၂၀၂၀ ရွေးကောက်ပွဲကြီးမှာ NLD အစိုးရက မဲလိမ်မဲခိုးမှုတွေ ကျူးလွန်ခဲ့တာကြောင့် တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူပြီး စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်တဲ့ အခြေအနေကစလို့ နိဒါန်းချီလိုက်ချင်ပါတယ်။ တပ်မတော် ဦးဆောင်သော နစကအစိုးရက မျိုးဆက်သစ်ကျောင်းသားလူငယ်တွေရဲ့ ပညာသင်ကြားခွင့်၊ သင်ယူခွင့် မဆုံးရအောင် စာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်ဖို့ စီစဉ်လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီအချိန်မှာ အာဏာလက်မဲ့ဖြစ်ပြီး စိတ်ရူးစိတ်မိုက်ဝင်နေတဲ့ ပြည်ပြေး ဝရမ်းပြေးတွေက ကျောင်းမတက်နဲ့ ကျောင်းထွက်လို့ လှုံ့ဆော်ကြပါတယ်။ ထိုစဉ်အချိန်က လူမှုကွန်ရက်တွေကို စနစ်တကျ ပိတ်ပင်တာမျိုးလည်း မရှိတဲ့အခါကြတော့ ပြည်ပြေး ဝရမ်းပြေး နိုင်ငံလုပ်စားသူတွေနဲ့ ပြည်ဖျက်မီဒီယာတွေက ဖြန့်ဝေတဲ့ သတင်းတွေဟာ လူငယ်ထုကြားကို ပျံ့နှံ့လွယ်ပါတယ်။
ကျောင်းမတက်နဲ့ ကျောင်းထွက်လို့ လူငယ်တွေကို လှုံ့ဆော်သလို စာပေသင်ကြားပေးမယ့် ဆရာ၊ ဆရာမများကိုလည်း CDM လုပ်ကြဖို့ လှုံ့ဆော်ပါတယ်။
အဲဒီအချိန် က ကျွန်တော်ညီ အငယ်ဆုံးဟာ ၉တန်း တက်ရမယ့်နှစ် ဖြစ်ပါတယ်။ ကျောင်းတွေ ပြန်ဖွင့်မယ်ဆိုတော့ ညီလေးကို ကျောင်းပြန်တက်ဖို့ ပြောပါတယ်။ သူက ကျောင်းမတက်ဘူးလို့ ပြောပါတယ်။ အိမ်မှာ အလုပ်အကိုင် အဆင်မပြေတဲ့ အခက်အခဲလည်း ရှိပါတယ်။ သို့သော်လည်း အဆင်ပြေအောင် ဆောင်ရွက်ပေးမယ်။ ကျောင်းတက်ဖို့ကို ကျွန်တော်က တိုက်တွန်းတယ်။ သူက ကျောင်းမတက်ဘူးလို့ အတန်တန် ငြင်းဆန်နေတော့ ကျွန်တော် သဘောပေါက်လိုက်ပါပြီ။ ငါ့ညီလေး နိုင်ငံရေးမှိုင်းမိနေပြီ။ မိသားစုထဲမှာလည်း အပိန်းတွေ များတယ်။ ဒီစနက်တွေပဲ ဖြစ်မယ်လို့ ကျွန်တော်သဘောပေါက်လိုက်ပါတယ်။
အဲဒီမှာ ကျွန်တော့်ညီလေးကို ဖျောင်းဖြပြောဆိုကြည့်တယ်။ ကျွန်တော် ပြောခဲ့တာက "ညီလေး မင်းကျောင်းတက်ရမယ်။ ငါတို့အမေက ငါတို့ကို ငယ်စဉ်က ပြောခဲ့ဖူးတယ်။ လောကမှာ ငွေရှိရင် ရှိ၊ ငွေမရှိရင် ပညာရှိမှ လောကအလယ်မှာ တင့်တယ်မယ်။ အမေက သူကိုယ်တိုင် ပညာမတတ်ပေမယ့် သူ့သားတွေကို ပညာတတ်ကြီးတွေ အရမ်းဖြစ်စေချင်တယ်။ မင်းက မင်းအမေ စကားကို နားထောင်မှာလား။ ပြည်ပြေး ဝရမ်းပြေးတွေရဲ့ စကားကို နားထောင်မှာလား" လို့ ပြောကြည့်တယ်။ ခွန်းတုန့်မပြန်ပါဘူး။ ကျောင်းတက်မယ်၊ မတက်ဘူးတောင် ပြန်မပြောတော့ပါဘူး။
ကျွန်တော့်စိတ်ထဲမှာတော့ အစာမကြေဘူး။ နောက်တစ်ခါ ညီလေးကို ထပ်ပြောပြန်တယ်။ "မင်း ဘာလို့ ကျောင်းမတက်တာလဲ။ ဟုတ်ပြီကွာ တပ်မတော်ကို မကျေနပ်လို့ ကျောင်းမတက်တာဆိုရင် တပ်မတော်အရာရှိဆိုတာ လမ်းဘေးက ကောင်တွေလို မဟုတ်ဘူး။ အနည်းဆုံး (၁၀)တန်းအောင်ပြီး၊ စစ်တက္ကသိုလ်တက်ပြီးမှ စစ်ဗိုလ်ဖြစ်တာ။ စစ်ဗိုလ်တွေနဲ့ ပြိုင်ချင်ရင် စစ်ဗိုလ်တွေလို ပညာတတ်ဖို့တော့ လိုတာပေါ့။" ဆိုလည်း ကျွန်တော့်ညီက ခွန်းတုန့်မပြန်ပါဘူး။
အဲဒီလိုနဲ့ ကျောင်းစဖွင့်တဲ့နှစ်မှာ ကျွန်တော့်ညီလေးက ကျောင်းပြန်မတက်လို့ တစ်နှစ် နစ်နာခဲ့ရပါတယ်။ အဲဒါ ပြည်ပြေး ဝရမ်းပြေးတွေနဲ့ ပြည်ဖျက်မီဒီယာတွေရဲ့ စနက်ဟာ ကျွန်တော်တို့ သွေးသားချင်းတောင် ဖျောင်းဖြပြောဆိုလိုပ မရတဲ့အထိ ဝါဒဖြန့်ချိမှုက ထိရောက်တယ်လို့ ဆိုနိုင်ပါတယ်။
နောက်နှစ်တော့ ကျွန်တော်ကိုယ်တိုင် ညီလေးကို အိမ်မှာလာနေပြီး ကျောင်းတက်ပါလို့ ခေါ်ထားတော့မှ ကျောင်းပြန်တက်ဖြစ်ပါတယ်။ အခုဆိုရင် ကျွန်တော့်ညီလေး G-12 ပြီးလို့ အမှတ်လည်း မီတဲ့အတွက် ပညာရေးတက္ကသိုလ်တက်ချင်တယ်ဆိုတာနဲ့ ပညာရေးတက္ကသိုလ် တက်နေပါပြီ။
ဒီကြားကာလမှာ ကျောင်းဆရာတစ်ယောက်ရဲ့ မိသားစုမှာလည်း တူမလေးတစ်ယောက်ကို ကျောင်းပြန်တက်ခိုင်းတာ သူ့အဖေက မတက်ခိုင်းဘူးတဲ့။ ပြည်ပြေး ဝရမ်းပြေးတွေရဲ့ စကားတွေကို နားယောင်ပြီး တက်ခိုင်းတာပါ။ နောက်နှစ် ဆရာက ခေါ်ပြီး ကျောင်းထားပေးတော့လည်း ဘာမှမပြောတော့ဘူးလို့ ဆိုပါတယ်။
ဒီကာလအတွင်းမှာ ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူတွေနဲ့ ပြည်ဖျက်မီဒီယာတွေရဲ့ စနက်ကြောင့် CDM လုပ်သွားတဲ့ ဆရာ/ ဆရာမတွေ အတိဒုက္ခရောက်ရသလို CDM မလုပ်တဲ့ ဆရာမတွေကိုလည်း ရက်စက်စွာ သတ်ဖြတ်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ပြည်ပြေး ဝရမ်းပြေးတွေရဲ့ လက်ပါးစေ PDF တွေ ရှိတဲ့နေရာမှာ ကျောင်းတက်ခဲ့ရတဲ့ ကျောင်းသား၊ ကျောင်းသူတွေမှာလည်း အန္တရာယ်တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဝမ်းနည်းကြေကွဲဖွယ်ရာတွေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ ကာလ ဖြစ်ပါတယ်။
ပြည်ပြေး ဝရမ်းပြေးတွေက ၄၊ ၅၊ ၆လ နေရင်နိုင်တော့မှာ။ ကျောင်းမတက်ကြနဲ့။ ကျောင်းတက်လို့ ခြေပြတ် လက်ပြတ်ဖြစ်ကုန်ရင် တာဝန်မယူဘူး ဆိုတာမျိုးအထိ ခြောက်လှန့်ခဲ့ကြပါတယ်။ တကယ်တော့ အဲဒီလူတွေဟာ ကိုယ့်စကားကို တန်ဖိုးမထားတဲ့ သူတွေပါ။ သူတို့ ပြောသလို ၆လအထိလည်း သူတို့ရဲ့ အကြမ်းဖက်လှုပ်ရှားမှုက အများပြည်သူ ထိခိုက်နစ်နာဆုံးရှုံးမှုတွေဟာ ရှိပြီး ဘာမှအပြောင်းအလဲ မရှိပါဘူး။ နောက်ဆုံး ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပပြီးသည်အထိလည်း သူတို့ရဲ့ အကြမ်းဖက်လှုပ်ရှားမှုက အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေကို ပစ်မှတ်ထားသတ်ဖြတ်တာတွေလုပ်သလို သူတို့ရဲ့ လက်ပါးစေ လူငယ်လူရွယ်တွေ အများကြီး သေဆုံးခဲ့ရတာပဲ ရှိပါတယ်။ ဘာမှ ကောင်းကျိုးရလာဒ်ထွက်ပေါ်လာတာ မရှိပါဘူး။
ကျွန်တော် "ပညာတတ်မှ နိုင်ငံရေးလုပ်ပါ" လို့ ခေါင်းစဉ်တပ်ပြီး ဆောင်းပါးရေးမယ်လို့ စိတ်ကူးရပြီး စီကာစဉ်ကာ အတွေးနယ်ချဲ့နေစဉ်မှာ စာရေးဆရာကြီး ဆရာနွမ်ဂျာသိုင်းရဲ့ စာပေဟောပြောပွဲ အတိုအစလေးတစ်ခု လူမှုကွန်ရက်မှာ ပြန်တွေ့လိုက်ရတယ်။ ဆရာနွမ်ဂျာသိုင်း ပြောတာက ပညာပါလှပါတယ်။ ဆရာနွမ်ဂျာသိုင်း က "နိုင်ငံရေးကို အကြောင်းပြပြီးတော့ လုပ်စားနေတဲ့သူတွေ သိပ်ပေါများနေလို့၊ ဘယ်သူဘယ်ဝါလို့ ကျွန်တော် မပြောဘူး။ သို့သော် ဗမာပြည်မှာလောက် နိုင်ငံရေးနဲ့ လုပ်စားနေတဲ့သူများတာ၊ လုပ်စားပါ။ ကျွန်တော်တို့ ဝင်လုဖို့လည်း မရှိပါဘူး။ မနာလိုလည်း မဖြစ်ပါဘူး။ လုပ်စားကြပါ။ သို့သော်လည်း တချို့ကိစ္စတွေကြတော့ ရင်နာတယ်ဗျာ။ ဗမာပြည်မှာ တက္ကသိုလ်ကျောင်းတွေ ဖွင့်မရတာ ဘယ်လောက်ကြာပြီလဲ။ အခု ကျောင်းသားလောကထဲမှာပါ ဒီနိုင်ငံရေးသမားဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ ကလေးတွေ စာမှန်မှန် မသင်နိုင်အောင် (ဟေ့ရောင် မင်းတို့ သင်လို့လည်း ဘာမှအကြောင်းမထူးဘူး။ ထွက် ပညာရေးစနစ်က ဘာဖြစ်တယ် ညာဖြစ်တယ်။ လာ ငါလမ်းကြောင်းပေးမယ်၊ အဲဒီမှာ မင်းတို့ ဆန္ဒပြ၊ မင်းတို့ ကျောင်းခန်းထဲမှာ မနေနဲ့၊ သမဂ္ဂဖွဲ့၊) သမဂ္ဂဖွဲ့တာ၊ ဆန္ဒပြတာကို ကျွန်တော် ဆန့်ကျင်တာမဟုတ်ဘူး။ ဒါတွေလိုချင်လို့ပဲ၊ ဒါလုပ်ချင်လို့ပဲ အဲဒီ ဒီမိုကရေစီဆိုတဲ့ ခေတ်ကြီးကို ကျွန်တော်တို့ တောင်းတခဲ့ကြတာ။ ဒါကို ကန့်ကွက်တာမဟုတ်ဘူး။ ဒါပေမယ့် စာသင်နေတဲ့ ကလေးတွေ၊ အလုပ်ခွင်ထဲမှာ မိဘကို လုပ်ကျွေးနေတဲ့ ကလေးတွေကို စွဲထုတ်တာတော့ ရင်နာတယ်ဗျာ။ ဒီကလေးတွေ ဘယ်အချိန် ပညာသွားသင်မလဲ။ ခုစွဲထုတ်ပြီးတော့ ခိုင်းရင်၊ ဒီကလေးတွေကို ပြောတော့ စကားလုံးက သိပ်လှတာပဲ၊ အနာဂတ်ရဲ့ ခေါင်းဆောင်တဲ့။ အဲဒီ အနာဂတ်ရဲ့ ခေါင်းဆောင်တွေကို စာသင်ခန်းထဲက စွဲထုတ် အပြင်မှာ၊ လမ်းပေါ်မှာ ဟိုအော် ဒီအော် အော်ခိုင်းပြီးတော့ ဘဝဖျက်ဆီးပစ်ပြီးတော့ အနာဂတ်ရဲ့ခေါင်းဆောင် သူက ဘယ်လိုခန့်မှာလဲ။ တိုင်းပြည်ခေါင်းဆောင် မပြောနဲ့။ အရပ်ထဲမှာ၊ ရွာမှာ၊ ရပ်ကွက်ထဲမှာ အုပ်ချုပ်ရေးမှူးရွေးတာတောင်မှ ဘွဲ့ရမှဆိုတဲ့ စာကြီး ခံထားတယ်။ ဒီကလေး တိုင်းပြည်ခေါင်းဆောင်ဖြစ်ဖို့ နေနေသာ ဆယ်အိမ်ခေါင်းတောင် မဖြစ်နိုင်တော့ဘူး။ စာမသင်ရရင်။ အဲဒီတော့ ကလေးတွေကို စာသင်ခန်းထဲက စွဲထုတ်တာမျိုး နိုင်ငံရေးလုပ်တယ်လို့ ပြောရင် ကျွန်တော် သိပ်ရင်နာတယ်။" လို့ ဆရာက ပြောဆိုသွားပါတယ်။ ဆရာနွမ်ဂျာသိုင်းရဲ့ ပြောဆိုချက်ကို ကျွန်တော်တို့ မျိုးဆက်သစ် လူငယ်တိုင်း တွေ့မြင်ပြီး ဆင်ခြင်သတိပြုမိစေချင်တဲ့အတွက် ဒါကို ကောက်နှုတ် တင်ပြခြင်း ဖြစ်ပါတယ်။
ကျွန်တော် ၂၀၁၀ နောက်ပိုင်းမှ မီဒီယာနယ်ပယ်ထဲကို ရောက်ပါတယ်။ အဲဒီအချိန်မှာ လယ်မြေသိမ်းဆည်းခံရမှုတွေကို ဖော်ထုတ်နေတဲ့ နိုင်ငံရေးသမားတွေနဲ့ တွဲပြီး လယ်ယာမြေသိမ်းဆည်းခံရမှုတွေကို လိုက်ပါရေးသားဖော်ထုတ်ခဲ့ပါတယ်။ အဲဒီအချိန် NLD လူငယ်ထဲမှာ ခုနှစ်တန်းအောင်၊ ရှစ်တန်းနဲ့ နိုင်ငံရေးပါတီရုံးမှာ ဝင်လုပ်နေတဲ့ လူငယ်လေးတစ်ယောက်နဲ့ ခင်မင်ပါတယ်။ ကျွန်တော့်မိတ်ဆွေက တစ်ဆင့် ခင်မင်သွားတာပါ။ သူလည်း အမျိုးသားရေးစိတ်ဓာတ်ရှိတဲ့ လူငယ်တစ်ယောက်ပါပဲ။
သူ့ကို ကျွန်တော့်မိတ်ဆွေက ကျောင်းပြီးအောင်တက်ဖို့ ပြောတယ်။ ကျောင်းပြီးမှ လုပ်ချင်ရာလုပ်ဖို့ ပြောတယ်။ ကျွန်တော့်မိတ်ဆွေ ပြောတဲ့ သင်ခန်းစာကတော့ စာရေးဆရာကြီး သာဓု ရေးထားတဲ့ အတာဝတ္ထုအကြောင်းပဲ ဖြစ်ပါတယ်။ အတာ က နိုင်ငံရေးကို စိတ်ပါဝင်စားပြီး ၈တန်းနဲ့ ကျောင်းထွက်တယ်။ နိုင်ငံရေးလိုက်လုပ်တယ်။ သူနိုင်ငံရေးကို စိတ်ဝင်စားတဲ့အချိန်မှာ သူ့ သူငယ်ချင်းအတန်းဖော်တွေက နိုင်ငံရေးကို လုံးဝ စိတ်မဝင်စားကြဘူး။ အတာကတော့ နိုင်ငံရေးမှာ ဆရာကြီးဖြစ်နေပြီပေါ့။ နောက်တော့ အတာဝင်ရောက်နေတဲ့ နိုင်ငံရေးပါတီမှာ ကိုယ်စားလှယ်တွေ ရွေးတဲ့အခါကြတော့ သူ့အတန်းဖော် သူငယ်ချင်းတွေ ပါလာတယ်။ သူတို့က ဘွဲ့ရ ပညာတတ် ကိုယ်စားလှယ်ကြီးတွေတဲ့။ ရှစ်တန်းနဲ့ ကျောင်းထွက်ပြီး နိုင်ငံရေးထဲ ပါခဲ့တဲ့ အတာကတော့ ကိုယ်စားလှယ်မဖြစ်ဘူး။ ကိုယ်စားလှယ်တွေရဲ့ နောက်လိုက်ပဲ ဖြစ်ရပါတယ်။ အဲဒီတော့မှ အတာ သဘောပေါက်သွားပါတယ်။ ကျွန်တော့် မိတ်ဆွေက အဲဒီ ညီငယ်လေးကို အတာဝတ္ထုကို ပမာထားပြီး ဆုံးမပါတယ်။
နိုင်ငံရေးလို့ ဆိုလိုက်ရင်လည်း ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေ လုပ်တဲ့ နိုင်ငံရေးနဲ့ စစ်မှန်တဲ့ နိုင်ငံရေးကို ခွဲခြားသိမြင်ဖို့ လိုပါတယ်။ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေ လုပ်တဲ့ နိုင်ငံရေးဆိုတာက ပြည်ပ အထောက်အပံ့ယူပြီး တပ်မတော်နဲ့ ပြည်သူကို သွေးခွဲတဲ့ နိုင်ငံရေး (တစ်နည်းအားဖြင့် လုပ်စားနိုင်ငံရေး) လို့ နားလည်ရမှာ ဖြစ်ပါတယ်။ အစစ်အမှန် နိုင်ငံရေးဆိုတာက မိမိမှာ တိုင်းပြု ပြည်ပြုလုပ်နိုင်တဲ့ အတွေးအမြင် ဘယ်လောက် ရှိလဲ။ တိုင်းရင်းသားပြည်သူများ ကောင်းကျိုးဖြစ်ထွန်းအောင် ဘယ်လောက်အထိ လုပ်နိုင်စွမ်းရှိမလဲ။ အများပြည်သူ ကောင်းကျိုးဖြစ်အောင် လုပ်နိုင်မှ အစစ်အမှန် နိုင်ငံရေးဖြစ်ပါတယ်။ စစ်မှန်တဲ့ နိုင်ငံရေး လုပ်နိုင်ဖို့ ဆိုတာ အသိပညာ၊ အတတ်ပညာ ရှိမှဖြစ်ပါမယ်။ အသိပညာ၊ အတတ်ပညာနည်းရင်ဖြင့် အများပြည်သူ ကောင်းကျိုးဖြစ်ထွန်းအောင် လုပ်ဆောင်နိုင်စွမ်းအားလည်း နည်းပါလိမ့်မယ်။
အဓိက ရည်ရွယ်ချက်တော့ လူငယ် လူရွယ်တွေ နိုင်ငံရေးလုပ်ဖို့ ရည်ရွယ်ချက်ရှိတာ မမှားပါဘူး။ ယနေ့ လူငယ် နောင်ဝယ် လူကြီး တိုင်းပြည်ရဲ့ တာဝန်တွေကို ပခုံးပြောင်း တာဝန်ယူကြရမှာပဲ ဖြစ်ပါတယ်။ အထက်မှာ ရေးသားပြဆိုခဲ့သလို စစ်ဗိုလ်များနဲ့ ပြိုင်ချင်တာဆိုရင်လည်း စစ်ဗိုလ်များထက် မနိမ့်တဲ့ ပညာအရည်အချင်း ရှိထားဖို့လိုပါတယ်။ ငယ်ရွယ်စဉ်မှာ ပညာကို မသင်ကြားဘဲ နိုင်ငံရေးထဲ ဟေးလားဝါးလား ဝင်ပါမယ်ဆိုရင်လည်း နိုင်ငံရေးသမားကောင်း ဖြစ်မလာနိုင်ပါဘူး။ နိုင်ငံရေးနွား သူများရဲ့ ခိုင်းဘက်အဖြစ်နဲ့သာ ဘဝနိဂုံးချုပ်ရပါလိမ့်မယ်။ ပြည်ဖျက်မိစ္ဆာတွေရဲ့ နိုင်ငံရေးမှိုင်းဝနေပြီဖြစ်တဲ့ လူကြီးတွေကိုတော့ အထူးပြုပြီး ပြောဖို့ မဖြစ်နိုင်တော့ပါဘူး။ မှားမှန်သိလျက်နဲ့တောင် မှားတဲ့ဘက်မှာပဲ နေမယ်ဆိုတဲ့ ပုဂ္ဂိုလ်စွဲတွေများလွန်းပါတယ်။ ဒါကြောင့် နိုင်ငံရေးလုပ်မယ်ဆိုရင် ပညာပြည့်ဝဖို့ လိုပါတယ်။ ပညာတတ်မှ နိုင်ငံရေးလုပ်ပါ၊ လုပ်စား နိုင်ငံရေးသမားတွေလို တပ်မတော်နဲ့ ပြည်သူကို သွေးခွဲပြီး တိုင်းဖျက် ပြည်ဖျက် နိုင်ငံရေးလမ်းကြောင်းပေါ်ကို မရောက်ကြစေဖို့ အထူးသတိပြု ဆင်ခြင်ပါ။
နောင်တော်လေး (ဘိုကလေး)
#MNP #News

No comments:
Post a Comment