မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၉
မွန်ပြည်နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ၂၀၂၆ ခုနှစ်၊ စဉ်ဆက်ပညာရေးလုပ်ငန်း နယ်မြေအလိုက်စာသင်ဝိုင်းများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း၌ စဉ်ဆက်ပညာရေးလုပ်ငန်းစာသင်ဝိုင်းများ ဖွင့်လှစ်ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က စာသင်ဝိုင်းများတွင် ကျောင်းသား၊ ကျောင်းသူလေးများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကားများ ပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်ရှိ စာစစ်ဌာန(၃၂)ခုတွင် ကျောင်းသား၊ ကျောင်းသူ(၁၀၉၉၁)ဦး ဖြေဆိုမည်ဟု စာရင်းပေးသွင်းထားကြောင်း၊ စာမေးပွဲဖြေဆိုသည့် ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သက်ဆိုင်ရာ စာဖြေဌာနသို့ သွားလာမှုအဆင်ပြေစေရေး၊ စာမေးပွဲဆိုင်ရာလုပ်ငန်းများ လုံခြုံမှုရှိစေရေး၊ လျှပ်စစ်မီးမပျက်တောက်စေရေး ဆောင်ရွက်ပေးသွားကြစေလိုကြောင်း၊ မိမိတို့ပြည်နယ်၏ နှစ်အဆက်ဆက်ရရှိခဲ့သော ပညာရေးမြင့်မားမှုဂုဏ်ကို ထိန်းသိမ်းပေးကြရန်နှင့် စာမေးပွဲအောင်ချက်မြင့်မားစေရေး ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အစွမ်းကုန်ကြိုးစား ဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားကာ စာဖတ်ဝိုင်းအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်လမြိုင်မြို့၊ အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်း၌ စဉ်ဆက်ပညာရေးလုပ်ငန်း စာသင်ဝိုင်းများ ဖွင့်လှစ်ဆောင်ရွက်နေမှု အခြေအနေတို့အား ကြည့်ရှုအားပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူလေးများအား ရင်းရင်းနှီးနှီး အားပေးတွေ့ဆုံခဲ့ကာ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး၊ မိမိတို့၏စာသင်ကျောင်းနှင့်ပြည်နယ်၏ ဂုဏ်သိက္ခာမြင့်မားတိုးတက်စေရေး ကြိုးစားပေးကြရန်လမ်းညွှန်မှာကြားခဲ့ပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
စည်သူ
#News #MNP





No comments:
Post a Comment