၂၀၂၀ ရွေးကောက်ပွဲကြီးမှာ မဲလိမ်မဲခိုးမှုတွေ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှာစတင်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းတာဝန်ယူရတဲ့ ကာလဟာ အခက်အခဲ အကြပ်အတည်းပေါင်းများစွာရှိခဲ့ပါတယ်။ ပြည်တွင်းပြည်ပ ထိုးနှက်မှုတွေကို ရင်ဆိုင်ပြီး တိုင်းပြည်တည်ဆောက်ရေးကို လုပ်ဆောင်ရတဲ့ ကာလလို့ ဆိုရင်လည်း မမှားပါဘူး။
တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းတာဝန်ယူဆောင်ရွက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေနဲ့ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ကဏ္ဍအသီးသီးကို တစ်ကနေ ပြန်လည်စတင်ပြုပြင်ရတဲ့ အခြေနေမျိုးနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အစိုးရဆိုရင်လည်း မမှားပါဘူး။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ ယခင်အစိုးရ ရပ်ဆိုင်းခဲ့တဲ့ စီမံကိန်းတွေကို ပြန်လည်သုံးသပ်ပြီး ပြန်လည်အကောင်အထည်ဖော် ဆောင်ရွက်သင့်သည့်စီမံကိန်းများကို မဆိုင်းမတွ ပြန်လည်ဖော်ဆောင်ပါတယ်။ ယခင် အစိုးရလက်ထက်မှာ ရထားပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းတွေ ရပ်ဆိုင်းသွားခဲ့တာမျိုး ရှိသလို အထင်ကရ ပင်းပက်သံမဏိစက်ရုံလို စီမံကိန်းတွေလည်း ရပ်ဆိုင်းသွားခဲ့ပါတယ်။ ဒီစီမံကိန်းတွေဟာ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေတဲ့အတွက် ဗိုလ်ချုပ်မှူးကြီး အစိုးရအဖွဲ့ကို ဦးဆောင်တဲ့ ကာလမှာ ပြန်လည်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရတဲ့ လုပ်ငန်းတွေ ဖြစ်ပါတယ်။ ပင်းပက်သံမဏိစက်ရုံစီမံကိန်း ပြန်လည်ဖော်ဆောင်နိုင်ခဲ့သလို ရထားပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းများကိုလည်း အဆင့်မြင့်တင်နိုင်ခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီး အစိုးရအဖွဲ့ကို ဦးဆောင်တဲ့ ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးမှာ အထင်ကရ တံတားကြီးနှစ်စင်း ဖွင့်လှစ်ပေးနိုင်ခဲ့ပါတယ်။ ပြည်သူတွေရဲ့ လိုအပ်ချက်အတွက် ဖြည့်ဆည်းပေးဆောင်ရွက်ပေးတဲ့ စီမံကိန်းကြီးတွေ အောင်မြင်စွာ ပြီးမြောက်လာတဲ့အခါမှာ ဗိုလ်ချုပ်မှူးကြီး ကိုယ်တိုင်လည်း ပြည်သူများနဲ့ထပ်တူ ဝမ်းမြောက်ပျော်ရွှင်နေတယ်ဆိုတာကတော့ အထူးပြောဖို့ လိုမယ်တောင် မထင်ပါဘူး။ ဗိုလ်ချုပ်မှူးကြီး ရဲ့ မျက်နှာမှာ ပိတိအပြုံးတွေ မြင်တွေ့နေရတာက သက်သေပါပဲ။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဗိုလ်ချုပ်မှူးကြီး ဖွင့်လှစ်ပေးနိုင်ခဲ့တဲ့ တံတားကြီးနှစ်စင်း ပထမတံတားကတော့ ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃) ဖြစ်ပါတယ်။ ဒီတံတားကြီးကို ၂၀၂၄ခုနှစ်၊ ဇွန်လ (၈) ရက်နေ့မှာ ဗိုလ်ချုပ်မှူးကြီးကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဖွင့်ပွဲအခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီး က မြန်မာပြည်သူလူထု၏ လူမှုစီးပွားဘဝပိုမိုမြင့်မား လာစေရေးအတွက် အရေးပါသည့် ပဲခူးမြစ်ကူးတံတား(သံလျင်တံတား အမှတ်-၃)ကို အောင်မြင်စွာ တည်ဆောက်ဖွင့်လှစ်နိုင်ခြင်းအတွက် ဂုဏ်ယူဖွယ်ရာနေ့တစ်နေ့ဖြစ်သကဲ့ သို့ မြန်မာနိုင်ငံ၏စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့နှင့် ရန်ကုန်တိုင်းဒေသကြီး အတွက်သာမကဘဲ မြန်မာပြည်သူများအားလုံးအတွက်ပါ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့် နေ့တစ်နေ့ဖြစ်ကြောင်း။
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်နှင့် သန်လျင်မြို့တို့ကို ဆက်သွယ်ထား သည့် အရှည် ၈,၆၃၈(ရှစ်ထောင့်ခြောက်ရာသုံးဆယ့်ရှစ်) ပေရှိသည့် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃) လေးလမ်းသွား တံတားသစ်ကြီးကို ဂျပန်နိုင်ငံအပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA)မှ သက်သာသည့်ချေးငွေဖြင့် အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုတံတားကို အခြားတံတားဒီဇိုင်းများနှင့် မတူစေဘဲ ရန်ကုန်မြို့၏အထင်ကရအမှတ်အသား(Landmark) ဖြစ်စေရန်အတွက် သံမဏိကြိုးဆိုင်းတံတား (Cable Stayed Bridge)ဖြင့် ခိုင်ခံ့လှပထည်ဝါစွာ တည် ဆောက်ခဲ့ခြင်းဖြစ်ကြောင်း။
ယခုတံတားကြီးတည်ဆောက်နိုင်ရန်အတွက် ၂၀၁၇ ခုနှစ်တွင် ချေးငွေ သဘောတူ စာချုပ် ချုပ်ဆိုခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် တွင် နိုင်ငံရေးအခြေအနေများကြောင့် တံတားတည်ဆောက်ရေးလုပ်ငန်း၊ ချေးငွေကိစ္စရပ် များ တုံ့ဆိုင်းသွားခဲ့ပြီး အကြိမ်ကြိမ်ညှိနှိုင်းချက်များအရ ပြန်လည်တည်ဆောက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ သို့သော် ရန်ပုံငွေသုံးစွဲမှုတွင် လိုအပ်ချက်ဖြစ်ပေါ်လာခြင်းကြောင့် နိုင်ငံ တော်မှ ကျပ် ၄၆ ဘီလီယံကျော်ထည့်ဝင်ကျခံပြီး တံတားကြီးတည်ဆောက်ပြီးစီးရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါ တံတားကြီးကိုအောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ ပြီဖြစ်ကြောင်း။
မိမိတို့နိုင်ငံတစ်ဝန်းတွင် အေးအတူပူအမျှလက်တွဲပြီး မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် လမ်းပန်းဆက်သွယ်ရေးကဏ္ဍသည် အလွန်အရေးကြီးကြောင်း၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာရေးအတွက် ပထဝီအနေ အထားအရ သဘာဝအတားအဆီးဖြစ်သည့်နေရာများတွင် တံတားများ တည်ဆောက်ပေး ခြင်း၊ လမ်းများကို ရာသီမရွေးသွားလာနိုင်အောင် ဖောက်လုပ်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်း များကို နိုင်ငံတော်အနေဖြင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့အပြင် မြို့ပြဒေသများ သာမက ဝေးလံခေါင်ပါးသည့်နယ်စပ်ဒေသများပါမကျန်အချိုးညီညီဖွံ့ဖြိုးတိုးတက်စေရေး အတွက် လမ်းများအဆင့်မြှင့်တင်ပေးခြင်း၊ လမ်းကွန်ရက်များတိုးချဲ့ခြင်းတို့ကို အကောင် အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း။
ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက မြို့တော်ကြီးတစ်မြို့ဖြစ်သကဲ့သို့ ဒေသတွင်းစီးပွားရေးဖွံ့ဖြိုး တိုးတက်လာမှုနှင့်အတူ လူဦးရေတိုးပွားလာမှုတို့ကြောင့် တစ်နေ့တာ သွားလာသည့်ယာဉ်အစီးရေသည်လည်း သိသိသာသာ တိုးမြင့်လာသည်ကိုတွေ့ရကြောင်း၊ ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီး အတွင်း ယာဉ်ကြော သွားလာမှုစနစ်တကျဖြစ်စေရေးအတွက် ခုံးကျော်တံတားများ တည် ဆောက်ခြင်းနှင့်လေးလမ်းသွား မြစ်ကူးတံတားကြီးများ တည်ဆောက်ပေးခြင်းစသည့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါလုပ်ငန်းများကြောင့် လက်ရှိဖြစ်ပေါ် နေသည့် ယာဉ်ကြောပိတ်ဆို့နေမှုကို လျှော့ချနိုင်ပြီး ကုန်စည်စီးဆင်းမှုမြန်ဆန်လာမည် ဖြစ်သည့်အတွက် ပြည်သူလူထု၏ စီးပွားရေး၊ လူမှုရေးနှင့်ကျန်းမာရေးကဏ္ဍများ ဖွံ့ဖြိုး တိုးတက်လာမည် ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ အမျိုးသား အကျိုးစီးပွားများ ဖြစ်ပေါ်လာစေရန် မပြတ်သောသတိ၊ မလျော့သော ဝီရိယများနှင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည့် ကဏ္ဍ များတွင် အခွင့်အလမ်းကောင်းများ ပိုမိုရရှိလာမည်ဟူသည့်အကြောင်းကိုလည်း ပြော ကြားလိုကြောင်း။
ယခုအခါ ပဲခူးမြစ်ကူးတံတား ( သန်လျင်တံတားအမှတ်- ၃ ) လေးလမ်းသွား တံတားသစ်ကြီးကို ဖွင့်လှစ်လိုက်ပြီဖြစ်သည့်အတွက် သန်လျင်တံတားအမှတ်(၁)တွင် ဖြစ်ပေါ်လျက်ရှိသည့် ယာဉ်ကြောပိတ်ဆို့မှုများကို ဖြေရှင်းပေးနိုင်တော့မည်ဖြစ်သည့် အပြင် သီလဝါအထူးစီးပွားရေးဇုန်ကိုအကြောင်းပြုပြီး ပြည်တွင်း၊ ပြည်ပ စီးပွားရေး လုပ်ငန်းများ တိုးပွားလာမှုကြောင့် ရန်ကုန်မြို့အပါအဝင် ရန်ကုန်တောင်ပိုင်းခရိုင် မြို့နယ် များဖြစ်သည့် သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွဒေသရှိ ပြည်သူများ၏ လူမှုစီးပွား ဘဝတိုးတက်လာမည် ဖြစ်ကြောင်း၊ နောင်အခါတွင် အရှေ့-အနောက် စီးပွားရေးစင်္ကြံ လမ်းမကြီးကို အသုံးပြုပြီး ဘားအံမြို့-မြဝတီမြို့အထိ ဆက်စပ်သွားလာနိုင်တော့မည် ဖြစ်သည့်အတွက် မွန်ပြည်နယ်နှင့်ကရင်ပြည်နယ်တို့၏ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အကျိုး ပြုမည်သာမက ဒေသတွင်းနိုင်ငံများနှင့်ပါ ဆက်သွယ်မှုပိုမိုဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း။
ယခုကဲ့သို့လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာခြင်းနှင့်အတူ သီလဝါအထူး စီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ စီးပွားရေးဦးတည်ချက်တွင်ပါဝင်သော “တိုးတက် ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေး ဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး နှင့်ပြည်တွင်းထုတ်ကုန်များကို နိုင်ငံတွင်းဖူလုံမှု မှသည် ပြည်ပသို့ တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ရေး”ဟူသည့် အချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အထောက်အကူများစွာ ပြုစေမည်ဖြစ်ကြောင်း။
ယခုတံတားကြီးတည်ဆောက်ပြီးစီးခြင်းနှင့်အတူ ဒေသခံပြည်သူများ၏ လူမှုစီးပွား ဘဝသာမကအလုပ်အကိုင်အခွင့်အလမ်းများပွင့်လန်းလာပြီး ခရီးသွားပြည်သူများလွယ်ကူ လျင်မြန်စွာဖြတ်သန်းသွားလာနိုင်ပြီဖြစ်သောကြောင့် တံတားကြီး ရေရှည်တည်တံ့ခိုင်မြဲ ရေးအတွက် တာဝန်ရှိသူများက ကြံ့ခိုင်ရေးကောင်းမွန်အောင် ပြုပြင်ထိန်းသိမ်းရာတွင် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများအတိုင်းတိကျစွာလိုက်နာပြီး ရေရှည်ကိုမျှော်မှန်းကာ ဆောင်ရွက်ကြရန်လိုသကဲ့သို့ ဒေသခံများကလည်း ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ပေး ကြရန် တိုက်တွန်းလိုကြောင်းဖြင့် ပြောကြားခဲ့ပါတယ်။
ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃) တည်ဆောက်ရေးစီမံကိန်း ကို ဂျပန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)နှင့် မြန်မာ နိုင်ငံ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ စီမံကိန်းအကောင်အထည်ဖော်ရေး သဘောတူညီချက်အရ ၂၀၁၃ ခုနှစ် မှစတင်၍ စီမံကိန်းလုပ်ငန်းအဆင့်အလိုက် အဆင့်ဆင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ တံတားအရှည်အနေဖြင့် မြစ်ကူးတံတားအပိုင်း ၆၆၆၃ ပေ၊ ကုန်းကျော်တံတားအပိုင်း ၁၉၇၅ ပေ၊ စုစုပေါင်း ၈၆၃၈ ပေရှိပြီး တံတားအကျယ် ၇၅ ပေဖြစ်ကြောင်း၊ ၄ လမ်းသွား တံတားဖြစ်ပြီး တစ်ဘက်လျှင် Safe Zone ၅ ပေစီပါရှိကြောင်း၊ တံတား၏ ရေလမ်း ကင်းလွတ်အမြင့်မှာ ၄၃ ပေရှိပြီး ရေလမ်းကင်းလွတ်အကျယ်မှာ ၇၃၅ ပေဖြစ်ကြောင်း၊ သံမဏိကြိုးဆိုင်းတံတား (Cable Stayed Bridge)၊ Steel Box နှင့် PC Box အမျိုးအစားဖြစ်ပြီး တံတားခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း ၇၅ တန်ဖြစ်ပါတယ်။ ဒီတံတားကြီး တည်ဆောက်ရေးမှာ ပြည်ပအင်ဂျင်နီယာများရဲ့ ကူညီပံ့ပိုးမှုသာမက ပြည်တွင်းက အင်ဂျင်နီယာတွေရဲ့ အခန်းအကဏ္ဍကိုလည်း ဗိုလ်ချုပ်မှူးကြီးက အသိအမှတ်ပြု ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
နောက်ထပ် အထင်ကရ တံတားကြီးတစ်စင်းကတော့ ဖွင့်ပွဲကျင်းပထားတာ ပူပူနွေးနွေးပွဲ ရှိပါသေးတယ်။ ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ (၆) ရက်နေ့က ဖွင့်လှစ်ပေးခဲ့တဲ့ မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ) တံတားကြီး ဖြစ်ပါတယ်။ တံတားဖွင့်ပွဲမှာ မြင်တွေ့ရတဲ့ ဗိုလ်ချုပ်မှူးကြီးရဲ့ ပီတိအပြုံးတွေက ဒေသခံပြည်သူများနဲ့ထပ်တူ ဝမ်းမြောက်မိပါတယ် ဆိုတဲ့ စကားနဲ့ ထင်ဟပ်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။
မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ) တံတားဖွင့်ပွဲအခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီး ပြောကြားသွားတာက မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့နှင့် မြစ်တဖက်ကမ်းတွင်ရှိသည့် ဒလမြို့ကို ဆက်သွယ်ထားသည့် မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ)တံတားကို အောင်မြင်စွာ တည်ဆောက်ဖွင့်လှစ်နိုင်သည့်နေ့ဖြစ်သဖြင့် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့်နေ့ဖြစ်ကြောင်း၊ ယခုတံတားကြီးကို တည်ဆောက်ဖွင့်လှစ်ပေးနိုင်ခဲ့ခြင်းအားဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်ပြီး နှစ်ပေါင်းရာချီမြို့သက်တမ်းရှိခဲ့သည့် ရန်ကုန်မြို့၏ မြို့လယ်ဧရိယာကို မြစ်တဖက်ကမ်း ဒလမြို့နယ်နှင့်ပါ ပေါင်းစပ်ပေးနိုင်ခဲ့ပြီဖြစ်သဖြင့် မှတ်တမ်းတင်ရမည့် နေ့တစ်နေ့ဖြစ်သည်ကို ပဏာမအနေဖြင့် ပြောကြားလိုကြောင်း။
ယခုတည်ဆောက်ပြီးစီးခဲ့သည့် မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ) တံတားသည် အရှည် (၆,၁၂၇) ပေရှိပြီး လေးလမ်းသွားတံတားသစ်ကြီးဖြစ်ကြောင်း၊ အခြားတံတားဒီဇိုင်းများနှင့်မတူဘဲ ရန်ကုန်မြို့၏ အထင်ကရအမှတ်အသား (Landmark) ဖြစ်အောင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် တည်ဆောက်ပြီးခဲ့သည့် တံတားများထဲတွင် ပင်လယ်ကူးသင်္ဘောများ ဝင်ထွက်သွားလာနိုင်သည့် ရေလမ်းကင်းလွတ်အမြင့်ဆုံး သံမဏိကြိုးဆိုင်းတံတား (Cable Stayed Bridge) အဖြစ် ခိုင်ခံ့လှပထည်ဝါစွာ တည်ဆောက်ဖွင့်လှစ်နိုင်ခဲ့သဖြင့် ဒေသခံများနှင့် ထပ်တူထပ်မျှ ဝမ်းသာကြည်နူးရသည်ကိုလည်း ပြောကြားလိုကြောင်း။
ယခုတံတားကြီးကို တည်ဆောက်နိုင်ရန် (၂၀၁၂) ခုနှစ်တွင် မြန်မာ-ကိုရီးယားနှစ်နိုင်ငံ ဆွေးနွေးညှိနှိုင်းမှုများ စတင်ဆောင်ရွက်ခဲ့ကြောင်း၊ ကိုရီးယားသမ္မတနိုင်ငံ (Economic Development Cooperation Fund-EDCF) ချေးငွေမှ အမေရိကန်ဒေါ်လာ (၁၅၇ဒသမ ၈၃၃) သန်းနှင့် နိုင်ငံတော်အစိုးရမှ ထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ (၃၀ ဒသမ ၃၄၁) သန်း၊ စုစုပေါင်း အမေရိကန်ဒေါ်လာ (၁၈၈ ဒသမ ၁၇၄)သန်းဖြင့် ၂၀၁၉ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး တံတားကြီးအပြီးသတ်ဆောင်ရွက်နိုင်ရန် မြန်မာကျပ်ငွေ (၂၃ ဒသမ ၀၆၂) ဘီလီယံကျပ်ကိုလဲ နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေမှ ထပ်မံဖြည့်စွက်ပြီး ပံ့ပိုးဆောင်ရွက်ပေးခဲ့သဖြင့် ယခုကဲ့သို့ အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ခြင်းလည်း ဖြစ်ကြောင်း။
ယခုအခါတွင် နိုင်ငံတော်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင်ရှိသည့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် အခြေခံအဆောက်အအုံဖြစ်သည့် ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍတွင် ပါဝင်သည့် လေကြောင်း၊ ရေကြောင်းနှင့် ကုန်းကြောင်းမှ လမ်း၊ တံတားများ ကောင်းမွန်ရေးနှင့် လျှပ်စစ်မီးရရှိရေးကို ဦးစားပေးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး လုံခြုံချောမွေ့မှသာ တိုင်းရင်းသားပြည်သူများ အပြန်အလှန် ကူးလူးဆက်သွယ်သွားလာနိုင်ပြီး ချစ်ကြည်ရင်းနှီးမှုများ ပိုမိုရရှိစေမည်ဖြစ်ကြောင်း။
ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ရန် အဓိကကျသည့် လိုအပ်ချက်များထဲမှ လမ်းပန်းဆက်သွယ်ရေး လွယ်ကူလျင်မြန်ခြင်းသည် အလွန်အရေးကြီးသည့်အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာရေးအတွက် ဦးစားပေးဆောင်ရွက်နိုင်စေရန် ပထဝီနှင့် သဘာဝအတားအဆီးဖြစ်သည့် မြစ်/ ချောင်းနေရာများတွင် တံတားများ တည်ဆောက်ပေးခြင်း၊ လမ်းများကို ရာသီမရွေးသွားလာနိုင်အောင် ဖောက်လုပ်ခြင်း၊ အဆင့်မြှင့်တင်ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပြီး မြို့ပြဒေသများသာမက ဝေးလံခေါင်းပါးသည့်ဒေသများပါမကျန် အချိုးညီညီ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း။
ယခုကဲ့သို့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများ အကောင်အထည် ဖော်ဆောင်ရွက်ရာ၌ ပြည်သူ့ဘဏ္ဍာငွေများ သုံးစွဲရာတွင် လေလွင့်မှုမရှိစေရေး၊ ရေရှည် တည်တံ့ခိုင်မြဲရန်အတွက် အရည်အသွေးကောင်းမွန်ရေး၊ ဒေသအတွက် အကျိုးဖြစ်ထွန်းမှု ရှိ/မရှိ ထောက်ပြဝေဖန်ပေးနိုင်ကြရန်နှင့် တည့်မတ်ပေးရန် တာဝန်ရှိသူများအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြရပါရန်လိုကြောင်း၊ ပြည်သူ့ဘဏ္ဍာငွေများကို အသုံးပြုဆောင်ရွက်သည့် စီမံကိန်းများသည် ဒေသအကျိုးဖြစ်ထွန်းစေမည့် စီမံကိန်းများဖြစ်ရန် လည်း လိုအပ်ကြောင်း။
ရန်ကုန်တိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကမြို့တော်ကြီးတစ်မြို့ဖြစ်ပြီး ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ လူဦးရေတိုးပွားလာမှုတို့ကြောင့် တစ်နေ့တာသွားလာသည့် ယာဉ်စီးရေသည်လည်း သိသိသာသာတိုးမြင့်လာခဲ့ကြောင်း၊ ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့တော် အင်္ဂါရပ်နှင့် ကိုက်ညီအောင် ယာဉ်ကြောသွားလာမှု စနစ်တကျဖြစ်စေရေး အခြေခံအဆောက်အအုံ (Infrastructure) များဖြစ်သည့်မြို့တွင်း လမ်းများတိုးချဲ့ခြင်း၊ ခုံးကျော်တံတားများ တည်ဆောက်ခြင်းနှင့် လိုအပ်သည့်နေရာများတွင် ယခုကဲ့သို့ လေးလမ်းသွား မြစ်ကူးတံတားကြီးများ တည်ဆောက်ပေးခြင်းတို့ကြောင့် ယာဉ်ကြောပိတ်ဆို့မှု လျှော့ချနိုင်ပြီး ခရီးသည်နှင့်ကုန်စည်စီးဆင်းမှု မြန်ဆန်လာသည့်အတွက် ပြည်သူလူထု၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးကဏ္ဍများမှာ ပိုမိုဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း။
မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ) တံတားကြီး တည်ဆောက်ပြီးစီးသွားပြီဖြစ်သည့်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့မှ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့များကို လွယ်ကူလျင်မြန်စွာသွားလာနိုင်မည်ဖြစ်သကဲ့သို့ ထိုမှတစ်ဆင့် ဧရာဝတီတိုင်းဒေသကြီးရှိ မြို့များသို့လည်း လွယ်ကူလျင်မြန်စွာ သွားလာနိုင်မည်ဖြစ်ကြောင်း၊ ဒလမြို့သည် ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ကို ဆက်သွယ်ထားသည့် ဝင်ပေါက်မြို့တစ်မြို့ဖြစ်လာပြီး ဒေသအတွင်းက ထုတ်ကုန်များကို ကုန်းလမ်းမှ အချိန်တိုအတွင်း သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် ဒေးဒရဲတံတားမှ တစ်ဆင့် ဒေးဒရဲ၊ ဖျာပုံ၊ ဘိုကလေးမြို့နှင့် ကမ်းခြေဒေသများအပါအဝင် ဧရာဝတီတိုင်းဒေသကြီးရှိ မြို့များကိုလည်း လွယ်ကူလျင်မြန်စွာ ဆက်သွယ်သွားလာနိုင်မည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့လယ်ဧရိယာနှင့် ကုန်းလမ်းဆက်သွယ်ရေး တိုက်ရိုက်ချိတ်ဆက်ဆောင်ရွက်နိုင်ပြီဖြစ်သဖြင့် ဒလမြို့အပါအဝင် တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့များလည်း မြို့ပြအသွင်ဆောင်ပြီး တစ်ပြိုင်တည်းဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း။ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏အမျိုးသားအကျိုးစီးပွားများ ပေါ်ထွန်းလာစေရန် မျှော်မှန်းချက်၊ ရည်မှန်းချက်များထားရှိပြီး မပြတ်သောသတိ၊ မလျော့သောဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံ၏အနာဂတ် ငြိမ်းချမ်းသာယာစေရန် နိုင်ငံသူနိုင်ငံသားများ၏ဘဝ ချမ်းမြေ့ပျော်ရွှင်စေရန် နိုင်ငံတော်အစိုးရအနေဖြင့် ကောင်းမွန်သည့် ရည်မှန်းချက်ဦးတည်ချက်များကို ကြိုးပမ်းပုံဖော်လျက်ရှိကြောင်း၊ မိဘပြည်သူတိုင်းရင်းသားညီအစ်ကိုများကလည်း နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ဖွံ့ဖြိုးတိုးတက်စေရေးစသည့် လုပ်ငန်းစဉ်များအပေါ် ပိုမိုပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုကြောင်း။
မြန်မာ - ကိုရီးယားချစ်ကြည်ရေး (ဒလ) တံတားကြီးအား ပြည်သူများအနေဖြင့် အသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် သတ်မှတ်ထားသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ကြရန်နှင့် တံတားကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဝိုင်းဝန်းစောင့်ရှောက်ပေးကြရန် မှာကြားလိုကြောင်း၊ တံတားကြီးကို အောင်မြင်စွာဖွင့်လှစ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ပေးခဲ့သည့် ကိုရီးယားသမ္မတနိုင်ငံအစိုးရနှင့် တံတားတည်ဆောက်ခြင်းဆိုင်ရာ တာဝန်ရှိသူများ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ကာယဉာဏဝန်ထမ်းများ၊ ပံ့ပိုးကူညီပေးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စစ်ဖက်နယ်ဖက်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဒေသခံပြည်သူများကို နိုင်ငံတော်အစိုးရက ကျေးဇူးအထူးတင်ရှိပါကြောင်း ဖြင့်ပြောကြားခဲ့ပါတယ်။
ဒလတံတားကြီး ဖွင့်လှစ်ပြီးချိန်မှာ ရန်ကုန်မြို့နေ ပြည်သူတွေ ဝမ်းမြောက်စွာနဲ့ တံတားကြီးပေါ်လာရောက်လည်ပတ်ပြီး ပျော်ရွှင်နေတာကို ကြည့်ခြင်းအားဖြင့် ပြည်သူများဟာ ဖွံ့ဖြိုးတိုးတက်ရေးကို ငံ့လင့်နေကြတယ်ဆိုတာ ထင်ရှားစေပါတယ်။ အစိုးရကလည်း ကာလရှည်ကြာ နှောင့်နှေးကြန့်ကြာနေတဲ့ စီမံကိန်းတွေကို ပြည်သူများရဲ့ အကျိုးအလို့ငှာ ပြန်လည်အကောင်အထည်ဖော်ဆောင်ခြင်းအားဖြင့် ပြည်သူများရဲ့ အကျိုးကို စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
အထက်ပါ စီမံကိန်းကြီး နှစ်ခုလုံးကို ပြန်လည်လေ့လာကြည့်ရင် ဒီစီမံကိန်း နှစ်ခုစလုံးဟာ ပြည်ခိုင်ဖြိုးပါတီ အစိုးရကာလ သမ္မတကြီးဦးသိန်းစိန်အစိုးရ လက်ထက်မှာ အခြေပြုခဲ့ပြီး NLD ပါတီ အစိုးရဖြစ်လာတဲ့ ၅နှစ်ကာလအတွင်းမှာ ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့လို့ ကြန့်ကြာနေရတာပဲ ဖြစ်ပါတယ်။
၂၀၂၁ - ၂၀၂၅ ကာလ ကို တပ်မတော်ဦးဆောင်တဲ့ အစိုးရလက်ထက်လို့ပဲ ပြောပါတော့။ ပြည်ပြေး ဝရမ်းပြေးတွေနဲ့ ပြည်ဖျက်မီဒီယာတွေမှာတော့ အာဏာသိမ်းအစိုးရ၊ အာဏာလုယူတဲ့အစိုးရ စသဖြင့် အောက်လုံးထိုးတိုက်ခိုက်မှုတွေက ယနေ့တိုင် တွေ့မြင်ရဆဲ ဖြစ်ပါတယ်။ ဒီလို အောက်လုံးထိုးတာတွေက သူတို့ကျူးလွန်ခဲ့တဲ့ ကမ္ဘာ့စံချိန်တင် မဲလိမ်မဲခိုးမှု၊ ပြည်သူလူထု ကောင်းကျိုးဖြစ်စေမယ့် စီမံကိန်းတွေကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်း မရှိတဲ့ NLD အစိုးရရဲ့ အားနည်းချက်တွေကို လိမ်ညာဖုံးကွယ်ချင်လို့ပဲ ဖြစ်ပါတယ်။
တပ်မတော်ဦးဆောင်တဲ့ အစိုးရက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါတဲ့ ပညာရေး၊ စီးပွားရေး၊ လမ်းပမ်းဆက်သွယ်ရေးကိစ္စတွေကို အလေးထား လုပ်ဆောင်နေတဲ့အချိန်မှာ ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူတွေနဲ့ ပြည်ဖျက်မီဒီယာတွေရဲ့ သွေးထိုးလှုံ့ဆော်မှုကြောင့် မိုက်လုံးထွားနေတဲ့ PDF အကြမ်းဖက်အဖွဲ့များနဲ့ KIA, KNU, AA, KNDF အစရှိသော တိုင်းဖျက် ပြည်ဖျက် လုပ်နေတဲ့ သူပုန်များကလည်း ပညာရေး၊ ကျန်းမာရေး၊ လမ်းပမ်းဆက်သွယ်ရေး အစစအရာရာကို ဖျက်ဆီးခဲ့ကြပါတယ်။
KNU နဲ့ PDF အကြမ်းဖက်အဖွဲ့တွေဟာ ပဲခူး၊ မွန်၊ ကရင်ပြည်နယ်တွေမှာ လမ်းတံတားတွေကို ဖျက်ဆီးခဲ့တာ အကြိမ်ကြိမ်ပါပဲ။ KIA နဲ့ PDF အကြမ်းဖက်အဖွဲ့တွေကတော့ လမ်းတံတားတွေကို ဖျက်ဆီးရုံမျှမက မြို့ရွာတွေကို ဖျက်ဆီးခဲ့ကြပါတယ်။ ရင်နင့်ဖွယ်ရာ ဖျက်ဆီးခံလိုက်ရတဲ့ တံတားကြီးကတော့ ဧရာဝတီမြစ်ကူးတံတား ရတာသိင်္ခတံတားကြီးပါပဲ။ TNLA နဲ့ PDF အကြမ်းဖက်အဖွဲ့တွေ ဖျက်ဆီးသွားတဲ့ ရတနာသိင်္ခတံတားကြီးကို စာရေးသူအပါအဝင် မီဒီယာအဖွဲ့ သွားရောက် မှတ်တမ်းတင်ခဲ့ပါတယ်။ ချည်းကပ်တံတားမှာ ပြင်းထန်တဲ့ မိုင်းကပ်ပြီး ဖောက်ခွဲဖျက်ဆီးသွားတာဖြစ်ပါတယ်။ ပြင်းအား ဘယ်လောက်ရှိမလဲတော့ မသိပါဘူး။ တံတားအခြေမှာ ကပ်ပြီး မိုင်းခွဲလိုက်တဲ့ ပြင်းအားဟာ တံတားအလယ်မှာ ထက်ပိုင်းကျိုးကျသွားတဲ့ အခြေအနေအထိ ဖြစ်ခဲ့ရပါတယ်။ ဒီတံတားကြီးကို ပညာရှင်တွေလည်း သွားရောက်စိစစ်ပြီးပါပြီ။ ဒီတံတားကြီးဟာ ဘယ်လိုမှ ပြန်လည်အသုံးပြုလို့ မရတော့ပါဘူး။ ဒီတံတားကြီးကို အသုံးပြုပြီး ဒေသခံပြည်သူများ သွားလာနေကြတယ်။ ဒေသထွက်ကုန်တွေ ကူးလူးရောင်းချနေကြတယ်။ ဒေသခံပြည်သူ ထောင်ပေါင်းများစွာရဲ့ အကျိုးစီးပွားကို TNLA, PDF ငမိုက်သားတွေက ဖျက်ဆီးသွားခဲ့ခြင်း ဖြစ်ပါတယ်။ ဒီတံတားကြီးရဲ့ တန်ဖိုးဟာလည်း သန်းပေါင်းများစွာ တန်ဖိုးရှိပါတယ်။ ပြည်သူ့ဘဏ္ဍာနဲ့ တည်ဆောက်ထားတဲ့ တံတားကြီးကို ပြည်ဖျက်မိစ္ဆာတွေက ဖျက်ဆီးသွားခဲ့ခြင်း ဖြစ်ပါတယ်။
ဒီလို အချင်းအရာတွေကို မြင်ရတွေ့ရရင်တော့ ဗိုလ်ချုပ်မှူးကြီးလည်း ပီတိအပြုံးတွေ မြင်ရတော့မှာ မဟုတ်ပါဘူး။ ပြည်ဖျက်မိစ္ဆာတွေရဲ့ လုပ်ရပ်တွေအပေါ် သံဝေဂ ဖြစ်ရပါလိမ့်မယ်။ ဒီတံတားကြီး ဖျက်ဆီးခံရခြင်းဟာ အထင်ကရပါ။ အကြမ်းဖက်သမားတွေက ဖျက်လိုက်၊ အစိုးရအဖွဲ့ တာဝန်ရှိသူတွေက လိုက်ပြင်လိုက် လုပ်နေတဲ့ နေရာတွေလည်း များစွာပါပဲ။ ရခိုင်ပြည်နယ်ဘက်မှာဆိုရင် သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်းဟာ စီမံကိန်းပြီးစီးမှု ၈၀ ရာခိုင်နှုန်းကျော်သွားပါပြီ။ သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းပြီးရင် ဒေသခံပြည်သူ ၁သန်းကို လျှပ်စစ်ဓာတ်အားပေးနိုင်မယ်လို့ မျှော်မှန်းထားပါတယ်။ အဲဒီ စီမံကိန်းကြီးဟာ ၂၀၂၄ နှစ်ကုန်ပိုင်းမှာပဲ AA အကြမ်းဖက်အဖွဲ့ ဝင်ရောက်လာပြီး ဖျက်ဆီးမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
ဒီအခြေအနေတွေကို သုံးသပ်မိတဲ့အတွက် ဗိုလ်ချုပ်မှူးကြီး က NCA (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားမှာ "လက်နက်ကိုင်ပြဿနာကြောင့် ထိခိုက်ဆုံးရှုံးမှုအများဆုံးဟာဖွံ့ဖြိုးမှုအားနည်းတဲ့ တိုင်းဒေသကြီးများနဲ့ ပြည်နယ်များသာဖြစ်ပေါ်နေတာကိုတွေ့ရပါတယ်။ အဲဒီဒေသ တွေဟာ လွတ်လပ်ရေးမရမီနှင့်ရပြီး နဂိုကတည်းက အခြေအနေအမျိုးမျိုး၊ အကြောင်းအမျိုးမျိုးတို့ကြောင့်ဖွံ့ဖြိုးမှုအားနည်းခဲ့သလို ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ကြောင့် “လဲရာသူခိုးထောင်း”ဆိုသလိုပိုမိုအခြေအနေဆိုးရွားလာတာတွေ့ရပါတယ်။ ကမ္ဘာ့နိုင်ငံတွေကို လေ့လာကြည့်ရင် နိုင်ငံရဲ့ဝေးလံလှတဲ့ ကျေးလက်ဒေသတွေမှာတောင် တည်ငြိမ် အေးချမ်းမှုရှိရင် ဖွံ့ဖြိုးတိုးတက်မှုရှိနေတာကိုတွေ့ရပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံ ဟာသဘာဝသယံဇာတပေါကြွယ်ဝတဲ့အပြင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေ အတွက် ကောင်းမွန်တဲ့ရေခံ၊ မြေခံတွေရှိပြီးဖြစ်လို့ တည်ငြိမ်အေးချမ်းမှုသာယာမှု ရှိလာပါက ခေတ်အဆက်ဆက်ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ ဒေသတွေမှာ ကျေးလက်ဒေသ များပါမကျန် ဖွံ့ဖြိုးတိုးတက်လာမှာ မလွဲမသွေပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ ဒေသခံပြည်သူလူထုရဲ့ မျက်နှာကိုကြည့်ကြပါ။ စာနာကြပါ။ သူတို့အတွက် တည်ငြိမ်အေးချမ်းမှုကို အားလုံးကဝိုင်းဝန်းကြိုးပမ်းပေးကြပါလို့ တိုက်တွန်း ပြောကြားလိုပါတယ်။ ဒီနေရာမှာပြောလိုတာကတော့လက်နက်စွဲကိုင်ပြီး လိုချင်တာတွေကို တောင်းဆိုခြင်း၊ လက်နက်ကိုင်လမ်းစဉ်ကို ဖက်တွယ်ပြီး လူမျိုးစွဲ၊ ဒေသစွဲကြီးမားစွာနဲ့ မိမိတို့ရဲ့ ဆန္ဒကိုသာ ရှေ့တန်းတင် ဦးစားပေးဖန်တီးလုပ်ဆောင်မှုများဟာ မိမိတို့ဒေသခံပြည်သူ လူထုကို ဖွံ့ဖြိုးမှုနောက်ကျအောင် ဆွဲချနေတာပဲဖြစ်ပါတယ်။ ဒီမိုကရေစီနဲ့ သွေဖည်နေပြီး မှန်ကန်တဲ့လုပ်ငန်းစဉ်မဟုတ်ကြောင်း အလေးအနက် သတိပြုရမှာဖြစ်ပါတယ်။ ဒီမိုကရေစီရွေးကောက်ပွဲများက ပေါ်ပေါက်လာတဲ့လွှတ်တော်အသီးသီးမှာ မိမိတို့လိုလားချက်တွေကို ဆွေးနွေးညှိနှိုင်း ဆုံးဖြတ်ရယူကြရမှာဖြစ်ပါတယ်။" လို့ ပြောကြားခဲ့ပါတယ်။
ပြည်သူတွေဟာ ဖွံ့ဖြိုးတိုးတက်ရေးကို ငံ့လင့်နေကြတယ်။ အစိုးရကလည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်နေတယ်။ ပြည်ဖျက်မိစ္ဆာတွေကတော့ ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခြင်း မရှိတဲ့အပြင် နည်းမျိုးစုံနဲ့ နှောက်ယှက်ဖျက်ဆီးနေကြတယ်။ ဒီအချင်းအရာတွေကို ကြည့်ခြင်းအားဖြင့် KNU, KIA, AA ဖြစ်စေ၊ CRPH, NUG, PDF ဖြစ်စေ ပြည်သူများမလိုလားအပ်တဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားကို ဖျက်ဆီးနေတဲ့ အဖွဲ့အစည်းများ ဖြစ်သောကြောင့် ပြည်သူများက ဆန့်ကျင်ကန့်ကွက်ကြဖို့ လိုပါတယ်။ အစိုးရအနေနဲ့ကလည်း တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းများကို နှောက်ယှက်ဖျက်ဆီးနေတဲ့ အဖွဲ့အစည်းများကို ဥပဒေနဲ့အညီ တိကျစွာ နှိမ်နင်းဆောင်ရွက်မှသာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျကျန်နေခဲ့တဲ့ အဆိုးသံသရာထဲကနေ ရုန်းထွက်နိုင်မှာ ဖြစ်ပါကြောင်း - ။ ။
နောင်တော်လေး (ဘိုကလေး)
#MNP #Article

No comments:
Post a Comment