နေပြည်တော်၊ ဖေဖော်ဝါရီ ၁၀
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် အိန္ဒိယသမ္မတနိုင်ငံ အစိုးရတို့အကြား Naypyitaw State Academy တွင် ဓာတ်ခွဲခန်းသုံးပစ္စည်းကိရိယာများ ထောက်ပံ့နိုင်ရေးနားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုး ခြင်းအခမ်းအနားကို ယမန်နေ့က Naypyitaw State Academy အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ Naypyitaw State Academy ပါမောက္ခချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Abhay Thakurနှင့် အိန္ဒိယနိုင်ငံဘက်မှ တာဝန်ရှိကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဦးစွာ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးက နားလည်မှုစာချွန်လွှာ (MoU) ၏ ရည်ရွယ်ချက်ကို ပြောကြားရာတွင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ နှစ်နိုင်ငံအကြား ပညာရေးပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ပေးနိုင်ရန်ရည်ရွယ်၍လည်းကောင်း၊ နှစ်နိုင်ငံအကြား ဆက်ဆံရေးပိုမိုတိုးတက်ခိုင်မာမှုရှိလာစေရန် ရည်ရွယ်၍လည်းကောင်း၊ မြန်မာနိုင်ငံ၏ ပညာရေးမြှင့်တင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် သုတေသနလုပ်ငန်းများအတွက် လိုအပ်မည့်ဓာတ်ခွဲခန်း သုံးပစ္စည်းများကို ထောက်ပံ့ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် နားလည်မှုစာချွန်လွှာ (MoU) ကို ဒုတိယဝန်ကြီးနှင့် အိန္ဒိယနိုင်ငံသံအမတ်ကြီးတို့က လက်မှတ်ရေးထိုးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ Naypyitaw State Academy အတွက် ဓာတ်ခွဲခန်းသုံးပစ္စည်းကိရိယာများ ထောက်ပံ့ပေးအပ်သည့် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခြင်းသည် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား မိတ်ဖက်ဆက်ဆံရေး၏ အဓိပ္ပာယ်ပြည့်ဝသော ရလဒ်တစ်ခုဖြစ်ပါကြောင်း၊ စီမံကိန်းအားထိရောက်စွာနှင့် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ နားလည်မှုစာချွန်လွှာ (MoU) မှတစ်ဆင့်ရူပဗေဒနှင့် ဓာတုဗေဒဓာတ်ခွဲခန်းသုံးပစ္စည်းများ၊ သုတေသနသုံးသိပ္ပံပစ္စည်းများ၊ ဓာတ်ခွဲခန်းသုံးကိရိယာများနှင့် အထောက်အကူပြု Software များအပါအဝင် ခေတ်မီပစ္စည်းကိရိယာများကို ပေးအပ်သွားမည်ဖြစ်ပါသဖြင့် Naypyitaw State Academy ၏ သင်ကြားသင်ယူမှုနှင့် သုတေသနဆောင်ရွက်မှုများတွင် အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ နားလည်မှုစာချွန်လွှာအား အောင်မြင်စွာ လက်မှတ်ရေးထိုးနိုင်ခဲ့သဖြင့် အိန္ဒိယအစိုးရနှင့် ပါဝင်ပူးပေါင်းဆောင်ရွက်ခဲ့သူအားလုံးကို ပညာရေးဝန်ကြီးဌာနကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးကိုယ်စား Naypyitaw State Academy ပါမောက္ခချုပ် ဒေါက်တာ နုနုလွင်က အမှတ်တရလက်ဆောင်ပေးအပ်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးက လက်ခံရယူပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့အား အမှတ်တရ လက်ဆောင်ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
#MNP #News

No comments:
Post a Comment