ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲကျင်းပ
(လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲ၊ ပွင့်လင်းမြင်သာသည့်ရွေးကောက်ပွဲ၊ ဒီမိုကရေစီစံနှုန်းများနှင့်အညီ အောင်မြင်သည့် ရွေးကောက်ပွဲအဖြစ် စောင့်ကြည့်လေ့လာသူများက အသိအမှတ်ပြု)
နေပြည်တော် ၊ ဖေဖော်ဝါရီ ၁၃
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲကို ယနေ့ နံနက် ၉ နာရီတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးသန်းစိုးက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို အပိုင်း ၃ ပိုင်းဖြင့်ဆောင်ရွက်ခဲ့ပြီး ဒီမိုကရေစီစံနှုန်းများနှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲအဖြစ် အောင်မြင်စွာ ကျင်းပပေးနိုင်ခဲ့ပါကြောင်း၊ ယခင် ရွေးကောက်ပွဲများနှင့် မတူညီဘဲ အခက်အခဲအမျိုးမျိုးကြားမှ ဆောင်ရွက်ခဲ့ရသော်လည်း စိတ်အားထက်သန်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့်နိုင်ငံရေးပါတီများ၊ နိုင်ငံသားတစ်ယောက်အနေဖြင့် တာဝန် ကျေပွန်စွာ၊ စိတ်ပါဝင်စားစွာ လာရောက်မဲပေးခဲ့ကြသည့် မဲဆန္ဒရှင်ပြည်သူများကိုအထူး ကျေးဇူးတင်ရှိပါကြောင်း။
ယခုကဲ့သို့ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပပေးနိုင်ရန် ဦးစားပေးအနေဖြင့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့၏ လူဦးရေစာရင်းများအပေါ်အခြေခံ၍ မဲဆန္ဒရှင် စာရင်း ပြုစုခဲ့ပြီး မဲဆန္ဒရှင်များ လာရောက်ကြည့်ရှု၍ဖြည့်စွက်ပြင်ဆင်ခြင်းများကို ဥပဒေနှင့်အညီဆောင်ရွက်နိုင်ရန် ရွေးကောက်ပွဲမတိုင်မီ သုံးကြိမ်တိုင် ကပ်ထားကြေညာ ပေးခြင်း၊ မဲစာရင်းများမှန်ကန်မှုရှိရေး နိုင်ငံရေးပါတီများအား ဖိတ်ခေါ်၍ ပူးပေါင်းစိစစ်ခြင်း များကို စနစ်တကျ ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း။
မဲဆွယ်စည်းရုံးခြင်းနှင့်စပ်လျဉ်း၍ ရက်ပေါင်း ၆၀ ခွင့်ပြုပေးခဲ့ပြီး နိုင်ငံရေးပါတီများ၏ တင်ပြချက်အရ ရွေးကောက်ပွဲအပိုင်းလိုက် ထပ်မံခွင့်ပြုပေးခဲ့ပါကြောင်း၊ မဲဆွယ်စည်းရုံးရေး ကာလတစ်လျှောက် ဥပဒေနှင့်အညီ စနစ်တကျဆောင်ရွက်ခဲ့ကြသည့်အတွက်ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ ပြည်တွင်းပြည်ပမှ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များ မဲပေးပိုင်ခွင့် မဆုံးရှုံးစေရန်အတွက် ကြိုတင်ဆန္ဒမဲပေးခြင်းလုပ်ငန်းများကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျဖြစ်စေရေးဆောင်ရွက်ခဲ့ပါကြောင်း၊ ကြိုတင်မဲ ပေးခြင်းလုပ်ငန်းစဉ်များကို ယခင်ရွေးကောက်ပွဲများ နှင့်မတူဘဲ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ကြီးကြပ်စောင့်ကြည့် ခြင်းများဆောင်ရွက်ခဲ့ပါကြောင်း၊ ကြိုတင်မဲပေးခြင်း နှင့်စပ်လျဉ်း၍ ရွေးကောက်ပွဲအပိုင်းလိုက် နိုင်ငံရေးပါတီများအားအကြောင်းကြားစာများ ပေးပို့စေခဲ့ပြီး လာရောက်ကြည့်ရှုသည့် ကိုယ်စားလှယ်စာရင်းများကိုပါ တင်ပြစေခဲ့ပါကြောင်း၊ ရွေးကောက်ပွဲ မဲမသမာမှုမဖြစ်စေရေး အလေးထား ဆောင်ရွက်ခဲ့ပါကြောင်း။
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်အထိ ကျင်းပခဲ့သည့် ရွေးကောက်ပွဲအပိုင်း (၃) ပိုင်းလုံးတွင် မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စုစုပေါင်း ၂၄ဒသမ ၂၂ သန်းရှိပြီး မဲပေး သူ ၁၃ဒသမ ၁၄ သန်းကျော်ရှိ၍ မဲပေးမှုခိုင်နှုန်း ၅၄ဒသမ ၂၂ ရာခိုင်နှုန်းကျော်ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲရလဒ်များကို ရွေးကောက်ပွဲအပိုင်းလိုက် ထုတ်ပြန်ကြေညာပေးခဲ့ပြီး အနိုင်ရကိုယ်စားလှယ်စာရင်းများအပြင် FPTP မဲဆန္ဒနယ်များတွင် ကိုယ်စားလှယ်တစ်ဦးချင်း ဆန္ဒမဲရရှိမှုအခြေအနေ၊ PR မဲဆန္ဒနယ်များတွင် ကိုယ်စားလှယ်တွက်ချက်မှုပုံစံတို့နှင့်အတူ ပါတီအလိုက် ကိုယ်စားလှယ်ရရှိမှုအခြေအနေများကို တစ်ပြိုင်နက် ထုတ်ပြန်ကြေညာပေးနိုင်ခဲ့ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် မဲရုံတစ်ရုံချင်းစီအလိုက် စာရင်းများကိုပါရယူ၍ ရလဒ် တွက်ချက်ခြင်းများ ကိုကော်မရှင်အဖွဲ့ခွဲများနည်းတူဆောင်ရွက်ခဲ့ပြီး စနစ်တကျ ထုတ်ပြန် ခဲ့ခြင်း ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မဲဆန္ဒနယ်အလိုက် ရွေးကောက်ပွဲရလဒ်အသေး စိတ်များကို နိုင်ငံရေးပါတီများမှခေါင်းဆောင်များ၊ ကိုယ်စားလှယ်များနှင့်တာဝန်ရှိသူများ လေ့လာကြည့် ရှုနိုင်ရန် ပွင့်လင်းမြင်သာစွာ ခင်းကျင်းပြသထားပါကြောင်း၊ မိမိပါတီ၊ မိမိကိုယ်စားလှယ်လောင်းများ နစ်နာမှုရှိသည်ဟုယူဆပါက သတ်မှတ်ကာလအတွင်း ကန့်ကွက်လွှာ တင်သွင်းနိုင်ပါကြောင်း။
ကိုယ်စားလှယ်များကို ဖိတ်ကြား၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲ အပိုင်းလိုက် ပိုမိုပြည့်စုံ၍ စနစ်တကျဖြစ်စေရန်၊ မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများ လွယ်ကူအဆင်ပြေစွာ မဲပေးနိုင်ရေးနှင့် လိုအပ်မှု များ မရှိစေရန် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ပြည်တွင်း ပြည်ပမှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ၊ နိုင်ငံတကာသံရုံးများမှ ကိုယ်စားလှယ်များကို ဖိတ်ကြား၍ ရွေးကောက်ပွဲအပိုင်းအားလုံးကို စောင့်ကြည့်လေ့လာခဲ့ကြပြီး လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲ၊ ပွင့်လင်းမြင်သာသည့်ရွေးကောက်ပွဲ၊ ဒီမိုကရေစီစံနှုန်းများနှင့်အညီ အောင်မြင် သည့်ရွေးကောက်ပွဲအဖြစ် အသိအမှတ်ပြုခဲ့ကြပါကြောင်း၊ နိုင်ငံတကာနှင့်ပြည်တွင်း သတင်းမီဒီယာများမှ သတင်းမီဒီယာများကလည်း ရွေးကောက်ပွဲတွင် လွတ်လပ်စွာ သတင်းရယူခဲ့ကြပြီး မဲဆန္ဒရှင်ပြည်သူများ၏ စည်းကမ်းစနစ်တကျဖြင့် အဆင်ပြေစွာ လာရောက်မဲပေးခဲ့မှုများကို ရိုက်ကူးထုတ်လွှင့် ဖော်ပြခဲ့ကြပါကြောင်း။
ရောနှောထားသောကိုယ်စားလှယ်အချိုးကျစနစ် (MMP) ကျင့်သုံးခြင်းအားဖြင့် ရွေးကောက် တင်မြှောက်ခံရသည့်ပါတီအရေအတွက် မြင့်မားလာပါကြောင်း၊ နိုင်ငံရေးပါတီ ၃၂ ပါတီ ဝင်ရောက်ယှဉ်ပြိုင်သည့် ၂၀၁၀ ရွေးကောက်ပွဲနှင့် ပါတီ ၉၁ ပါတီ ဝင်ရောက်ယှဉ်ပြိုင်သည့် ၂၀၁၅ ရွေးကောက်ပွဲတို့တွင် နိုင်ငံရေးပါတီ ၂၂ ပါတီမှ ကိုယ်စားလှယ်လောင်းများသာ ရွေးကောက်ခံခဲ့ရသော်လည်း ယခုရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံရေးပါတီ ၅၇ ပါတီအနက် နိုင်ငံရေးပါတီ ၃၁ ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ် ၁ ဦးတို့ ရွေးကောက်တင်မြှောက်ခံခဲ့ရပါကြောင်း၊ ထို့ကြောင့် ယခင်ရွေးကောက်ပွဲများထက် တိုင်းရင်းသားပါတီများ၊ ပါတီငယ်များ လွှတ်တော်အတွင်း ကိုယ်စားပြုခွင့် ပိုမိုရရှိလာပါကြောင်း။
ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲကျင်းပပြီးစီးသွားသော်လည်း ဆက်လက်ဆောင် ရွက်ရမည့် လုပ်ငန်းများဖြစ်သည့် အမြဲတမ်းရှင်သန်နေသည့် မဲဆန္ဒရှင်စာရင်းဖြစ်စေရေး ဆောင်ရွက်ခြင်း၊ ကျင်းပပြီးစီးခဲ့သည့်ရွေးကောက်ပွဲအပေါ်တွင် အားသာချက်၊ အားနည်းချက် များကိုလည်း ပြန်လည်သုံးသပ်လျက်ရှိပြီး ဥပဒေ၊ နည်းဥပဒေပြင်ဆင်ရေးအပါအဝင် လိုအပ်ချက်များကို ပြင်ဆင်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် လစ်လပ်သွားမည့် ကိုယ်စားလှယ်နေရာများနှင့် ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိခဲ့သည့် မဲဆန္ဒနယ်များအတွက် ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေး မည့်အချိန်တွင် အဆင်သင့်ဖြစ် နေစေရေး နိုင်ငံရေးပါတီများအနေဖြင့် မဲဆန္ဒရှင်ပြည်သူများနှင့် စဉ်ဆက်မပြတ် ထိတွေ့ နေရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ကိုယ်စားလှယ်ရွေး ချယ်မခံရသည့် နိုင်ငံရေးပါတီများ အနေဖြင့်လည်း လွှတ်တော်ပြင်ပအမျိုးသားနိုင်ငံရေး ဆက်လက် ဆောင်ရွက်သွားရ မည်ဖြစ်ပြီး ပြည်သူလူထုအကျိုး၊ မဲဆန္ဒရှင်များ၏အကျိုးကို ဆောင်ရွက် ပေးခြင်းဖြင့် ပြည်သူလူထု၏ ထောက်ခံအားပေးမှုကိုရရှိအောင် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသည့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများက ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံရေးပါတီဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ
တာဝန်ရှိသူတို့က ပြန်လည်ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ နိဂုံးချုပ် စကားပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းသည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီး ဌာနတို့မှ တာဝန်ရှိသူများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီ ၅၅ ပါတီမှဥက္ကဋ္ဌများ၊ ခေါင်းဆောင်များနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
#MNP #News

No comments:
Post a Comment