နိုင်ငံသားအားလုံး လူ့အခွင့်အရေးအပြည့်အဝရရှိစေရေး ဖြောင့်မတ်တည်ကြည်သည့် တရားစီရင်ရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

နိုင်ငံသားအားလုံး လူ့အခွင့်အရေးအပြည့်အဝရရှိစေရေး ဖြောင့်မတ်တည်ကြည်သည့် တရားစီရင်ရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ


နေပြည်တော်၊ ဖေဖော်ဝါရီ ၁၃

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၆ ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင် "အကြမ်းဖက်မှုပပျောက်၍ တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံသားအားလုံး လူ့အခွင့်အရေးအပြည့်အဝရရှိစေရေးတို့အတွက် ဖြောင့်မတ်တည်ကြည်သည့် တရားစီရင်ရေးစနစ်ကို အကောင်အထည်ဖော် ဆောင်လျက်ရှိကြောင်း ပြောကြားထားသည်။

အဆိုပါ သဝဏ်လွှာတွင် ဗိုလ်ချုပ်မှူးကြီး က "နိုင်ငံအတွင်းတရားဥပဒေစိုးမိုးရေးကို အထောက်အကူပြုနိုင်ရန်အတွက် နိုင်ငံ့ဝန်ထမ်းများသာမက မျိုးဆက်သစ် ကျောင်းသား ကျောင်းသူများကို ဥပဒေနှင့်ပတ်သက်သည့် အသိပညာများ သင်ကြားဖြန့်ဝေပေးလျက်ရှိကြောင်း" ပြောကြားထားသည်။

ဗိုလ်ချုပ်မှူးကြီး က တပ်မတော်သည် ပြည်သူကြားမှ သန္ဓေတည်ပေါက်ဖွားလာသော မျိုးချစ်ပြည်သူ့တပ်မတော်ဖြစ်သကဲ့သို့ တိုင်းရင်းသားပေါင်းစုံပါဝင်သည့် ပြည်ထောင်စုတပ်မတော်လည်းဖြစ်ကြောင်း၊ နိုင်ငံတော်အတွက် မယိမ်းမယိုင်ရပ်တည်ခဲ့သော အခိုင်မာဆုံးအဖွဲ့အစည်းဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် လွတ်လပ်ရေးရရှိပြီးချိန်မှစတင်၍ ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းသောင်းကျန်းမှုများကို ယနေ့အချိန်အထိ ထိန်းသိမ်း ဆောင်ရွက်နေကြောင်း၊ ပြည်သူတစ်ရပ်လုံး၏ အားပေးထောက်ခံမှုဖြင့် တိုင်းပြည်အပေါ် ကျရောက်လာသည့် ပြည်တွင်း၊ ပြည်ပအန္တရာယ်ရန်စွယ်ဟူသမျှကို မျိုးချစ်စိတ်ဓာတ်အရင်းခံ၍ စွန့်လွှတ်စွန့်စားမှုဖြင့် အစွမ်းကုန်ကာကွယ်စောင့်ရှောက်လျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးကိုလိုလားသည့် ပြည်သူများနှင့်လက်တွဲပြီး လက်နက်ကိုင်သောင်းကျန်းသူများ၏ ဥပဒေမဲ့အကြမ်းဖက်လုပ်ရပ်များ၊ နယ်မြေချဲ့ထွင်ရေး တိုက်ပွဲဖော်ဆောင်မှုများကို ထိန်းသိမ်းကာကွယ်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် ပြည်ပအမှီအခိုကင်းစွာဖြင့် ပြည်တွင်းအင်အားစုများကိုအခြေခံကာ ပြည်သူတစ်ရပ်လုံးပါဝင်သည့် ခေတ်မီပြည်သူ့ကာကွယ်‌ရေးစနစ်ကို ကြိုးပမ်းဖော်ဆောင်သွားမည် ဖြစ်ကြောင်း၊ ကမ္ဘာတည်သရွေ့ တပ်မတော်တည်ရှိနေပါမည်။ တပ်မတော်တည်ရှိနေသရွေ့ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲနေပါမည်။ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးကလည်း နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် တစ်သားတည်းရပ်တည်ပြီး ပြည်ထောင်စုမပြိုကွဲရေးအတွက် အမိနိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ကြရန် လိုအပ်ကြောင်း ပြောကြားထားသည်။

တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နှင့်အတူ တိုင်းရင်းသားလူမျိုးများအားလုံး လက်တွဲပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းထားသည်။


#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)