မြဝတီ၊ ဖေဖော်ဝါရီ ၁၃
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ ကျက်သရေဆောင် ဆံတော်ရှင် ရွှေမြင်းဝန်စေတီတော် သာသနာ့ဟိတကာရီဗိမာန်၌ ယမန်နေ့နံနက်(၈:၀၀)အချိန်တွင် မြဝတီမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိဝံသပါလအသင်း၊ မြဝတီခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ ကရင်ပြည်နယ်သာသနာနုဂ္ဂဟအသင်းနှင့် စေတနာရှင်ဒါယကာ/ဒါယိကာမများ စုပေါင်း၍ ၂၀၂၅ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်တွင် ဖြေဆိုအောင်မြင်တော်မူခဲ့ကြသည့် မြဝတီ မြို့နယ်အတွင်းရှိ ပရိယတ္တိဝန်ဆောင်စာအောင် သံဃာတော်နှင့် သီလရှင် (၄၄) ပါးတို့အား ချီးမြှောက်ပူဇော်သည့် ”စူဠဘွဲ့နှင်းပူဇော်”ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နမောတဿ (၃) ကြိမ်ရွတ်ဖတ် ပူဇော်ဘုရားကန်တော့ပြီး အခမ်းအနားကို ဖွင့်လှစ် ခဲ့သည်။ ဆက်လက်ပြီး နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် မြသုခ တပ်ဦးကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တပညာနန္ဒထံမှ (၅)ပါးသီလ ခံယူဆောက်တည်၍ ဆရာတော် သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။
ဆက်လက်ပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကရင်ပြည်နယ် သာသနာ့နုဂ္ဂဟအသင်းဥက္ကဋ္ဌ ဦးစောမုတ်သုန်နှင့် အလှူရှင်များက ပင့်သံဃာအရှင်သူမြတ်တို့နှင့် စာအောင်ကျောင်းတိုက် နာယကဆရာတော်များကို လှူဖွယ်ဝတ္ထုနှင့် လှူဖွယ်ပစ္စည်း အစုစုတို့ကိုလည်းကောင်း၊ စာအောင်သံဃာတော်နှင့် သီလရှင် (၄၄) ပါးတို့ကို စာအောင်ဆုနှင့် အောင်လက်မှတ်များကိုလည်းကောင်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းက သာသနာရေးဆိုင်ရာများကို လျှောက်ထားပြီး ကရင်ပြည်နယ် သာသနာ့ နုဂ္ဂဟအသင်းဥက္ကဋ္ဌ ဦးစောမုတ်သုန်က အလှူငွေကျပ် သိန်းလေးရာတိတိကိုလည်းကောင်း၊ အလှူရှင် ဦးကာကာ မိသားစုက အလှူငွေကျပ် ဆယ်သိန်းတိတိကိုလည်းကောင်း စာအောင် ကျောင်းတိုက် နာယကဆရာတော်များကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကောင်းစံလင်းက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ချီးမြှင့်ပေးအပ်ခဲ့သည်။
ဆက်လက်၍ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် မြသုခတပ်ဦးကျောင်းတိုက် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တပညာနန္ဒဆရာတော်မှ အနုမောဒနာ တရား ချီးမြှင့်ခဲ့ပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃)ကြိမ် ရွတ်ဆိုပူဇော်၍ အခမ်းအနား ပြီးမြောက်ခဲ့ကြောင်း သိရသည်။
ဆောင်းနှင်းဖြူ
#MNP #News



No comments:
Post a Comment