၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ နှစ်ဝက်လောက်က လူမှုကွန်ရက်ပေါ်မှာ အခြေခံပညာကျောင်းသား လူရမ်းကားလေးများ ထိုးကြိတ်သတ်ပုတ်နေတဲ့ ရုပ်သံတွေ မြင်ခဲ့ရတယ်။ အော် လူငယ်၊ လူရွယ်တွေ အင်မတန်ရိုင်းစိုင်း ရမ်းကားနေပါလားလို့ ကြည့်မိရင်းက မချိတင်ကဲ ဖြစ်ရတယ်။ နောက်ထပ်တွေ့မြင်ရတာက ကျောင်းသားတွေ မဟုတ်တော့ဘူး။ ကျောင်းသူစွာလန်ကဲလေးတွေကလည်း ထိုနည်းတူစွာပဲ မိန်းခလေးချင်းကို အုပ်စုဖွဲ့ပြီး ကိုယ်ထိလက်ရောက် အနိုင်ကျင့်စော်ကားတဲ့ လုပ်ရပ်မျိုး လုပ်တာကို တွေ့မြင်ရတော့လည်း မချိတင်ကဲ ဖြစ်ရပြန်တာပါပဲ။
အဆိုးဆုံးအခြေအနေကတော့ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ ခိုက်ရန်ဖြစ်ပွားမှုတွင် Grade-7 ကျောင်းသား မောင်မိုးသူရိန်၏ သေဆုံး မှုဖြစ်ပါတယ်။ ပညာရေးဝန်ကြီးဌာန က ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြန်လည်ဖြေကြားထားရာမှာတော့ ရွှေပြည်သာမြို့နယ်ရဲစခန်းမှ စုံစမ်းစစ်ဆေးနေပါကြောင်းနှင့် ခိုက်ရန်ဖြစ်ပွားမှု ဖြစ်စဉ်တွင် ပါဝင်သူများအား ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဖြင့် စိစစ်ပြီး အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အလားတူ အုပ်စုဖွဲ့အနိုင်ကျင့် ခိုက်ရန်ဖြစ်ပွားမှုမရှိစေရန် ပညာရေးဝန်ကြီးဌာနနှင့် ကျောင်းသားမိဘများပူးပေါင်း၍ ကြိုတင်ကာကွယ်တားဆီးခြင်း၊ အသိပညာပေးခြင်း၊ ဖြစ်ပွားလာပါက ထိထိရောက်ရောက်အရေးယူဆောင်ရွက်ခြင်း နည်းလမ်းများဖြင့် ထိန်းချုပ်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ဖြေကြားထားပါတယ်။
ဒီဖြစ်စဉ်ရဲ့ ရှေ့မှာ ဖြစ်စဉ်တစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ တောင်ကြီးမြို့က ကိုယ်ပိုင်ကျောင်းမှာ ကျောင်းပိုင်ရှင်ရဲ့ သားက ကျောင်းသူကို အဓမ္မပြုကျင့်စော်ကားတဲ့ အမှုဖြစ်ပါတယ်။
ဒီလိုဖြစ်စဉ် ဖြစ်ရပ်တွေ မြင်တွေ့လာရတော့ အစိုးရကျောင်းတွေမှာရော ပုဂ္ဂလိကကျောင်းတွေမှာပါ လုံခြုံမှုမရှိဘူး၊ အေးချမ်းမှု မရှိဘူးဆိုတဲ့ အချင်းအရာကို ပြဆိုနေပါတယ်။ တကယ်တော့ အခြေခံပညာကျောင်းသား/ ကျောင်းသူအရွယ်မှာ အလွန်အကျွံခိုက်ရန်ဖြစ်ပွားမှုတွေ မဖြစ်အောင် အားလုံးက ဝိုင်းဝန်းထိန်းသိမ်းကြရမှာ ဖြစ်ပါတယ်။ ကျောင်းသား (သို့မဟုတ်) ကျောင်းသူဟာ အင်မတန်ဆိုးသွမ်းတယ်ဆိုရင် ကျောင်းဆရာ/ ဆရာမများက သတိပေးမယ်၊ သတိပေးလို့ မလိုက်နာရင် ကျောင်းထုတ်ရမှာ ဖြစ်ပါတယ်။ သူတစ်ယောက်ကြောင့် ပတ်ဝန်းကျင်မှာ ရှိတဲ့ ကျောင်းသား/ ကျောင်းသူ လူငယ်တွေပါ မဖွယ်မရာ လုပ်တတ်လာမယ်။ ရိုင်းစိုင်းရမ်းကားလာမယ်။ လူငယ်၊ လူရွယ်တွေမှာ အတွေးမှားပြီး ရေလိုက်လွဲတဲ့ အခြေအနေမျိုးတွေ ဖြစ်မလာအောင် ကြိုတင်ကာကွယ်ကြရမှာ ဖြစ်ပါတယ်။ ပြဿနာတစ်ခု ဖြစ်ပြီးမှ၊ တစ်ဦးတစ်ယောက်က တစ်ဦးတစ်ယောက်ကို ထိပါးစော်ကားပြီးမှ တောင်းပန်တာတို့၊ သည်းခံကြေအေးပေးပါတို့ ဆိုတာ ပြောရတာ လွယ်သလောက် ခံရတဲ့ ဘက်မှာက အညှိုးအတေးနဲ့ လက်တုန့်ပြန်ခဲ့သည် ရှိသော် မဖွယ်မရာ ဖြစ်ရပ်တွေ ထပ်မံ ဖြစ်ပွားနိုင်ပါတယ်။
စာရေးသူရဲ့ အမြင်ကတော့ မြန်မာပြည်အခြေအနေနဲ့ အခြေခံပညာဆိုတာကလည်း ၁၀ တန်းနဲ့ပဲ ကိုက်ညီတယ်လို့ မြင်ပါတယ်။ ၁၂ တန်းပညာရေးကို ဖန်တီးခြင်းဟာ မလျော်ကန်တဲ့ လုပ်ရပ်ပါပဲ။ အခြေခံလူတန်းစားတွေကို အဆင့်မြင့်ပညာနဲ့ အလှမ်းဝေးအောင် လုပ်တဲ့ နည်းလမ်းတစ်ခုလို့လည်း ရှုမြင်ပါတယ်။ အခြေခံပညာကျောင်းမှာ (၁၀)တန်း အရွယ်ဆိုရင်ပဲ တချို့ လင်စိတ်၊ သားစိတ်ဝင်ပြီး ကျောင်းတက်နေရင်း လင်နောက်လိုက်သွားတဲ့ ဖြစ်စဉ်မျိုးတွေ ကျွန်တော်တို့ (၉)တန်း၊ (၁၀)တန်း အရွယ်မှာ ကြားသိ မြင်တွေ့ခဲ့ရဖူးပါတယ်။ စာရေးသူတို့ အတန်းထဲမှာဆိုရင်ပဲ အဲဒီလို ဖြစ်စဉ်မျိုး တစ်ခု ရှိခဲ့ပါတယ်။ ကျောင်းသူ က (၁၀)တန်း တက်နေရင်း လင်ရသွားတဲ့ အဖြစ်မျိုးပါ။
(၁၂)တန်းဆိုတော့ တက္ကသိုလ်ကျောင်းသားအရွယ်တောင် ဖြစ်နေပါပြီ။ အခြေခံပညာကျောင်း ဆရာ/ ဆရာမတွေက ရန်ပွဲတွေကို ထိန်းကျောင်းဖို့သာမက တခြား ချစ်ခန်းကြိုက်ခန်းတွေကိုပါ ထိန်းကျောင်းမယ့် သဘောမျိုး ဖြစ်လာပါတယ်။ အထက်မှာ ပြောခဲ့တဲ့ တောင်ကြီးက ဖြစ်စဉ်လို ပြဿနာမျိုးတွေလည်း သတိပြုရမှာ ဖြစ်ပါတယ်။
အခြေခံပညာကျောင်းသားတွေရဲ့ ရန်ပွဲတွေ လူမှုကွန်ရက်မှာ တွေ့မြင်ရကတည်းက စာရေးသူအနေနဲ့ ဆွေးနွေးတင်ပြတာကတော့ ကျောင်းသား/ ကျောင်းသူများ ကြားမှာ ကိုယ်ထိလက်ရောက် ထိပါးစော်ကားမှုတွေကို ပြင်းထန်တဲ့ အရေးယူမှု ရှိရပါမယ်။ အခြေခံပညာ ကျောင်းသား/ ကျောင်းသူတွေကို အရွယ်အားဖြင့် ကလေးလို့ပဲ သတ်မှတ်ပါတယ်။ အဲဒီကလေးတွေမှာ လူစိတ်မပြည့်ဝသေးဘူး။ မိကောင်းဖခင်တွေက ကောင်းစွာ သွန်သင်ဆုံးမခြင်း မရှိဘူးဆိုရင် တိရစ္ဆာန်စိတ်က ကြီးစိုးနေတဲ့ ရွယ်လို့ ဆိုနိုင်ပါတယ်။ ကြီးတဲ့သူက ငယ်တဲ့သူကို အနိုင်ကျင့် စော်ကားချင်တယ်။ အုပ်စုဖွဲ့ပြီး ရန်ဖြစ်ချင်တယ်။
အဲဒီလို ဖြစ်နိုင်ခြေများတာကြောင့် ကျောင်းစည်းကမ်းများမှာ ကျောင်းသား/ ကျောင်းသူ တစ်ယောက်နဲ့ တစ်ယောက် ကိုယ်ထိလက်ရောက် ထိပါးစော်ကားတယ်ဆိုရင် ကျောင်းထုတ်ရမယ်ဆိုတဲ့ ပြစ်ဒဏ် သတ်မှတ်ထားရမှာ ဖြစ်ပါတယ်။ ကျောင်းသားအချင်းချင်း ကိုယ်ထိလက်ရောက် ကျူးလွန်စော်ကားရင် ဘယ်လို ပြစ်ဒဏ်တွေ ရှိတယ်ဆိုတာကိုလည်း ဆရာ/ ဆရာမများက အခွင့်အခါသင့်တိုင်း ကျောင်းသား/ ကျောင်းသူများ နားရည်ဝပြီး မှတ်မိနေအောင် သွန်သင်ပြောဆိုရမှာ ဖြစ်ပါတယ်။
တစ်ယောက်နဲ့ တစ်ယောက် ခိုက်ရန်ဖြစ်ခြင်း ကိုယ်ထိလက်ရောက်စော်ကားခြင်းဟာ လူသားမဆန်တဲ့ လုပ်ရပ်၊ တိရစ္ဆာန်တွေရဲ့ သဘောသဘာဝမျိုး ဖြစ်နေတယ်ဆိုတာကိုလည်း ဆရာ/ ဆရာမများအနေနဲ့ ကျောင်းသား/ ကျောင်းသူများကို ပုံတိုပတ်စများနဲ့ ရှင်းလင်းပြောဆို သွန်သင်ပေးရမှာ ဖြစ်ပါတယ်။ မိမိကို သူတပါးက ကိုယ်ထိလက်ရောက် ကျူးလွန်စော်ကားတဲ့အခါ မခံနိုင်ဘူး။ ကိုယ်တောင် မခံနိုင်တဲ့ လုပ်ရပ်မျိုး သူတစ်ပါးကို မလုပ်မိဖို့ အထူးပြုပြီး သတိပေးတားမြစ်ရမှာ ဖြစ်ပါတယ်။
ဒီလို ဆွေးနွေးတင်ပြခြင်းဟာ စာရေးသူအနေနဲ့ ကိုယ်ချင်းမစာလို့ ပြောနေခြင်း မဟုတ်ပါဘူး။ စာရေးသူကိုယ်တိုင်လည်း ကျောင်းသားမိဘ ဖြစ်ပါတယ်။ ကိုယ့်သားသမီးကို သွန်သင်တဲ့နေရာမှာလည်း သူတပါးကို ထိပါးစော်ကားတာ မလုပ်ဖို့၊ ကိုယ့်ကို လုပ်ရင်လည်း မခံဖို့ ဒီလိုပဲ ပြောပါတယ်။ စာရေးသူရဲ့ သားက ကျောင်းမှာ ကျောင်းသားဆိုး၊ ကျောင်းတွင်း အကြမ်းဖက်သမား ဖြစ်နေပြီဆိုရင်လည်း တခြားကလေးငယ်များကို သူ့ဆီက အရိုင်းစိတ်တွေ မကူးစက်အောင် ကျောင်းထုတ်ပစ်မှာပဲ ဖြစ်ပါတယ်။
တချို့သော ကျောင်းသားမိဘတွေရဲ့ စိတ်ဓာတ်ကတော့ ကလေးသူငယ်တွေနဲ့မခြား၊ တိရစ္ဆာန်လိုသဘောမျိုး ရှိတဲ့ ကျောင်းသားမိဘများလည်း ရှိနိုင်ပါတယ်။ ကိုယ့်သားသမီးက သူတပါးကလေးကို လုပ်လိုက်ရရင် ကျေနပ်နေပြီး ကိုယ့်သားသမီး အလုပ်ခံရတော့မှ မခံနိုင်မရပ်နိုင်ဖြစ်တတ်တဲ့ မိဘမျိုးတွေပါ။ ဒါသည်လည်း ကောင်းသောစိတ်ဓာတ် မဟုတ်ဘူးဆိုတာကို ကျောင်းသားမိဘများကိုယ်တိုင်က ဘက်မလိုက်ဘဲ လူကြီးပီပီ လူစိတ်မွေးဖို့ လိုပါတယ်။
ကျောင်းစာသင်ခန်းတွေမှာ ကျောင်းတွင်းအကြမ်းဖက်သမားလေးတွေ ရှိနေပါတယ်။ မိဘအရှိန်အဝါနဲ့ မိုက်လုံးထွားတဲ့ ကလေးတွေ ရှိသလို၊ တချို့က ကျောင်းစာသင်ခန်းအတွင်းမှာ လူမိုက်လိုလို ပေသီးလိုလို ကျောင်းသား/ ကျောင်းသူအချင်းချင်း လူပါးဝရတာကို ကျေနပ်နေတဲ့ ကျောင်းတွင်း အကြမ်းဖက်သမားလေးတွေပါ။ အဲဒီလို ကလေးဆိုးတွေကို ကျောင်းသား၊ ကျောင်းသူအချင်းချင်း က လူမိုက်လူရမ်းကားနဲ့ တုဖက်ပြီး ရန်မဖြစ်ချင်ကြလို့ သည်းခံနေကြရတာမျိုးတွေလည်း ရှိပါတယ်။ ကလေးဆိုတာ တိရစ္ဆာစိတ် မကုန်သေးတဲ့ အရွယ်ဆိုတော့ တစ်ဖက်က သည်းခံလေ တစ်ဖက်က ပိုပြီး လူပါးဝလေပါပဲ။ ဒါတွေကို ဆရာ/ ဆရာမတွေက စိစစ် သိရှိရတဲ့အခါ ခံနေရတဲ့ ကလေး စိတ်ဓာတ်မသိမ်ငယ်သွားစေဖို့ ကျောင်းတွင်း အကြမ်းဖက်သမားလေးတွေကို ထိရောက်တဲ့ အပြစ်ပေး အရေးယူမှုလုပ်ဖို့လည်း လိုပါတယ်။
ကျောင်းတွင်း အကြမ်းဖက်မှုများကို ကိုင်တွယ်တဲ့အခါ အရပ်ထဲမှာ ပြဿနာဖြစ်တာကို ရဲက ကိုင်တွယ်ပုံနဲ့တော့ ကွဲပြားရပါလိမ့်မယ်။ အရပ်ထဲမှာ ပြဿနာဖြစ်တဲ့အခါ ရဲစခန်းကို လာတိုင်မှ ရဲက အမှုလုပ်တာမျိုး ဖြစ်ပါတယ်။ အမှုမဖြစ်အောင် ကြိုတင်တားဆီးတာမျိုးတောင် မလုပ်ပါဘူး။ သာဓကအားဖြင့်ဆိုရင် နစကအစိုးရတက်လာပြီး ကျောင်းတွေ ပြန်ဖွင့်စအချိန်အချိန်မှာ နီပိန်းတွေက ကျောင်းမတက်နဲ့ ကျောင်းထွက်လို့ လှုံ့ဆော်နေချိန် ဆရာ/ ဆရာမများကိုပါ ပစ်မှတ်ထား သတ်ဖြတ်ဖို့ လှုံ့ဆော်နေချိန်ဖြစ်ပါတယ်။ ဒဂုံမြို့သစ်ဘက်မှာ နီပိန်းတစ်ကောင်က ကျောင်းရှေ့မှာ လာရမ်းကားတယ်။ ရပ်မိရပ်ဖတွေလည်း ရှိတယ်။ ရဲလည်း ရှိတယ်။ နီပိန်း လူရမ်းကားက ဓားကိုင်ပြီး ရမ်းနေတာကို ထိန်းသိမ်းဖို့ ပြောပေမယ့် သူက ဘယ်သူ့ကိုမှ ဘာမှ မလုပ်သေးတဲ့အတွက် လုပ်လို့ မရဘူးလို့ ရဲကဆိုပါသတဲ့။ အဲဒီ နီပိန်းကောင်ရဲ့ အိမ်ကို သွားရောက်စစ်ဆေးတဲ့အခါမှာ အကြမ်းဖက်လှုံ့ဆော်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေ၊ တုတ်၊ ဓား၊ လက်နက်တွေ တွေ့ရှိခဲ့ရပါတယ်။ အကြမ်းဖက်လှုပ်ရှားမှုနဲ့ ပြည်ထဲရေး လက်အောက်ခံ ရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေမှာ အားနည်းချက်တွေ ဖြစ်ခဲ့တာ ဦးစိုးထွဋ် ပြည်ထဲရေးဝန်ကြီး ဦးဆောင်တဲ့ လက်ထက်မှာ သိသာပါတယ်။ အကြမ်းဖက်သမားများကို ထိရောက်စွာ အရေးယူမှုအပိုင်းမှာ အားနည်းပါတယ်။ အကြမ်းဖက်လှုပ်ရှားမှုနဲ့ ပတ်သက်လို့ သတင်းပေး တိုင်ကြားသူကို သေကြောင်းကြံသည်အထိ လုပ်ခဲ့တဲ့ ဖြစ်ရပ်ဆိုးတွေလည်း ရှိပါတယ်။ အဲဒီလိုနဲ့ အကြမ်းဖက်သမားတွေက ကျောင်းတွေကို ဖျက်ဆီးသည်အထိ ဖြစ်ခဲ့တဲ့ သာဓကတွေလည်း ရှိပါတယ်။
ကျောင်းတွင်း ပြဿနာကို ဆရာ/ ဆရာမတွေက ကိုင်တွယ်တဲ့ နေရာမှာတော့ ကျောင်းသား/ ကျောင်းသူများနဲ့ ထိတွေ့ ပြောဆို မေးမြန်းရင်း ပြဿနာရှိနေကြောင်း သိရလျင် သိချင်း ဖော်ထုတ် အရေးယူပေးဖို့ လိုပါတယ်။ ရဲလို အလုပ်မလုပ်ဖို့နဲ့ ဆရာ/ ဆရာများ ပီသစွာ အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ လုပ်ကြရမှာဖြစ်ပါတယ်။
ကျောင်းသား၊ ကျောင်းသူများ တစ်ယောက်နဲ့ တစ်ယောက် ကိုယ်ထိလက်ရောက် ပြင်းပြင်းထန်ထန် လုပ်တဲ့ ရုပ်သံမှတ်တမ်းတွေ၊ သူတို့တွေရဲ့ ပြောစကားတွေကို နားထောင်တဲ့အခါ တကယ် စိတ်ရိုင်းစိတ်မိုက်ဝင်နေတဲ့ လူငယ်တွေဆိုတာ ထင်ရှားပါတယ်။ ပါးစပ်ကလည်း အမေနဲ့ နှမနဲ့ မဖွယ်မရာ အယုတ္တ အနတ္တ ပြောကြသလို အုပ်စုဖွဲ့ပြီး အများနဲ့တစ်ယောက် လုပ်တာတွေကို ခံရတဲ့ ကျောင်းသား/ ကျောင်းသူဘက်က ကြည့်ရင် ဘယ်လိုမှ သည်းခံနိုင်စရာ မရှိပါဘူး။ ဒါကြောင့် လူတစ်ယောက်နဲ့ တစ်ယောက် ကိုယ်ထိလက်ရောက် ထိပါးစော်ကားတယ်ဆိုတာ လူ့အခွင့်အရေးကို ချိုးဖောက်ခြင်း ဖြစ်သလို၊ လူသားဝါဒမဟုတ်ကြောင်း၊ တိရစ္ဆာန်များလို အုပ်စုဖွဲ့ အနိုင်ကျင့်ခြင်းမျိုး၊ ကြီးသူက ငယ်သူကို ညှဉ်းပမ်းနှိပ်စက်ခြင်းမျိုး မလုပ်ရကြောင်း၊ မိမိကို သူတပါးက ကိုယ်ထိလက်ရောက် ကျူးလွန်စော်ကားလျင် မခံနိုင်သကဲ့သို့ သူတပါးကိုလည်း မစော်ကားသင့်ကြောင်း၊ လူသားများဖြစ်သည့်အတွက် တိရစ္ဆာန်များထက် သာလွန်သည်မှာ အသိဉာဏ်ဖြစ်ကြောင်း၊ ဆင်ခြင်တုံတရားဖြင့် မလုပ်သင့်သည်ကို မလုပ်ရကြောင်း၊ လုပ်သည့်အခါ မည်သည့် ပြစ်ဒဏ်များ ချမှတ်ခံရမည်ဖြစ်ကြောင်း ကျောင်းသားတိုင်းကို အသိတရားရှိနေအောင် နေ့စဉ် ပြောဆိုဆုံးမပေးဖို့ လိုအပ်ပါတယ်။
ကျောင်းတွင်း အကြမ်းဖက်မှုတွေ ပပျောက်ဖို့ ဆိုတာကတော့ ဆရာ/ ဆရာမတွေကိုချည်း ပြစ်တင်ပြောဆိုနေလို့ မရပါဘူး။ ကျောင်းတွင်းစည်းကမ်းတွေ တိတိကျကျ သတ်မှတ်ထားပါမှ ဆရာ/ ဆရာမများကလည်း စည်းကမ်းနဲ့အညီ ထိန်းကျောင်းနိုင်မှာ ဖြစ်ပါတယ်။ ကျောင်းတွေမှာ မလိုလားအပ်တဲ့ ခိုက်ရန်ဖြစ်ပွားမှုတွေ များပြားလာသည်နဲ့အမျှ စာသင်ကျောင်းတွေအပေါ် အယုံအကြည်မဲ့လာမယ်။ တိုင်းပြု ပြည်ပြု အမျိုးကောင်းသားလေးတွေကို မွေးထုတ်ပေးတဲ့ နေရာဌာနက လူဆိုးသွမ်းတွေပဲ ထွက်လာနေမယ်ဆိုရင် အနာဂတ်တိုင်းပြည်ဟာ ပိုပြီး ဆူပါလိမ့်မယ်။ ပိုပြီး ပူပါလိမ့်မယ်။
ဒါကြောင့် ကျောင်းတွင်း အကြမ်းဖက်မှုတွေ ပပျောက်ဖို့ ပညာရေးဝန်ကြီးဌာနအနေနဲ့ကလည်း ဖြစ်ပေါ်ခဲ့တဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေကို သုံးသပ်ပြီး လိုအပ်တဲ့ စည်းမျည်းစည်းကမ်းတွေကို ထုတ်ပြန်ပေးရမှာ ဖြစ်သလို ဆရာ/ ဆရာမများကလည်း ဘက်လိုက်မှုမရှိ စည်းကမ်းနဲ့အညီ ကျောင်းသား/ ကျောင်းသူများကို သွန်သင်ဆုံးမကြရမှာ ဖြစ်ပါတယ်။ ကျောင်းသား မိဘများအနေနဲ့ကလည်း တိရစ္ဆာန်လိုမတွေးဘဲ ကိုယ့်သားသမီးကို သူများလုပ်ရင် မကြိုက်သလို သူများကိုလည်း ကိုယ့်သားသမီးက မလုပ်မိစေဖို့ မိကောင်းဖခင် ပီသစွာ ဆုံးမသွန်သင်ကြရမှာ ဖြစ်ပါတယ်။
နောင်တော်လေး (ဘိုကလေး)
#News #MNP

No comments:
Post a Comment