နေပြည်တော်၊ ဖေဖော်ဝါရီ ၁၇
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မိမြို့ဖများအား မြို့တော်ခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးပြောကြားစဉ် နိုင်ငံရေးကိုအကြောင်းပြပြီး မိမိတို့၏ ကိုယ်ကျိုးအတွက် နိုင်ငံတော်၏သယံဇာတများကို တရားမဝင်ထုတ်ယူခြင်းများကို အမြောက်အမြားဆောင်ရွက်လျက်ရှိကြောင်း ထည့်သွင်းပြောကြားသည်။
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ဆွေးနွေးပြောကြားရာတွင် ဟုမ္မလင်းဒေသအနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ယခုထက် ပိုမိုဆောင်ရွက်သွားရန် လိုအပ်ချက်ရှိနေဆဲဖြစ်ကြောင်း၊ ဥပမာတစ်ခုအနေဖြင့် ပညာရေးပိုင်းနှင့်ပတ်သက်၍ တန်းစဉ်ကူးပြောင်းမှုများ လျော့နည်းနေဆဲဖြစ်ပြီး ပညာရေးကို အားပေးမြှင့်တင်ဆောင်ရွက်သွားရန်လိုကြောင်း၊ အတန်းပညာတတ်မြောက်မှုအားနည်းပါက အသိပညာပိုင်း၌လည်း အားနည်းချက်များရှိနေဦးမည်ဖြစ်ပြီး ဒေသဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရာ၌ နှောင့်နှေးနေဦးမည်ဖြစ်ကြောင်း၊ အသိပညာအတတ်ပညာနှင့်ပြည့်ဝသည့် လူသားအရင်းအမြစ်များရှိမှသာလျင် ဒေသဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုအကောင်အထည်ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ဒေသနှင့်နိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းဖြစ်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့်ပတ်သက်သည့် အသိပညာအတတ်ပညာကြွယ်ဝသည့် လူသားအရင်းအမြစ်များ များစွာရရှိခြင်းအားဖြင့် ဒေသနှင့် နိုင်ငံ၏အနာဂတ်ကောင်းကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းတွင် မျိုး၊ မြေ၊ ရေ၊ နည်း ဟူသော နည်းလမ်းလေးသွယ်ဖြင့်ပြည့်စုံပါက အောင်မြင်ဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မိရိုးဖလာနည်းလမ်းများအစား စနစ်ကျနသည့် ခေတ်မီနည်းစနစ်များ အသုံးချဆောင်ရွက်ခြင်းဖြင့် အထွက်နှုန်းများတိုးမြင့်လာမည်ဖြစ်ကြောင်း၊ စနစ်ကျနသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လူသားအရင်းအမြစ်များလိုအပ်ကြောင်း၊ ဒေသန္တရစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းထက် ခေတ်မီသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ဒေသန္တရ ကြက်၊ ဝက်၊ နွားများကို မိရိုးဖလာနည်းဖြင့် မွေးမြူခြင်းထက် ခေတ်မီနည်းစနစ်များဖြင့် မွေးမြူသွားမည်ဆိုပါက ဒေသ၏ စားရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း။
မိမိတို့အနေဖြင့် နိုင်ငံ့တာဝန်ထမ်းဆောင်ချိန်တွင် နိုင်ငံတော်၏ စားရေရိက္ခာဖူလုံရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ စားသောက်ရေးအတွက် အသား၊ ငါးများ၊ သောက်သုံးရေများနှင့် ရိက္ခာများကို ဖူလုံစွာရရှိရေး ဆောင်ရွက်ခဲ့ကြောင်း၊ ဟုမ္မလင်းဒေသတွင် ဆန်ဖူလုံမှုရှိကြောင်း၊ အရည်အသွေးကောင်းသည့်စပါးများ စိုက်ပျိုးရန်လိုကြောင်း၊ ရေလိုအပ်ချက်နှင့်ပတ်သက်၍ ချင်းတွင်းမြစ်နှင့် ချောင်းမြောင်းများ ပေါများစွာတည်ရှိသဖြင့် အဆိုပါမြစ်ချောင်းများမှရေများကို အကျိုးရှိစွာအသုံးချ၍ စိုက်ပျိုးရေနှင့် သောက်သုံးရေများ လုံလောက်စွာရရှိအောင် ဆောင်ရွက်နိုင်ကြောင်း၊ ထိုသို့အသုံးချနိုင်ရန်အတွက် အတတ်ပညာများလိုအပ်ကြောင်း၊ မြစ်ရေတင်လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် နေရောင်ခြည်စွမ်းအင်သုံး မြစ်ရေတင်လုပ်ငန်းများကို ဆောင်ရွက်နိုင်ကြောင်း။
အလားတူ ဒေသတွင်းလျှပ်စစ်ဓာတ်အား ဖူလုံစွာပေးဝေနိုင်ရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် နမ့်ပင ရေအားလျှပ်စစ်စီမံကိန်းကို အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသတွင်းလျှပ်စစ်ဓာတ်အားရရှိရေးအတွက်လည်း နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်ကြောင်း၊ ထို့ကြောင့် ဒေသခံများအနေဖြင့် စဉ်းစားဆောင်ရွက်ကြစေလိုကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အတန်းပညာ၊ အတတ်ပညာများတက်မြောက်သည့် ပညာတတ်လူသားအရင်းအမြစ်များလိုအပ်သဖြင့် ဒေသအလိုက် မွေးထုတ်ပေးကြရန်လိုကြောင်း၊ မိမိတို့ဒေသတိုးတက်ရေးအတွက် အမှန်တကယ်အလုပ်လုပ်ကြရန်နှင့် နိုင်ငံတော်မှ အလုပ်လုပ်နိုင်သည့်အခွင့်အလမ်းများ ဖော်ဆောင်ပေးရန်လိုကြောင်း၊ မိမိတို့၏ ဇာတိဒေသတိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း။
ဒေသအတွင်း စားသောက်ကုန်များနှင့် လူသုံးကုန်များကို လုံလောက်စွာထုတ်လုပ်နိုင်မည်ဆိုပါက ဒေသတွင်းကုန်ဈေးနှုန်းတည်ငြိမ်မှုကို အထောက်အကူပြုနိုင်မည်ဖြစ်သဖြင့် စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်သွားကြစေလိုကြောင်း၊ မွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့် တိရစ္ဆာန်အစားအစာများကိုလည်း ဒေသမှထွက်ရှိသည့် စိုက်ပျိုးရေးထွက်ကုန်များဖြင့် အသုံးပြုနိုင်ကြောင်း၊ ဒေသတွင်း ပညာရေးကဏ္ဍမြှင့်တင်ရေးနှင့် စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှုကဏ္ဍမြှင့်တင်နိုင်ရေး ဝိုင်းဝန်းဆောင်ရွက်သွားကြစေလိုကြောင်း။
စိုက်ပျိုးရေးနှင့်ပတ်သက်၍ တစ်ဧကအထွက်နှုန်းတိုးတက်စေရေး မျိုး၊ မြေ၊ ရေ၊ နည်းကိုအခြေခံပြီး ခေတ်နှင့်လျော်ညီသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ရိက္ခာနှင့်ပတ်သက်၍ ဒေသတွင်း၌ မီးဖိုချောင်သုံးသီးနှံများကိုလည်း စိုက်ပျိုးသွားကြရန်လိုကြောင်း၊ ထို့ကြောင့် ဒေသအလိုက် ဝမ်းစာဖူလုံရေး ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (ဟုမ္မလင်း)ကို ဖွင့်လှစ်ထားရှိသော်လည်း တက်ရောက်သူနည်းပါးပြီး မွေးမြူရေးပညာရပ်နှင့်ပတ်သက်၍ တက်ရောက်သူလုံးဝမရှိသဖြင့် မွေးမြူရေးပညာရပ်ပါ တက်ရောက်သင်ကြား၍ ဒေသ၏မွေးမြူရေးကို အထောက်အကူပြုနိုင်သည့် လူသားအရင်းအမြစ်များရရှိအောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဒေသမှထွက်ရှိသည့် စိုက်ပျိုးရေးထွက်ကုန်များ ဈေးကွက်ရရှိရေးအတွက်လည်း အရည်အသွေးပြည့်မီသည့် စိုက်ပျိုးရေးထုတ်ကုန်များဖြစ်စေရေး ဈေးကွက်သုတေသနပြုခြင်းများကိုလည်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် စီးပွားရေးပညာရပ်များကို တတ်မြောက်သည့် ပညာတတ်လူသားအရင်းအမြစ်များလိုအပ်ကြောင်း၊ စီးပွားရေးပညာရပ်များကို တက္ကသိုလ်၊ ကောလိပ်များ၌ သင်ကြားပေးနေကြောင်း၊ မိမိတို့အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် နည်းပညာတတ် လူသားအရင်းအမြစ်များပေါကြွယ်ဝစေရေး Polytechnic University များကို ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း။
စစ်ကိုင်းတိုင်းဒေသကြီး အချို့နေရာများ၌ ဆူပူသောင်းကျန်းမှုများပေါများခြင်းသည် အသိပညာအားနည်းမှု၊ အတတ်ပညာအားနည်းမှုများနှင့် ဆက်စပ်နေသည်ကို အခြေခံအားဖြင့် တွေ့ရှိနိုင်ကြောင်း၊ နိုင်ငံရေးအရသဘောထားကွဲလွဲမှုများကို နိုင်ငံရေးနည်းဖြင့်သာ ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်သော်လည်း အကြမ်းဖက်လုပ်ရပ်များကို ဆောင်ရွက်နေကြခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးကိုအကြောင်းပြပြီး မိမိတို့၏ ကိုယ်ကျိုးအတွက် နိုင်ငံတော်၏သယံဇာတများကို တရားမဝင်ထုတ်ယူခြင်းများကို အမြောက်အမြားဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ လက်နက်အားကိုးဖြင့် ဒေသခံပြည်သူများထံမှ ငွေကြေးများ အတင်းအဓမ္မကောက်ခံပြီး ၎င်းတို့၏ ကိုယ်ကျိုးအတွက် အသုံးပြုနေကြကြောင်း၊ ထိုသို့လုပ်ဆောင်နေမှုများကြောင့် ဒေသခံပြည်သူများ ဝန်ထုတ်ဝန်ပိုးများဖြစ်နေသဖြင့် သက်ဆိုင်ရာတာဝန်ရှိသည့် အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ဝိုင်းဝန်းတိုက်ဖျက်သွားကြရန်လိုကြောင်း။
မိမိတို့အနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့ခြင်းကြောင့် နိုင်ငံတော်တာဝန်များကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ ထမ်းဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ယခင် ဒီမိုကရေစီအစိုးရသက်တမ်းနှစ်ခုတွင် နိုင်ငံတော်၏အကျိုးအတွက် သက်ဆိုင်ရာအစိုးရများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့်နိုင်ငံတော်အစိုးရ တာဝန်ထမ်းဆောင်ချိန်မှစတင်၍ ဦးတည်ချက်များချမှတ်ဆောင်ရွက်ခဲ့ပြီး ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များပြီးဆုံးချိန်တွင် ရွေးကောက်ပွဲကျင်းပပြီး အနိုင်ရရှိသည့်ပါတီအား နိုင်ငံတော်၏တာဝန်ကို လွှဲပြောင်းပေးအပ်မည်ဟု ပါရှိပြီးဖြစ်ကြောင်း။
မိမိတို့အနေဖြင့် ပြည်သူများ၏ဆန္ဒဖြစ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်ခဲ့ပြီး အပိုင်း (၃)ပိုင်းခွဲ၍ အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း၊ တရားမျှတသည့်ရွေးကောက်ပွဲ၊ သိက္ခာရှိသည့်ရွေးကောက်ပွဲအဖြစ် အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း၊ ရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက် မိမိတို့အနေဖြင့် မဲစာရင်းများမှန်ကန်စွာရရှိရေး ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်ခဲ့ကြောင်း။
နိုင်ငံအတွင်း ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးဖိတ်ခေါ်မှုများကို အမြဲမပြတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသတည်ငြိမ်အေးချမ်းရေးကို ပျက်စီးအောင်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်အဖွဲ့များမရှိစေရေး အားလုံးဝိုင်းဝန်းဆန့်ကျင်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်တိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ နိုင်ငံတိုးတက်ရေးအတွက် ပညာတတ်လူသားအရင်းအမြစ်များ ပေါကြွယ်ဝရန်လိုအပ်သဖြင့် နိုင်ငံတော်၏ ပညာရေးကဏ္ဍ မြှင့်တင်ရေးလုပ်ငန်းများကို မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။
ဟုမ္မလင်းဒေသသို့ လေကြောင်းခရီးစဉ်များပြေးဆွဲမှုနှင့်ပတ်သက်၍ နိုင်ငံတော်မှ တတ်နိုင်သမျှပြေးဆွဲ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လေကြောင်းပြေးဆွဲမှုများ စနစ်တကျဖြစ်စေရေးအတွက်လည်း ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဟုမ္မလင်းဒေသတိုးတက်ရေးအတွက် ဒေသခံပြည်သူများအနေဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့် ပြောကြားသည်။
#MNP #News

No comments:
Post a Comment