ပြင်ဦးလွင်၊ ဖေဖော်ဝါရီ ၂၈
ရတနာပုံမြို့သစ်တွင် (Digital Myanmar Forum and Exhibition) ဒုတိယနေ့ကို ဆက်လက်ကျင်းပလျက်ရှိသည်။
အဆိုပါ (Digital Myanmar Forum and Exhibition)တွင် ဌာနဆိုင်ရာများ၊ ကုမ္ပဏီများမှ နည်းပညာပြခန်းများကို ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာလျက်ရှိသည်။ နည်းပညာဆိုင်ရာ ဆွေးနွေးပွဲများ၊ အမေးအဖြေကဏ္ဍများတွင်လည်း စိတ်ပါဝင်စားစွာ ပါဝင်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရသည်။
ယမန်နေ့က အခမ်းအနားဖွင့်ပွဲကျင်းပခဲ့ပြီး နိုင်ငံတော်ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်၍ အမှာစကားပြောကြားရာတွင် "ရတနာပုံမြို့သစ်ကို တည်ဆောက်ခဲ့ရာမှာ မြန်မာနိုင်ငံရဲ့ ICT ကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံတကာမှ နည်းပညာကုမ္ပဏီ များကို ဖိတ်ခေါ်ပြီး ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန်နဲ့ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးရန်၊ မြန်မာ့နည်းပညာရှင်များအတွက် သုတေသနနဲ့ တီထွင်ဖန်တီးမှုများပြုလုပ်နိုင်မယ့် အချက်အချာ နေရာတစ်ခုဖြစ်လာစေရန်ဆိုတဲ့ ရည်ရွယ်ချက် ၃ ခုနဲ့ တည်ထောင်ခဲ့ ပါတယ်။ ရတနာပုံမြို့သစ်မှာ မြန်မာနိုင်ငံရဲ့ အဓိက အင်တာနက်နဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုဗဟိုဌာနတစ်ခုကို Yatanarpon Teleport က တည်ဆောက်ခဲ့ပါတယ်။ အိုင်တီလုပ်ငန်းသစ် (Startups) တွေနဲ့ ဆော့ဖ်ဝဲရေးသားတဲ့ ကုမ္ပဏီတွေအတွက် ရုံးခန်းတွေ၊ Incubation Center တွေ၊ Education Zone ဖြစ်တဲ့ နည်းပညာတက္ကသိုလ်များနဲ့ လေ့ကျင့်ရေးသင်တန်းကျောင်းတွေ ထည့်သွင်းဖို့ လျာထားခဲ့ပါတယ်။ နည်းပညာနဲ့ပတ်သက်တဲ့ ပစ္စည်းတွေ ထုတ်လုပ်ဖို့အတွက် High-Tech Zone အဖြစ် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှု မရှိစေမယ့် Soft-Based Factory Zone ကိုလည်း ထည့်သွင်းသတ်မှတ်ခဲ့ပါတယ်" ဟု ပြောသည်။
ရတနာပုံမြို့သစ်စီမံကိန်းဟာ အစပိုင်းမှာ လုပ်ငန်းတွေ လည်ပတ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပေမယ့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း လိုအပ်ချက်တချို့ကြောင့် မျှော်မှန်းသလောက် မအောင်မြင် ခဲ့တာကို တွေ့ရှိရကြောင်း၊ ဒါပေမယ့်လည်း ယနေ့တိုင် မြန်မာနိုင်ငံရဲ့ Silicon Valley အဖြစ်၊ နည်းပညာကဏ္ဍရဲ့ သင်္ကေတတစ်ခုအဖြစ် ရှင်သန်လည်ပတ်နေဆဲ ဖြစ်ကြောင်း၊ ဒါကြောင့် လိုအပ်ချက်တွေ၊ အားနည်းချက်တွေကို ဖြည့်ဆည်းပြင်ဆင်ပြီး ရတနာပုံမြို့သစ်ကို ပြန်လည်ဖွံ့ဖြိုးတိုးတက်အောင်မြင်စေဖို့ ဝိုင်းဝန်းကြိုးပမ်းသွားကြဖို့ လိုပါကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားထားသည်။
#MNP #News
No comments:
Post a Comment