဆောင်ရွက်ခဲ့သည်ဟု စွပ်စွဲထားသော်လည်း အဆိုပါ

အမိန့်များသည် ဘင်္ဂါလီများကိုသာ သီးခြားထုတ်ပြန်ထားသည့် အမိန့်ဖြစ်သည်ဟု ဂမ်ဘီယာ အနေဖြင့် တိတိကျကျ ဖော်ပြနိုင်ခြင်း မရှိ ကြောင်း၊ မြန်မာအနေဖြင့် ဘင်္ဂါလီလူမျိုးများအပေါ် လူဦးရေနည်းပါးစေရန် နည်းလမ်းတစ်ခုဖြစ်သော အစာအာဟာရ ဖြတ်တောက်ခြင်း နည်းလမ်းကို အသုံးပြုခဲ့သည်ဆိုသော ဂမ်ဘီယာ၏စွပ်စွဲချက်နှင့် စပ်လျဉ်း ၍ မြန်မာနိုင်ငံမှ ဘင်္ဂါလီများအတွက် အစားအစာ နှင့်ရိက္ခာများ ထောက်ပံ့ပေးခဲ့သည့် သက်သေအထောက် အထားများရှိသဖြင့် ဂမ် ဘီယာစွပ်စွဲချက်သည် မှန်ကန်မှုမရှိကြောင်း။

ထို့ကြောင့် ဂမ်ဘီယာစွပ်စွဲသည့် လူမျိုးသုဉ်းသတ်ဖြတ်မှုကျူးလွန်ရန် စနစ် တကျ ဆောင်ရွက် ခဲ့သည်ဆိုသော စွပ်စွဲချက်သည် မှန်ကန်မှုမရှိဘဲ ARSA ၏ အကြမ်းဖက် တိုက်ခိုက်မှုများကို ပြန်လည်တုံ့ပြန်သည့် အကြမ်းဖက်တိုက်ဖျက်မှု စစ်ဆင်ရေးကို ဆောင်ရွက်ခဲ့သည်မှာ ထင်ရှားကြောင်း၊ အကြမ်းဖက်တိုက်ဖျက်မှု စစ်ဆင်ရေး၏ ပထဝီဝင် အနေအထားနှင့်စပ်လျဉ်း၍ ARSA လှုပ်ရှားသောနေရာများနှင့် စစ်ဆင်ရေးပြု လုပ်သည့် နေရာများမှာ တူညီမှုရှိခဲ့ပါကြောင်း၊ လူမျိုးသုဉ်းသတ်ဖြတ်မှုကျူးလွန်ခဲ့သည်ဟု စွပ်စွဲထားသော နေရာ ၄၆ ခုနှင့်စပ်လျဉ်း၍ အဆိုပါ နေရာ များတွင် ARSA ၏ အကြမ်းဖက်လှုပ်ရှားမှုများ ရှိခဲ့ကြောင်း။

ARSA လှုပ်ရှားမှုမရှိသောနေရာများတွင် အကြမ်းဖက်တိုက်ဖျက်မှု စစ်ဆင်ရေး မရှိခဲ့ ပါကြောင်း၊ နေရာ ၄၆ ခုတွင် ဂမ်ဘီယာ စွပ်စွဲထားသည့် အကြမ်းဖက်မှုနှင့် အ သက် ဆုံး ရှုံးမှုသည် မရှိသလောက်နည်းပါးပါကြောင်း၊ အဆိုပါအချက်အပေါ် ဂမ်ဘီယာ အနေဖြင့် ချေဖျက်နိုင်ခြင်းမရှိကြောင်း၊ စွပ်စွဲထားသော ပြစ်မှု ၏အတိုင်းအတာအရေအတွက်နှင့် စပ်လျဉ်း၍ ဂမ်ဘီယာက အကြမ်းဖက်တိုက်ဖျက်မှု စစ်ဆင်ရေးကာလအတွင်း လူပေါင်းများ စွာသတ်ဖြတ်ခဲ့သည်ဟု ဂမ်ဘီယာ၏စွပ်စွဲချက်သည် မှန် ကန်မှုမရှိကြောင်း။

FFM အစီရင်ခံစာတွင် ၂၀၁၇ ခုနှစ် ဩဂုတ်လအတွင်း တပ်မတော်၏ အကြမ်း ဖက်တိုက်ဖျက်မှု စစ်ဆင်ရေးကြောင့် လူပေါင်း ၁၀၀၀၀ ကျော်သေဆုံးခဲ့ကြောင်း သုံးသပ် ဖော်ပြထားသည်ဟု ဂမ်ဘီယာက စွပ်စွဲထားသော်လည်း အဆိုပါစွပ်စွဲချက်နှင့် ဆန့်ကျင်၍ မြန်မာနိုင်ငံ၏ မှတ်တမ်းများအရ လူပေါင်း ၅၂၀ သေဆုံးကြောင်း၊ အဆိုပါ သေဆုံးမှုတွင် ၃၇၆ ယောက်သည် ARSA အကြမ်းဖက်များဖြစ်ပြီး ၁၃၁ ယောက်သည် ဟိန္ဒူ၊ ဘင်္ဂါလီနှင့် ဒေသခံတိုင်းရင်းသားများနှင့် ၁၃ ယောက်မှာ မြန်မာလုံခြုံရေးတပ်ဖွဲ့ ဝင်များ ဖြစ်သည်ကို FFM က ဖော်ပြရန် ပျက်ကွက်ခဲ့ကြောင်း၊ ဘင်္ဂါလီများသည် ၁ ဒသမ ၄သန်းရှိကြောင်း၊ ဘင်္ဂါလီ ၁ ဒသမ ၄ သန်းရှိသော်လည်း ဂမ်ဘီယာ စွပ်စွဲသကဲ့သို့ လူ ၁၀၀၀၀ သေဆုံးမည်ဆိုပါက Croatia အမှုနှင့် နှိုင်းယှဉ်လျှင် ၀ ဒသမ ၇ ရာခိုင်နှုန်းသာ ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လူမျိုးသုဉ်း သတ်ဖြတ်ခဲ့သည်ဆိုသည့် ဂမ်ဘီယာ၏ စွပ်စွဲ ချက်သည် အခြေအမြစ်မရှိကြောင်း။

အကာအကွယ်ပေးရမည့်အုပ်စုအား ဖျက်ဆီးရန် အခြားသောအခွင့်အရေးရှိသည်ဟု ဆိုသော စွပ်စွဲချက်နှင့် စပ်လျဉ်း၍လည်း မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် ဘင်္ဂါလီများအပေါ် ကျူးလွန်ခြင်းမရှိခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ် စစ်ဆင်ရေး ကြောင့် IDP စခန်းများ တွင် ဘင်္ဂါလီမူဆလင် ၁၂၆၀၀၀ ခန့်ရှိသည်ဟု ဖော်ပြ ထားသော်လည်း အဆိုပါ လူအုပ်စုသည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များကြောင့် ရွှေ့ပြောင်းလာသူများ ဖြစ်ကြောင်းကို သက်သေပြနိုင်ခြင်း မရှိကြောင်း၊ သက်သေအထောက် အထားများအရ မြောက်များစွာသော ဘင်္ဂါလီရွာသား များ သည် ၎င်းတို့ နေထိုင်ရာရွာများမှ ထွက်ခွာသွားခဲ့ကြောင်း၊ ထိုသို့ ထွက်ခွာသွားသော သူများအား မြန်မာ့တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်မှု တစ်စုံတစ်ရာ ပြုလုပ်ခဲ့ခြင်းမရှိကြောင်း။

မြောက်များစွာသော IIMM သက်သေများက ထိုသို့ထွက်ခွာသွားသူများအား မြန်မာ့တပ်မတော်မှ ထွက်ခွာခြင်းမပြုဘဲ တည်ငြိမ် အေးချမ်းသည့် အခြားသောနေရာ များတွင် နေထိုင်ရန် တိုက်တွန်းပြောကြားခဲ့သော်လည်း ဘင်္ဂါလီများက ဂရုမစိုက်ဘဲ ထွက် ခွာခဲ့ကြောင်း၊ ဂမ်ဘီယာက စွပ်စွဲထားသကဲ့သို့ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုသည် မြန်မာ့တပ်မတော်၏ အကြမ်းဖက်တိုက်ဖျက်မှု စစ်ဆင်ရေးအတွင်း ဖြစ်ပွား ခဲ့ခြင်းမရှိသကဲ့သို့ အမိန့်ပေးစေခိုင်းခြင်းလည်း မရှိပါကြောင်း၊ မြန်မာ့ တပ်မတော်၏ အကြမ်းဖက်တိုက်ဖျက်မှုစစ်ဆင်ရေးအတွင်း ဘင်္ဂါလီလူမျိုးများအား ဖမ်းဆီးထိန်းသိမ်းခြင်း ရှိခဲ့ကြောင်း စွပ်စွဲချက်နှင့်စပ်လျဉ်း၍ မြန်မာ့တပ်မတော်အနေဖြင့် ၂၀၁၆ ခုနှစ် အကြမ်းဖက် တိုက်ဖျက်မှု စစ်ဆင်ရေးကာလအတွင်း ARSA အကြမ်း ဖက်အဖွဲ့နှင့် ပတ်သက်သော သူများအား ဖမ်းဆီး ထိန်းသိမ်း၍ တရားစွဲဆိုခဲ့ခြင်းများ ရှိခဲ့သော်လည်း ဘင်္ဂါလီလူမျိုးများအား ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီးထိန်းသိမ်းခြင်း မဟုတ်ဘဲ ARSA အကြမ်းဖက် တိုက်ခိုက်မှုနှင့် ပတ်သက်သောသူများဖြစ်သဖြင့် ဖမ်းဆီး အရေးယူခဲ့ခြင်း ဖြစ်ကြောင်း။

ဂမ်ဘီယာမှ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘင်္ဂါလီခေါင်းဆောင်များကို စနစ်တကျ ပစ်မှတ်ထားခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်း ရှိခဲ့သည်ဟု စွပ်စွဲထားသော်လည်း မြန်မာ့တပ်မတော်အနေဖြင့် ထိုသို့ဆောင် ရွက် ခဲ့ခြင်းမရှိကြောင်း၊ အဆိုပါ ဘင်္ဂါလီခေါင်းဆောင်များသည် ARSA အဖွဲ့ဝင်များ၏ အကြမ်း ဖက်တိုက်ခိုက်မှုတွင် ပါဝင်ရန် ကျေးရွာများအတွင်း စည်းရုံးလှုံ့ဆော်မှုများ ကြောင့် ရံဖန်ရံခါ ဖမ်းဆီးခံရလေ့ရှိသည် ဟူသော အချက်ကို ဂမ်ဘီယာကဖော်ပြခဲ့ခြင်း မရှိပါ ကြောင်း၊ ယဉ်ကျေးမှုနှင့်ဘာသာရေး ဆိုင်ရာ အဆောက်အဦများကို တိုက်ခိုက်ခဲ့ခြင်းသည် လူမျိုးသုဉ်းသတ်ဖြတ်မှုကို ကျူးလွန် ခဲ့သည်ဟု ဂမ်ဘီယာ၏ စွပ်စွဲချက် သည် မှန်ကန်မှုမရှိကြောင်း။

မြန်မာ့တပ်မတော်၏ အကြမ်းဖက် တိုက်ဖျက်မှု စစ်ဆင်ရေးကာလအတွင်း ကျေး ရွာ များကို စနစ်တကျမီးရှို့ဖျက်ဆီးခဲ့သည်ဟု ဂမ်ဘီယာ၏စွပ်စွဲချက်သည် မှန်ကန်မှုမရှိပါကြောင်း၊ အဆိုပါ မီးလောင်မှုများသည် ၂၀၁၇ ခုနှစ် ဩဂုတ်လအတွင်း ARSA အဖွဲ့ခေါင်း ဆောင်က အသံလွှင့်၍ ထောင်ပေါင်းများစွာသော ၎င်း၏ထောက်ခံသူများအား ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသရှိ ကျေးရွာများအားလုံးအား မီးရှို့ရန်ညွှန် ကြားခဲ့ကြောင်း၊ ထို့ကြောင့် ဂမ်ဘီယာအနေဖြင့် မြန်မာက လူမျိုးသုဉ်း သတ်ဖြတ်မှု ကျူးလွန်သည်ဟုဆိုသော စွပ်စွဲချက် တွင် အလွန်မြင့်မားသည့် သက်သေထင်ရှားပြသရန်တာဝန်ကို ထမ်းဆောင်ရန်ပျက်ကွက် ပါကြောင်း၊ လူမျိုးသုဉ်းသတ်ဖြတ်ရန် ရည် ရွယ် ချက်မရှိကြောင်းကို အကာအကွယ်ပေးရမည့် အုပ်စုအပေါ် စနစ်တကျ ရည်ရွယ် ချက်ရှိရှိ ဖျက်ဆီးခြင်းမရှိကြောင်း။

နေရာ ၃ ခု တွင် ARSA အကြမ်းဖက်အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှု ကြောင့် ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး အခြားနေရာ ၄၃ ခုတွင် စွပ်စွဲထားသည့် သေဆုံးမှုမှာ အလွန် နည်းပါးပါကြောင်း၊ ဂမ်ဘီယာအနေဖြင့် ၎င်းတို့စွပ်စွဲထားသည့် လူမျိုးသုဉ်း သတ်ဖြတ်မှု ကြောင့် လူပေါင်း ၁၀၀၀၀ သေဆုံးသည်ဟူသော အချက်နှင့်စပ်လျဉ်း၍ သက်သေမပြနိုင် ကြောင်း၊ Croatia အမှုနှင့် နှိုင်းယှဉ်လျှင် အလွန်သေးငယ်ပါကြောင်း၊ ARSA အဖွဲ့၏ အကြမ်းဖက်မှုအပေါ် တုံ့ပြန်သည့် အကြမ်းဖက်တိုက်ဖျက်မှု စစ်ဆင်ရေးဖြစ်ကြောင်းကို ဂမ်ဘီယာ၏ကျွမ်းကျင်သူကိုယ်တိုင်က ဝန်ခံထားပါကြောင်း၊ မြန်မာ့ တပ်မတော်၏ အကြမ်းဖက်တိုက်ဖျက်မှု စစ်ဆင်ရေးများသည် ARSA တိုက်ခိုက်မှု ရှိသော နေရာများတွင်သာ ပြုလုပ်ခဲ့ကြောင်း၊ ARSA လှုပ်ရှားမှုမရှိသော နေရာများတွင် ထိတွေ့မှုဖြစ်စဉ်များ မရှိပါကြောင်း။

အကြမ်းဖက်တိုက်ဖျက်မှုစစ်ဆင်ရေးသည် ရက်ပိုင်းမျှသာကြာပါကြောင်း၊ ၂၀၁၇ ခုနှစ် နောက်ပိုင်းတွင် လူသတ်မှု၊ ကိုယ်ထိလက်ရောက် ကျူးလွန်သည်ဟူသော စွပ်စွဲချက်များ မရှိသည့်အတွက် လူမျိုးသုဉ်းသတ်ဖြတ်မှုကျူးလွန်သည်ဟူသော စွပ်စွဲ ချက် မှာ မှန်ကန်မှုမရှိကြောင်း၊ မြန်မာအနေဖြင့် ရခိုင်ဒေသရှိ ဒုက္ခသည် စခန်းများတွင် နေထိုင်လျက်ရှိသော ၁၂၆၀၀၀ ဘင်္ဂါလီလူမျိုးများ၏ တစ်ဦးချင်းစီအပေါ်မူ ထိခိုက်မှု တစ်စုံတစ်ရာမပြုလုပ်ခဲ့ကြောင်း၊ အကယ်၍ မြန်မာအနေဖြင့် လူမျိုးသုဉ်းသတ်ဖြတ်မှုကို ကျူးလွန်ခဲ့မည်ဆိုပါက အဆိုပါ ဘင်္ဂါလီလူမျိုးများသည် ဆက်လက်ရှိနေမည် မဟုတ်ကြောင်း၊ ထို့ကြောင့် ဂမ်ဘီယာ၏ စွပ်စွဲချက်သည် FFM ၏ ထင်မြင်ချက်ကိုသာ အခြေခံ၍ တင်ပြထားခြင်းဖြစ်ပြီး သက်သေ အထောက်အထား တင်ပြ နိုင်ခြင်း မရှိပါ ကြောင်း။

တရားရုံးအနေဖြင့် လူမျိုးသုဉ်းသတ်ဖြတ်မှုကျူးလွန်ခြင်း မရှိကြောင်းကို တင်ပြထား သည့် သက်သေအထောက်အထားများအပေါ် ဂရုတစိုက်နှင့်မျှတစွာသုံးသပ်၍ ဆုံးဖြတ်လိမ့် မည်ဟု မြန်မာအနေဖြင့် ယုံကြည်ပါကြောင်း ချေပလျှောက်လဲခဲ့ပါသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)