အမေရိကန်နိုင်ငံမှာ သံဃာတော်များရဲ့ ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲ (Walk For Peace) အကြောင်းကို မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ ပြည်သူအများစုလည်း သိရှိပြီး ဖြစ်ပါလိမ့်မယ်။ ဆရာတော် သံဃာတော်များဟာ အမေရိကန်နိုင်ငံရဲ့ ဆိုးရွားလှတဲ့ ရာသီဥတုကို အံတုပြီး ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲ ဆင်နွှဲလာခဲ့တာ အခုဆိုရင် ငြိမ်းချမ်းရေးခရီးပန်းတိုင်ဖြစ်တဲ့ ဝါရှင်တန် ဒီစီ ကို ရောက်ဖို့ ရက်အနည်းငယ်သာ လိုပါတော့တယ်။ ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့ဆိုရင် ဝါရှင်တန် ဒီစီ ကို ရောက်ရှိမှာဖြစ်ပြီး အဲဒီမှာ တရားထိုင်မှာ ဖြစ်ပါတယ်။ တရားထိုင်ပွဲကို ပူးပေါင်းပါဝင်ကြဖို့ Walk For Peace ရဲ့ ဆိုရှယ်မီဒီယာများကနေ ဖိတ်ခေါ်ထားပါတယ်။
Walk For Peace ရဲ့ ဦးဆောင်ဆရာတော် အရှင်ပညာကာရ က လမ်းခရီးတစ်လျောက်မှာ ဒီခရီးစဉ်ကို ဘာကြောင့် စတင်ဖြစ်တယ်ဆိုတာကို ရှင်းလင်းမိန့်ကြားတာတွေ ရှိသလို နေ့စဉ် ငြိမ်းချမ်းစွာ နေထိုင်နိုင်ဖို့ ဗုဒ္ဓရဲ့ အဆုံးအမတွေကို ရောက်လေရာမှာ ဧည့်ခံကြိုဆိုတဲ့ ပရိတ်သတ်များကို ရှင်းလင်းဟောကြားပါတယ်။
ဒီခရီးကို ဘယ်ကစတင်ခဲ့သလဲဆိုရင် တက္ကဆပ်ပြည်နယ်ကနေ ၂၀၂၅ ခုနှစ် အောက်တိုဘာလ (၂၆)က စတင်ခဲ့တာ ဖြစ်ပါတယ်။ ဆရာတော် သံဃာတော်များဟာ ပြည်နယ် (၁၀)ခုကို ဖြတ်သန်းပြီး အမေရိကန်နိုင်ငံရဲ့ မြို့တော် ဝါရှင်တန် ဒီစီ အထိ မိုင်ပေါင်း ၂၃၀၀ ကျော်ခရီးကို ခြေကျင် နင်ခဲ့ကြခြင်းဖြစ်ပါတယ်။
ခရီးစဉ်တစ်လျောက်မှာ အတိုက်အခံလုပ်လိုတဲ့ ခရစ်ယာန်ဘာသာဝင်တချို့ရဲ့ ဆန့်ကျင်မှု အနည်းငယ်သာ ကြုံခဲ့ရပြီး အားလုံးက ဝမ်းပမ်းတသာ သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဆန့်ကျင်မှုတချို့နဲ့ ပတ်သက်လို့ tiktok ပလက်ဖောင်းပေါ်မှာ မြင်တွေ့ရတဲ့ ရုပ်သံတွေမှာတော့ ဆရာတော်သံဃာတော်များကို ဆန္ဒပြတဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့ အမေရိကန်လူငယ်တချို့က တုန့်ပြန်ထားတာမျိုးကို တွေ့ရပါတယ်။
အမေရိကန်ပြည်ထောင်စုဆိုတာ ခရစ်ယာန်ပြည်သူအများစုဖြစ်တဲ့အတွက် ဘာသာရေးစည်းရုံးသိမ်းသွင်းမှုလားဆိုတဲ့ အမြင်နဲ့ ဆန့်ကျင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ ဆရာတော် အရှင်ပညာကာယ ဦးဆောင်တဲ့ သံဃာတော်များဟာ ဘာရေးစည်းရုံးသိမ်းသွင်း ဟောပြောခြင်းမျိုး လုပ်တာမျိုး မဟုတ်ဘဲ နေ့စဉ်လူမှုဘဝမှာ ကျန်းမာပျော်ရွှင် ငြိမ်းချမ်းအောင် နေထိုင်ကြဖို့ ဗုဒ္ဓရဲ့နည်းလမ်းအတိုင်း ဟောပြောပြသရုံမျှတပါး အခြားမရှိပါဘူး။
ခရီးလမ်းမှာ မီဒီယာတွေရဲ့ မေးမြန်းမှုကို ဆရာတော် အရှင်ပညာကာရ က ဖြေကြားရာမှာလည်း တခြားဘာရည်ရွယ်ချက်မှ မရှိဘူး၊ ငြိမ်းချမ်းရေးအတွက်သာ ဖြစ်တယ် လို့ ပြတ်ပြတ်သားသား မိန့်ကြားထားပါတယ်။
ဆရာတော်များရဲ့ ဆောင်ရွက်ချက်ဟာ မတူညီတဲ့ အမြင်တွေရှိတဲ့ ဗုဒ္ဓဘာသာ နဲ့ ခရစ်ယာန်ဘာသာကြား ရင်းနှီးစေတဲ့ ဆောင်ရွက်ချက် ဆိုရင်လည်း မမှားပါဘူး။
ဆရာတော်များရဲ့ မှန်ကန်တဲ့ ရည်ရွယ်ချက်ကြောင့်ပဲ လမ်းခရီးတလျောက်မှာ ခရစ်ယာန်ဘာသာရေးဆရာတွေကလည်း ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြသလို သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးတာဝန်ရှိသူများကလည်း ဂုဏ်ပြုစကားများ ပြောကြားကာ ဂုဏ်ပြုဆုတံဆိပ်များ အပ်နှင်းကြတာကိုလည်း ဝမ်းမြောက်ဖွယ် မြင်တွေ့ခဲ့ရပါတယ်။
ဆရာတော် အရှင်ပညာကာရ က Walk For Peace ကို ကြိုဆိုကြတဲ့ ပရိတ်သတ်များကို အဓိက ဟောကြားရာမှာ ဝင်လေ ထွက်လေ ရှုမှတ်ပွားများဖို့ကိုသာ အဓိကတိုက်တွန်းတာမျိုး တွေ့ရပါတယ်။
ဒီရက်ပိုင်းအတွင်း အမေရိကန်ပြည်ထောင်စုမှာ နှင်းမုန်တိုင်းတိုက်ခိုက်မှုဒဏ်ကြောင့် လူတွေ သေဆုံးတာမျိုးအထိ ရှိပါတယ်။ သို့သော်လည်း ဆရာတော်များဟာ ရာသီဥတုဆိုးရွားလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ သူတို့ရဲ့ ခရီးစဉ်ကို ဆိုင်းငံ့ထားတာမျိုးလည်း မရှိပါဘူး။ နှင်းတောထဲမှာ စီးတဲ့ ဖိနပ်တွေနဲ့ ဆက်လက်ချီတက်နေဆဲ ဖြစ်သလို အမေရိကန် ပြည်သူတွေကလည်း သောင်းသောင်းဖျဖျ ကြိုဆိုတဲ့ မြင်ကွင်းပုံရိပ်တွေ မြင်တွေ့နေရဆဲ ဖြစ်ပါတယ်။
ဝါရှင်တန် ဒီစီ ကို ရောက်တဲ့အချိန်မှာ ဆရာတော်များက တရားထိုင်မှာ ဖြစ်သလို မေတ္တာသုတ် ရွတ်ဖတ်ပူဇော်ကြဖို့ အစီအစဉ်လည်း ရှိတယ်လို့ သိရပါတယ်။ အမေရိကန်ပြည်ထောင်စု နဲ့ မြန်မာနိုင်ငံဟာ နေ့နဲ့ ည ကွာပါတယ်။ အမေရိကန်မှာ နေ့ဘက်ဆိုရင် ကျွန်တော်တို့ မြန်မာပြည်မှာ ညဘက် ရောက်ပါပြီ။ ဆရာတော်များက ဝါရှင်တန် ဒီစီမှာ လုပ်မယ့် ပွဲကို လူမှုကွန်ရက်စာမျက်နှာတွေကနေ Live ထုတ်လွှင့်ပေးမှာ ဖြစ်ကြောင်း ကြေညာထားတာ ဖြစ်တဲ့အတွက် ဆရာတော်များနဲ့ထပ်တူ ကျွန်တော်တို့ မြန်မာပြည်မှာ ရှိကြတဲ့ ရဟန်းရှင်လူပြည်သူများကလည်း သူတို့နဲ့ တသားတည်း ပူးပေါင်းဆောင်ရွက်တဲ့အနေနဲ့ လာမယ့် ဖေဖော်ဝါရီ (၁၁)ရက်နေ့ ညမှာ တရားထိုင်ခြင်း၊ မေတ္တာသုတ် ရွတ်ဖတ် ပူဇော်ခြင်းများကို အတူတကွ ပူးပေါင်းဆောင်ရွက်တဲ့အနေနဲ့ လိုက်ပါ ဆောင်ရွက်နိုင်ကြစေဖို့ နှိုးဆော်တိုက်တွန်း လိုက်ရပါတယ်။
နောင်တော်လေး (ဘိုကလေး)
#MNP #News

No comments:
Post a Comment