နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄
(၂၀၂၆) ခုနှစ်၊ မြင်းနှစ် တရုတ်နှစ်သစ်ကူးပွဲတော်အခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ် တို့ တက်ရောက်ချီးမြှင့်သည်။
ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် ဇနီး တို့အား မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E. Ms. Ma Jia နှင့် ကြွရောက်လာကြသည့် ဧည့်သည်တော်ကြီးများ၊ တာဝန်ရှိသူများက လှိုက်လှဲ နွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့်ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများ သည် (၂၀၂၆) ခုနှစ်၊ မြင်းနှစ် တရုတ်နှစ်သစ်ကူးပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပမည့် နေရာသို့ ရောက်ရှိကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဦးဉာဏ်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီးများ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင် များအသင်းချုပ်(UMFCCI) ဒုတိယဥက္ကဋ္ဌ၊ မြန်မာ-တရုတ်ချစ်ကြည်ရေးဥက္ကဋ္ဌ၊ မြန်မာ နိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်ဥက္ကဋ္ဌ၊ မြန်မာ-တရုတ်ဗုဒ္ဓဘာသာနှင့် ယဉ်ကျေးမှု နှီးနှောဖလှယ်ရေးအဖွဲ့ နာယကနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများက (၂၀၂၆)ခုနှစ်၊ မြင်းနှစ် တရုတ်နှစ်သစ်ကူးပွဲတော်ဖွင့်ပွဲ အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယ ဥက္ကဋ္ဌနှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးတို့အား ခြင်္သေ့ရှစ်ကောင်က မင်္ဂလာဂါရဝပြုကြိုဆိုကြပြီး တရုတ်ရိုးရာနှစ်သစ်ကူး အထိမ်း အမှတ်ပုဝါများဖြင့် ဂါရဝပြုသည်။
၎င်းနောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယ ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးတို့က နှစ်သစ် ကူးပွဲတော် အခမ်းအနားကို မင်္ဂလာမောင်းအား ၃ ကြိမ်တီးခတ်၍ အခမ်းအနားကို ဖွင့်လှစ်ပေးသည်။
ထို့နောက် မြန်မာပြည်တရုတ်ဗုဒ္ဓဘာသာရဟန်းတော်များအဖွဲ့ ဥက္ကဋ္ဌ၊ ကွမ်ရင်စီ ကျောင်းတိုက်ဆရာတော်နှင့် ဘုန်းတော်ကြီးများက တရုတ်-မြန်မာ နှစ်ဘာသာဖြင့် နှစ်သစ်ကူးဆုတောင်းစကား ဆုတောင်းမေတ္တာများပို့သကြသည်။ ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ နှင့်ဇနီးတို့က ကွမ်ရင်ကျောင်းဆရာတော်ထံ သစ်သီးခြင်းအား ဆပ်ကပ်လှူဒါန်းရာ ဆရာတော်မှ ဘာသာရေးဆိုင်ရာ နှစ်သစ်ကူးအမှတ်တရ မင်္ဂလာလက်ဆောင်ပြန်လည် ပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယ ဥက္ကဋ္ဌနှင့်ဇနီး မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးနှင့် တာဝန်ရှိသူများအား ရန်ကုန်မြို့ရှိ တရုတ်အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ အထက် မြန်မာပြည်၊ အောက်မြန်မာပြည် တရုတ်အသင်းအဖွဲ့များ၊ မြန်မာတရုတ် ရင်းနှီးမြှပ်နှံမှု နှင့် ကုန်သွယ်မှုမြင့်တင်ရေးအသင်း(MCITP)မှ ကိုယ်စားလှယ်များက ရိုးရာ လက်ဆောင်မွန်များ ဂါရဝပြုပေးအပ်ကြသည်။
အား ထို့နောက် ဖျော်ဖြေရေးအဖွဲ့များ၏ တစ်ဖွဲ့ချင်းစီအလိုက်ဂါရဝပြုကပြဖျော်ဖြေမှု ကြည့်ရှုအားပေးပြီး နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် ဇနီးတို့က နှစ်သစ်ကူးလက်ဆောင်များ ပေးအပ်ကြသည်။
ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယ ဥက္ကဋ္ဌနှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးနှင့် အခမ်း အနားတက်ရောက်လာကြသူများသည် တရုတ်အသင်းအဖွဲ့များနှင့် အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ နှင့် ဇနီး၊ တက်ရောက်လာကြသူများသည် ခြင်္သေ့ထိုင်အက၊ တရုတ်ရိုးရာ ကြက်တောင် ရိုက်ခြင်းနှင့် မြန်မာ့ရိုးရာတစ်ပင်တိုင် ခြင်းလုံးခတ်သရုပ်ပြ ဖျော်ဖြေမှုများကို ကြည့်ရှု အားပေးပြီး နှစ်သစ်ကူးလက်ဆောင်များ ပေးအပ်ကြသည်။
ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် တရုတ်ရိုးရာယဉ်ကျေးမှုပြခန်းများ၊ လက်မှုပညာပြခန်းများ၊ တိုင်းရင်းဆေးဝါးပြခန်းများ၊ တရုတ်ရိုးရာအစားအစာပြခန်းများနှင့် စီးပွားရေးဆိုင်ရာ ပြခန်းများကို လှည့်လည်ကြည့်ရှုကြရာ ပြခန်းတာဝန်ခံများက လိုက်လံရှင်းလင်း တင်ပြကြသည်။
၎င်းနောက် မြင်းနှစ် တရုတ်နှစ်သစ်ကူးပွဲတော် ညစာစားပွဲ အခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ ဦးစွာတရုတ်ရိုးရာခြင်္သေ့အရုပ်အား ဆေးခြယ်အသက် သွင်းခြင်း မင်္ဂလာအခမ်းအနားကိုပြုလုပ်ခဲ့ပြီး နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့်ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးတို့က တရုတ်ရိုးရာခြင်္သေ့အရုပ်အား တရုတ်ထုံးတမ်းစဉ်လာများနှင့်အညီ ဂုဏ်ပြုဆေး ခြယ်သပေးသည်။ ယင်းနောက် တရုတ်ရိုးရာခြင်္သေ့အကအဖွဲ့က ဂါရဝပြု ကပြကြရာ နှစ်သစ်ကူးလက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့သည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ က တရုတ်နှစ်သစ်ကူးပွဲတော် နှစ်သစ်ဆုမွန်ကောင်းစကား ပြောကြားရာတွင် တရုတ် နိုင်ငံ၏ လွန်ခဲ့သော နှစ်ပေါင်း ၅၀၀၀ ကျော်ကတည်းက တည်ရှိခဲ့သည့် ယဉ်ကျေးမှု သမိုင်းတွင် တရုတ်ရိုးရာရာသီခွင် ၁၂ ပါးရှိပြီး ယခု ၂၀၂၆ ခုနှစ်သည် မြင်းနှစ် ဖြစ်သည်ကို သိရှိရကြောင်း မြင်းနှစ်၏ အဓိပ္ပာယ်သည် လုပ်ငန်းဆောင်တာများကို အရှိန်အဟုန်နှင့် စွမ်းအားအပြည့်ဆောင်ရွက်နိုင်ခြင်း၊ စိန်ခေါ်မှုများကို ဉာဏ်ပညာ၊ ကျွမ်းကျင်မှုများနှင့် အောင်မြင်စွာကျော်ဖြတ်ပြီး ဖွံ့ဖြိုးတိုးတက်မှုများကို ရရှိပိုင်ဆိုင်ခြင်းဆိုသည့် ကောင်းမွန်သောအဓိပ္ပာယ်များရှိသည်ဟု မှတ်သားရပါကြောင်း ထို့ကြောင့် ယခုနှစ်သစ်တွင် တရုတ်နိုင်ငံအနေဖြင့်သာမက၊ မြန်မာနှင့်တရုတ် နိုင်ငံ နှစ်ခုလုံး၏ ပြည်သူလူထုအကျိုးစီးပွားအတွက် ယခုထက် ပိုမိုပြီး တိုးတက်မှု၊ အောင်မြင်မှုများရရှိအောင် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း ယခုကဲ့သို့ ထူးခြားသည့် ၂၀၂၆ ခုနှစ်အတွင်း တွင် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား မိတ်ဆွေကောင်း၊ အိမ်နီးချင်းကောင်းပီပီ စိတ်ကောင်း စေတနာအပြည့်နှင့် ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန်နှင့်တိုးချဲ့ သွားနိုင်မည်ဟုလည်း အပြည့်အဝ ယုံကြည်ပါကြောင်း။
မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့သည် မိုင်ပေါင်း ၁၃၀၀ ကျော် ရေမြေတောတောင် ချင်း ထိစပ်နေသည့် ရွေးချယ်စရာမရှိသော အိမ်နီးချင်းကောင်းနိုင်ငံများဖြစ်ကြောင်း၊ နှစ်နိုင်ငံပြည်သူများအကြားတွင်လည်း အေဒီ ၉၀၀ ကျော် ပျူခေတ်ကာလကတည်းက ရင်းနှီးချစ်ကြည်စွာကူးလူးဆက်ဆံခဲ့ကြခြင်းကြောင့် ချစ်ကြည်ရင်းနှီးမှုသည် ယခုအခါ နှစ်ပေါင်းထောင်ချီကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ ထိုသို့သမိုင်းကြောင်းကြာမြင့်ပြီဖြစ်သည့် နှစ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးနှင့် ရှည်လျားသည့် နယ်နိမိတ်ချင်း ထိစပ် နေမှုများကြောင့် နှစ်နိုင်ငံအကြား နားလည်မှု၊ ယုံကြည်မှုများကို တိုးမြှင့်ပြီး “ဆွေမျိုး ပေါက်ဖော်” ဆက်ဆံရေးကို အခိုင်အမာထူထောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း။
“ဆွေမျိုးပေါက်ဖော်” ညီအစ်ကိုရင်းချာစိတ်ဓာတ်ကိုအခြေခံပြီး နှစ်နိုင်ငံ ဆက်ဆံရေးကို ကဏ္ဍစုံတွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက် ရှိသကဲ့သို့ ၂၀၁၁ ခုနှစ်တွင် “ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး” အဆင့်အထိ တိုးမြှင့်နိုင်ခဲ့ပါကြောင်း၊ ထို့အပြင် ၂၀၂၀ ပြည့်နှစ်က တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်းတွင် “မြန်မာ-တရုတ် အေးအတူပူအမျှ အသိုက်အဝန်း”ကို အောင်မြင်စွာ တည်ထောင်နိုင်ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးအတွက် သမိုင်းမှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့ပါကြောင်း၊ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ်နှင့်အညီ အပြန်အလှန်လေးစားမှုနှင့် နားလည်မှု ကို အခြေခံပြီး ကဏ္ဍစုံတွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံမိတ်ဖက် ဆက်ဆံရေးကို ပိုမိုကျယ်ပြန့်နက်ရှိုင်းအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း။
တရုတ်နိုင်ငံ၏ အကူအညီဖြင့် မြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေး အတွက် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ၊ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေး အတွက် လျှပ်စစ်နှင့်စွမ်းအင်၊ စိုက်ပျိုးရေး၊ စက်မှုနှင့်ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍ များတွင် စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ နှစ်နိုင်ငံ အကြား ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း၊ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း၊ ရေနံ နှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းတို့ကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မူဆယ်-မန္တလေး မီးရထား လမ်းသစ်ဖောက်လုပ်ရေးစီမံကိန်းနှင့် မန္တလေး-ကျောက်ဖြူ မီးရထားလမ်းစီမံကိန်းများကိုလည်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ မူဆယ်-မန္တလေး ရထားလမ်းသည် ကျောက်ဖြူ-ကူမင်း မီးရထားလမ်းစီမံကိန်းကို အကောင်အထည်ဖော်ခြင်း၏ ပထမ ခြေလှမ်းဖြစ်ပြီး ကျောက်ဖြူ-ကူမင်း မီးရထား လမ်းစီမံကိန်း၏ အဓိကကျသည့် အစိတ်အပိုင်းတစ်ရပ်လည်း ဖြစ်ကြောင်း၊ မန္တလေး-ကျောက်ဖြူရထားလမ်းစီမံကိန်းသည် တရုတ်နိုင်ငံအတွက်အိန္ဒိယသမုဒ္ဒရာထွက်ပေါက် အဖြစ် ပုံပေါ်လာနိုင်မည့် အလားအလာရှိသော အခွင့်အလမ်းကောင်းများဖြစ်ကြောင်း။ ထို့အပြင် မြန်မာနိုင်ငံသည် ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြားတွင် နယ်နိမိတ်ချင်းထိစပ်တည်ရှိနေပြီး တောင်အာရှ၊ အရှေ့တောင်အာရှနှင့် တရုတ်နိုင်ငံတို့ ဆုံဆည်းရာနေရာတွင် ပထဝီ အနေအထားအရ အချက်အချာကျကျ တည်ရှိနေခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အပြန်အလှန် အကျိုးရှိစေရေးပူးပေါင်းဆောင်မှုများ ကို မြန်မာနိုင်ငံကအလေးထားပါကြောင်း၊ လမ်းပန်းဆက်သွယ်မှုအနေဖြင့် လမ်းဆုံ နေရာတွင် တည်ရှိနေပြီး တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ကို ဖန်တီး ပေးနိုင်မည့် နိုင်ငံဖြစ်သည့်အတွက် လမ်းပန်းဆက်သွယ်ရေးကဏ္ဍနှင့် အခြေခံ အဆောက်အအုံ ကဏ္ဍများတွင် တရုတ်နိုင်ငံက လာရောက် ရင်းနှီးမြှုပ်နှံနိုင်ရန်အတွက် နိုင်ငံတော်ယာယီသမ္မတ ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၏ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လအတွင်းက တရုတ်နိုင်ငံခရီးစဉ်တွင် ဖိတ်ခေါ်ခဲ့ပြီး ဖြစ်ကြောင်း၊ ထိုသို့ ရင်းနှီးမြှုပ်နှံနိုင်ပါက နှစ်နိုင်ငံလုံးအတွက် များစွာအကျိုး ဖြစ် ထွန်းစေမည်ဖြစ်ကြောင်း။
မြန်မာနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ယနေ့ ထက်တိုင် လက်ခံ ကျင့်သုံးနေသကဲ့သို့ စစ်မှန်သော မိတ်ဖက်ဆက်ဆံရေး၊ အပြန်အလှန်ယုံကြည်မှုနှင့် ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုကိုအခြေခံပြီး နှစ်နိုင်ငံဆက်ဆံမှု တိုးမြှင့် ဆောင်ရွက်ရေး၊ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေး၊ အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်မှု အရှိန်အဟုန်မြှင့်တင်ရေးနှင့် ဒေသတွင်း တည်ငြိမ် အေးချမ်းရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေးတို့နှင့် ပတ်သက်ပြီး ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးနိုင်ခဲ့ပါကြောင်း။
တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင်ကူညီပေးခဲ့မှု၊ မန္တလေးငလျင်အတွက် အစောဆုံး အကူအညီ စေလွှတ်ခဲ့မှုတို့အပေါ် အစဉ်အမှတ်ရပါကြောင်းနှင့် ငလျင်ဘေးအလွန် ပြန်လည် ထူထောင်ရေးလုပ်ငန်းစဉ်များအတွက် အကူအညီများပေးအပ်မှုအပေါ်များစွာ ကျေးဇူး တင်ရှိကြောင်း၊ ဒေသတွင်းတွင်သာမက နိုင်ငံတကာအသိုက်အဝန်းများတွင် စဉ်ဆက် မပြတ်အပြုသဘောဆောင်သည့် အားပေးထောက်ခံမှုများအတွက်လည်း များစွာ တန်ဖိုးထားကြောင်း၊ ယခုအခါ မိမိတို့နိုင်ငံတွင် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကိုအောင်အောင်မြင်မြင်ဖြင့် ကျင်းပပြီးစီးခဲ့ပြီဖြစ်ကြောင်း၊ မကြာခင်တွင် ရွေးကောက်တင် မြှောက်ခံကိုယ်စားလှယ်များ ဦးဆောင်ပြီး လွှတ်တော်အစည်းအဝေး များကို ခေါ်ယူကျင်းပနိုင်တော့မည်ဖြစ်ကြောင်း၊ လွှတ်တော်မှတစ်ဆင့် ဒီမိုကရေစီ နည်းလမ်းတကျ ရွေးကောက်တင်မြှောက်သည့် နိုင်ငံတော်သမ္မတဦးဆောင်သည့် အစိုးရ အဖွဲ့တစ်ရပ်သည်လည်း လာမည့် ဧပြီလဆန်းပိုင်းတွင် ပေါ်ပေါက်လာတော့ မည်ဖြစ်သည့်အတွက် နှစ်နိုင်ငံအကြား ယခုထက်ပိုသည့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုဆောင်ရွက်နိုင်မည် ဟုလည်း ယုံကြည်ကြောင်း။
တရုတ်ရိုးရာ ရာသီခွင်များထဲက “ မြင်း ” ဆိုသည်မှာ အောင်မြင်မှု၊ ကံကောင်း ခြင်းနှင့်လည်း ဆက်စပ်နေကြောင်း၊ ထို့ကြောင့် နှစ်နိုင်ငံအကြား ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးမူကြီး (၅)ချက်ကို အခြေခံသည့် အိမ်နီးချင်းချစ်ကြည်ရေး ထာဝရ တည်တံ့စေရန်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သာယာ ဝပြောစေရန်နှင့် ယနေ့ကြွရောက်လာသည့် ဂုဏ်သရေရှိ လူကြီးမင်းများအားလုံး ကျန်းမာရွှင်လန်းပြီး အောင်မြင်ခြင်း၊ ကံကောင်းခြင်းများ ပိုင်ဆိုင်ကာ ပျော်ရွှင်ချမ်းမြေ့ ကြပါစေဟု ဆုမွန်ကောင်းတောင်းပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယ ဥက္ကဋ္ဌနှင့်ဇနီး မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးတို့သည် ၂၀၂၆ ခုနှစ် မြင်းနှစ် တရုတ်နှစ်သစ်ကူး အထိမ်းအမှတ်လက်ဆောင်များကို အပြန်အလှန် ပေးအပ်ကြသည်။
၎င်းနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး က နှစ်သစ်ဆုတောင်းစကားပြောကြားရာတွင် ယနေ့ညတွင် ကျင်းပပြုလုပ်သော မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွားများ၏ နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်အခမ်းအနားကို တက် ရောက်ပြီး အတူတကွ မြင်းနှစ်သစ်ကို ကြိုဆိုခွင့်ရခြင်းအတွက် အလွန် ဝမ်းမြောက် ဂုဏ်ယူပါကြောင်း၊ တရုတ်နှစ်သစ်ကူးပွဲတော်သည် မိသားစုစည်းလုံး စုစည်းခြင်း စိတ်ခံစားမှု၊ နှစ်ဟောင်းကိုနှုတ်ဆက်ပြီး နှစ်သစ်ကိုကြိုဆိုခြင်း တောင်း ဆုမွန်များဖြင့် နှစ်သစ်၏အနှစ်သာရ ပေါ်လွင်နေပါကြောင်း၊ လူမှုအသိုင်းအဝိုင်းအတွင်း သဟဇာတ ဖြစ်စွာ ဆက်ဆံပြုမူခြင်းတို့ကိုလည်း ထင်ဟပ်စေပါကြောင်း၊ ဤအချက်များသည် အရှေ့တိုင်း၏တူညီသော တန်ဖိုးထားမှုများဖြစ်ပါကြောင်း။
၂၀၂၄ ခုနှစ် ဇူလိုင်လတွင် မြန်မာနိုင်ငံအစိုးရက တရုတ်ရိုးရာလပြက္ခဒိန် နှစ်သစ် ကူးနေ့ကို အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ကြေညာခဲ့ကြောင်း၊ ယခုနှစ် တရုတ် နှစ်သစ်ကူးပွဲတော်သည် မြန်မာနိုင်ငံ၏ ပြည်ထောင်စုနေ့နှင့် နီးနေသဖြင့် နှစ်နိုင်ငံ ပြည်သူများ အတူတကွ ပျော်ရွှင်စွာ ဆင်နွှဲနိုင်ခြင်းသည် ဤပွဲတော်နှစ်ခုလုံး၏ ငြိမ်းချမ်းခြင်း၊ ညီညွတ်ခြင်းနှင့် စည်းလုံးခြင်းစိတ်ဓာတ်ကို ထင်ရှားစေပါကြောင်း။
၂၀၂၅ ခုနှစ်သည် တရုတ်-မြန်မာ ဆက်ဆံရေးအတွက် အရေးပါသည့်နှစ် တစ်နှစ်ဖြစ်ခဲ့ကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေးသည် ထိပ်သီးခေါင်းဆောင်များ၏ လမ်းညွှန်မှုအောက်တွင် အဆင့်သစ်တစ်ခုသို့ တက်လှမ်းခဲ့ပါကြောင်း၊ နှစ်နိုင်ငံခေါင်း ဆောင်များ နှစ်ကြိမ်တိုင်တိုင် တွေ့ဆုံခဲ့ပြီး ဂုဏ်ပြုစာလွှာများ အပြန်အလှန် ပေးပို့ခဲ့ကြကာ သံတမန်ဆက်ဆံရေး နှစ် ၇၅ နှစ်ပြည့်ခြင်းကို အခွင့်အခါကောင်းယူ၍ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်နှင့် တရုတ်-မြန်မာ အေးအတူပူ အမျှကံကြမ္မာတူညီရေးတည်ဆောက်ရေးကို အရှိန်မြှင့်ဆောင်ရွက်ရန် တွန်းအား ပေးခဲ့ကြောင်း၊ ယင်းသည် နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် လမ်းညွှန်မှုနှင့် အင်အားကိုပေါ်လွင်စေခဲ့ကြောင်း၊ တရုတ်-မြန်မာ စီးပွားရေး ပူးပေါင်း ဆောင် ရွက်မှုတွင် တိုးတက်မှုအသစ်များ ရရှိခဲ့ပြီး နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏမှာ ၁၉ ရာခိုင်နှုန်း တိုးတက်ခဲ့ကာ တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုမှာ ၂၃၀ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး နှစ်နိုင်ငံပြည်သူများအတွက် မြင်သာထင်သာသော အကျိုး ကျေးဇူးများ ဖြစ်ထွန်းစေခဲ့ကြောင်း၊ နှစ်နိုင်ငံ လူထုအကြား ယဉ်ကျေးမှု ဖလှယ်ရေး တွင်လည်း စုံလင်လှကြောင်း၊ ကျဲ့ကျန်းအော်ပရာအဖွဲ့နှင့် တရုတ်ရုပ်ရှင် ရက် သတ္တပတ်တို့သည် မြန်မာပြည်သူများကို တရုတ်နိုင်ငံအား လက်တွေ့ကျကျ ရုပ်လုံး ကြွစွာ ခံစားသိရှိစေခဲ့ပါကြောင်း၊ ယမန်နှစ်က မြန်မာနိုင်ငံသို့ လာရောက်သည့် တရုတ် ခရီးသွားဧည့်သည် ဦးရေသည် ၂၅၀,၀၀၀ ကျော်ရှိခဲ့ပြီး မြန်မာနိုင်ငံ၏ အကြီးဆုံး ခရီးသွားအရင်းအမြစ် နိုင်ငံအဖြစ် ဆက်လက်တည်ရှိခဲ့ကြောင်း၊ တရုတ်-မြန်မာ အစိုးရအရာရှိများ၊ ဘာသာရေးခေါင်းဆောင်များ၊ပညာရှင်များ၊ အနုပညာရှင်များ၊ လူငယ်နှင့် အားကစားသမားများ အပြန်အလှန် လေ့လာရေး ခရီးစဉ်များသည် ပြည်သူနှစ်ရပ်အကြား နားလည်မှုနှင့် ချစ်ကြည်မှုတိုးပွားစေခဲ့ပါကြောင်း၊ ယခုနှစ်အတွင်း နှစ်နိုင်ငံ၏ “ပေါက်ဖော်ချစ်ကြည်ရေး” ဆက်ဆံရေးသည် ပိုမိုမြင့်မားလာခဲ့ပြီး ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင်လှုပ်ခတ်ခဲ့ သည့်မြေငလျင်အပြီး အသက်ကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့ခြင်းများသည် ကြီးမားသောမေတ္တာတရားဖြင့် တရုတ်-မြန်မာ ချစ်ကြည်ရေးကို ဖော်ပြခဲ့ခြင်းဖြစ်ကြောင်း၊ တရုတ်အစိုးရမှ လူအား၊ ပစ္စည်းအားနှင့် ငွေကြေးထောက်ပံ့မှုများ ပေးအပ်ခဲ့သကဲ့သို့ မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွား အသိုင်း အဝိုင်းကလည်း အမြန်ဆုံး တုံ့ပြန်ကာ အလှူငွေ များနှင့် ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့ခဲ့ကြကြောင်း၊ မြန်မာပြည်ဖွား တရုတ် လူငယ် စေတနာ့ဝန်ထမ်း များသည် သဘာဝဘေးဒဏ် အခြေအနေ အချက်အလက်များ စုဆောင်းပေးခြင်း၊ ထိခိုက် ဒဏ်ရာရသူများကို ကူညီပြောင်းရွှေ့ပေးခြင်းနှင့် လိုအပ်သော အထောက်အပံ့ များ ပေးအပ်ခြင်းတို့ဖြင့် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြ ကြောင်း၊ ဤကဲ့သို့ တစ်ဦးဒုက္ခရောက်လျှင် အားလုံးဝိုင်းဝန်းကူညီခြင်းသည် တစ်လှေ တည်းစီး၊ တစ်ခရီးတည်းသွားခြင်းနှင့် တရုတ်-မြန်မာ အေးအတူပူအမျှကံကြမ္မာ တူအသိုက် အဝန်း၏ စည်းလုံးညီညွတ်သော စိတ်ဓာတ်ကို ကွက်ကွက်ကွင်းကွင်း ထင်ဟပ်စေပါကြောင်း။
၂၀၂၆ ခုနှစ်သည် တက်ကြွမှုနှင့် အားမာန်အပြည့်ရှိသော မြင်းနှစ်သစ်ကို မိမိတို့ ကြိုဆိုဂုဏ်ပြုကြမည့်နှစ် ဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံသည် ၁၅ ကြိမ်မြောက် ငါးနှစ် စီမံကိန်းကို စတင်အကောင်အထည်ဖော်တော့မည်ဖြစ်ပြီး မြန်မာနိုင်ငံသည်လည်း ခရီးစဉ်သစ်တစ်ခုကို စတင်တော့မည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်များ သဘော တူညီထားသော အရေးကြီးသော အချက်အလက်များကို မိမိတို့ အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး ကံကြမ္မာတူအသိုက်အဝန်း တည်ဆောက်ရေးကို လက်တွဲခိုင်မာစေကာ နှစ်နိုင်ငံ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှုများကို တွန်းအား ပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်-မြန်မာ ချစ်ကြည်ရေးဆက်ဆံမှု သမိုင်းသစ်ကိုလည်း အတူတကွ ရေးဖွဲ့သွားမည် ဖြစ်ကြောင်း၊ မြင်းသည် ရဲစွမ်း သတ္တိနှင့် ဇွဲလုံ့လကို ကိုယ်စားပြုသည့် သင်္ကေတဖြစ်ပြီး ယင်းသည် မြန်မာနိုင်ငံတွင် ရာစုနှစ်ချီ၍ အခြေချနေထိုင်ကာ ဝီရိယရှိရှိ လုပ်ကိုင်ဆောင်ရွက်ခဲ့ကြ သော မြန်မာ ပြည်ဖွား တရုတ်ညီအစ်ကိုမောင်နှမများ၏ စိတ်ဓာတ်နှင့် အလွန်ကိုက်ညီလှကြောင်း၊ မြင်းနှစ်၏ ရဲရင့်အားမာန်ကို အသုံးချကာ တရုတ်-မြန်မာ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ရန်၊ နှစ်နိုင်ငံလူထုအကြား စိတ်ချင်းနီးစပ်မှုပိုမိုတိုးပွားစေရန်၊ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို ခေတ်သစ်တွင် ရောင်ခြည်အသစ်ဖြင့် ထွန်းလင်းတောက်ပစေရန် မြန်မာပြည်ဖွား တရုတ်ညီအစ်ကို မောင်နှမအားလုံးက တရုတ်-မြန်မာအကြား တံတား၊ ယဉ်ကျေးမှု သံတမန်များအဖြစ် ဆက်လက် ဆောင်ရွက် ကြပါရန် မျှော်လင့်ပါကြောင်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံစလုံး ထွန်းကားတိုးတက်ပါစေ၊ နိုင်ငံနှင့်ပြည်သူ အေးချမ်းသာယာပါစေ၊ အားလုံးဆန္ဒ တိုင်းပြည့်ဝပြီး ကောင်းခြင်း မင်္ဂလာ ခံစားရရှိကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ နှင့်ဇနီးတို့သည် အခမ်းအနားတက်ရောက်လာကြသူများနှင့်အတူ တရုတ်ရိုးရာနှစ်သစ် ကူး အထိမ်းအမှတ်ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ကြသည်။ ညစာသုံးဆောင် နေစဉ်အတွင်း တရုတ်နိုင်ငံမှ လာရောက်ဖျော်ဖြေသည့် ချုံချင့်ရိုးရာအကအဖွဲ့၊ ဓိရာမိုရ် (ဂီတကဗျာ)အကအဖွဲ့၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူး ရုံး ကွပ်ကဲမှုအောက် မြဝတီယဉ်ကျေးမှုအဖွဲ့နှင့် အနုပညာရှင်များက အဆိုအကများ၊ တေးသရုပ်ဖော်များ၊ တရုတ်-မြန်မာချစ်ကြည်ရေး တေးသီချင်းများဖြင့် ဖျော်ဖြေ တင်ဆက်ခြင်း၊ တရုတ်ယဉ်ကျေးမှုအဖွဲ့များက တရုတ်ရိုးရာတေးသီချင်းများ၊ တူရိယာ များဖြင့် သီဆိုတီးမှုတ်ကပြဖျော်ဖြေခြင်းများ၊ ပြင်ပအနုပညာရှင်များက တေးသီချင်း များဖြင့် သီဆိုဖျော်ဖြေခြင်းများ ဆောင်ရွက်ကြသည်။
ယင်းနောက် ၂၀၂၆ခုနှစ်၊ တရုတ်နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် ဘတ်စကတ် ဘောပြိုင်ပွဲတွင် ဆုရရှိကြသော အားကစားသမားများကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ နှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံ အမတ်ကြီးတို့သည် ဖျော်ဖြေတင်ဆက်ခဲ့ကြသည့်တရုတ်ရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီယဉ်ကျေးမှုအဖွဲ့နှင့် အနုပညာရှင်များကို အမှတ်တရလက်ဆောင် ပန်းခြင်းများ ပေးအပ်ကြသည်။
ယင်းနောက် မြန်မာအနုပညာရှင်များနှင့် ကြွရောက်လာကြသည့် ဧည့်သည် တော်များသည် တရုတ်-မြန်မာချစ်ကြည်ရေး Theme Song ဖြစ်သည့် “ပန်းတိုင်း ပွင့်စေ” သီချင်းကို စုပေါင်းသီဆိုခဲ့ကြကြောင်းနှင့် အခမ်းအနားအပြီးတွင် နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် ဇနီးတို့သည် တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
#MNP #News










No comments:
Post a Comment