မော်တင်စွန်းဘုရားပွဲတော်ကာလအတွင်း ကျောက္ကလပ်ကမ်းခြေသို့ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှုများပြား - Myanmar National Post

Myanmar National Post

News Agency

Breaking

မော်တင်စွန်းဘုရားပွဲတော်ကာလအတွင်း ကျောက္ကလပ်ကမ်းခြေသို့ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှုများပြား


ဟိုင်းကြီးကျွန်း  ၊ ဖေဖော်ဝါရီ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၊ ပြင်ခရိုင်ကျေးရွာအုပ်စုရှိ ကျောက္ကလပ်ကမ်းခြေသို့ မော်တင်စွန်းဘုရားပွဲတော်ကာလအတွင်း လာရောက်လည်ပတ်သူ ခရီးသွားဧည့်သည်များဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။

ကျောက္ကလပ်ကမ်းခြေသည် အခြားသောပင်လယ်ကမ်းခြေများနှင့်မတူဘဲ သဘာဝအလျောက်ဖြစ်တည်နေသော ကျောက်မှိုပွင့်ကြီးများ၊ အမြဲစိမ်းစိုနေသည့် ရေညှိကျောက်ခွက်များ ကမ်းခြေတစ်လျောက်တည်ရှိခြင်းကြောင့် ခရီးသွားဧည့်သည်များ လွန်စွာစိတ်ဝင်စားလှသော နေရာတစ်ခုဖြစ်ပါသည်။ ထို့ပြင် ကျောက္ကလပ်ကမ်းခြေသည် ရှင်စောပုဘုရင်မကြီး ခေတ္တနေထိုင်ခဲ့ရာဒေသဖြစ်ပြီး ရှင်စောပုဘုရင်မကြီး တည်ထားကိုးကွယ်တော်မူခဲ့သော ရှင်စောပုစေတီတည်ရှိခြင်းကြောင့် သမိုင်းကြောင်းအရ အရေးပါသောနေရာတစ်ခုဖြစ်ကာ ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များ စိတ်ပါဝင်စားစွာဖြင့် လာရောက်လည်ပတ်ကြသော နေရာတစ်ခုဖြစ်ပါသည်။

ကျောက္ကလပ်ကမ်းခြေသည် ဟိုင်းကြီးကျွန်းမြို့မှ မိုင်(၄၀)ခန့်ကွာဝေးပြီး ကူးတို့သင်္ဘောများ၊ ဇက်ရေယာဥ်များဖြင့် အလွယ်တကူသွားလာနိုင်ခြင်း၊ တစ်ဖက်ကမ်းတွင်လည်း ကြိုပို့ယာဥ်များ အလွယ်တကူ တည်ရှိနေခြင်းတို့ကြောင့် ဆက်သွယ်သွားလာရေးလွယ်ကူပြီး ဘုရားပွဲတော်ကာလအတွင်း နေ့စဥ်ခရီးသွား(၆၀၀)ခန့် လာရောက်လည်ပတ်လေ့ရှိကြသည်။

ကျောက္ကလပ်ကမ်းခြေအနီးဝန်းကျင်တွင်လည်း ဒီးဒူးချိုင်ကမ်းခြေ၊ ဓားသွေးကျောက်ကမ်းခြေ၊ မေဓာအိုင်ကမ်းခြေ၊ ထိပ်စွန်းကဲ့သို့သော ကမ်းခြေများရှိသည့်အတွက် အလွယ်တကူသွားရောက်လည်ပတ်နိုင်ပြီး ကျောက်မီးဖိုလုပ်ငန်း၊ တံငါလုပ်ငန်းများကိုလည်း ဝင်ရောက်လေ့လာ၍ ဒေသရိုးရာအစားအစာများ၊ လတ်ဆတ်သန့်ရှင်းသော ပင်လယ်စာများအား စျေးနှုန်းချိူသာစွာ စားသုံးနိုင်သဖြင့် ခရီးသွားများအတွက် လွန်စွာအဆင်ပြေလှကြောင်း သိရသည်။

လှိုင်မျိုးအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)