မကွေး ၊ ဖေဖော်ဝါရီ ၂၆
မကွေးတိုင်းဒေသကြီး (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးအောက်ထပ်အစည်းအဝေးခန်းမ၌ကျင်းပသည်။
ဦးစွာ တောင်သူလယ်သမားနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းကော်မတီနာယက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က သီးနှံစိုက်စွမ်းအား မြင့်မားရေးအတွက် သီးထပ်သီးညှပ်တိုးချဲ့စိုက်ပျိုးရေး၊ သီးနှံထုတ်လုပ်မှုမြင့်မားရေးအတွက် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ဒေသတွင်းဖူလုံမှုမှသည် ပြည်ပသို့တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသတွင်းစားရေရိက္ခာဖူလုံပိုလျှံစေရေး၊ ကျေးလက်နေပြည်သူများရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိရာမှာ ဒေသရဲ့စားရေရိက္ခာဖူလုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လယ်ယာစိုက်ပျိုးရေးနဲ့ မွေးမြူရေးကဏ္ဍမှာ ပါဝင်ဆောင်ရွက်လျက်ရှိတဲ့ စိုက်ပျိုးမွေးမြူထုတ်လုပ်သူ တောင်သူလယ်သမားများကို ဂုဏ်ပြုတဲ့အနေနဲ့ ၂၀၂၆ ခုနှစ်၊ မတ်လ(၂)ရက်နေ့မှာ ကျရောက်တဲ့ (၆၄) နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနားကို အနှစ်သာရပြည့်ဝစွာနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ဖို့အတွက် ယခုအစည်းအဝေးကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ယခင်နှစ်(၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနားမှာ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကဏ္ဍမှာ ထူးချွန်စွာဆောင်ရွက်ခဲ့ကြတဲ့ ခရိုင်၊ မြို့နယ်နဲ့တောင်သူများကို ဂုဏ်ပြုဆုများပေးအပ်ခဲ့ရာမှာ သီးနှံစိုက်စွမ်းအားနဲ့ သီးထပ်စွမ်းအားတိုးတက်ရေးဆောင်ရွက်မှု ခရိုင်နဲ့မြို့နယ်ဆု(၆)ဆု၊ စိုက်ပျိုးရေးဂုဏ်ထူးဆောင်ဆု(၁၂)ဆုနဲ့ မွေးမြူရေးဂုဏ်ထူး ဆောင်ဆု (၂)ဆု၊ စုစုပေါင်း ဂုဏ်ထူးဆောင်ဆု (၂၀)ဆု ချီးမြှင့်ခဲ့ပြီး ဌာနအလိုက်ပြခန်းများ၊ ကုမ္ပဏီနဲ့ အဖွဲ့အစည်းများရဲ့ ပြခန်းများနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ကြောင်း၊ ယခုနှစ်မှာလည်း အလားတူဂုဏ်ထူးဆောင်ဆုများ ချီးမြှင့်နိုင်ရေး၊ ဂုဏ်ပြုကျေးလက်အကများ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ ပြခန်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ယခင်နှစ်ရဲ့ အတွေ့အကြုံများအပေါ်အခြေခံပြီး သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ပေးကြဖို့ ပြောကြားလိုကြောင်း၊ တိုင်းဒေသကြီးရဲ့ စားရေရိက္ခာဖူလုံရေးနဲ့ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအခြေခံအုတ်မြစ်ဖြစ်တဲ့ တောင်သူလယ်သမားကြီးများကို ထိထိရောက်ရောက် ဂုဏ်ပြုနိုင်ရေးနဲ့ တိုင်းဒေသကြီးအဆင့်နဲ့ လျော်ညီစွာကျင်းပနိုင်ရေး၊ စည်ကားသိုက်မြိုက်စွာနှင့် အနှစ်သာရရှိရှိ အောင်မြင်စွာ ကျင်းပပြီးမြောက်စေရေး ယနေ့တက်ရောက်လာသူများအနေဖြင့် ပေါင်းစပ်ညှိနှိုင်း ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ တောင်သူလယ်သမားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်းနှင့် လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးယဉ်ထွန်းတို့က (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းဆောင်ရွက်မှုအစီအမံများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြပြီး၊ တက်ရောက်လာသူများမှ အထွေထွေဆွေးနွေး တင်ပြချက်များအပေါ် တောင်သူလယ်သမားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းကော်မတီနာယက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment