ပွင့်ဖြူ ၊ ဖေဖော်ဝါရီ ၁၉
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံရာသီက စိုက်ပျိုးခဲ့သော နေကြာသီးနှံ ၅၆၄၀ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ပြီး အထွက်နှုန်းမှာ တစ်ဧကလျှင် ၁၈ ဒသမ ၃၄ တင်း ထွက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံနေကြာ ၁၅၆၆၂ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ အဆိုပါ စိုက်ပျိုးထားသော နေကြာသီးနှံစိုက်ခင်းများကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှ စတင်ရိတ်သိမ်းခဲ့ရာ ယနေ့တွင် နေကြာ ၅၆၄၀ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ပြီး အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၁၈ ဒသမ ၃၄ တင်း ထွက်ရှိကြောင်း သိရသည်။
"ဆောင်းသီးနှံစိုက်ပျိုးရာသီ ပွင့်ဖြူမြို့နယ်မှာ နေကြာ ၁၅၆၆၂ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ အဲဒီ စိုက်ပျိုးထားတဲ့ နေကြာစိုက်ခင်းတွေကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကစပြီး ရိတ်သိမ်းဆောင်ရွက်ခဲ့ရာ ဒီနေ့မှာ ၅၆၄၀ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ပါတယ်။ နေကြာသီးနှံ ရိတ်သိမ်းခြွေလှေ့တာနဲ့ပတ်သက်ပြီး သီးနှံအထွက်နှုန်းတွေ လျော့နည်းမှုမဖြစ်အောင် အချိန်မီ သီးနှံရိတ်သိမ်းကြဖို့နဲ့ ရိတ်သိမ်းပြီးတဲ့ နေကြာများကို အရည်အသွေးကောင်းမွန်အောင် စနစ်တကျ ထားသိုထိန်းသိမ်းကြဖို့ ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ပေးပါတယ်"ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက နေကြာစိုက်ပျိုးတောင်သူများကို စိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ဒေသနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရေး၊ အထွက်နှုန်းများတိုးတက်အောင် စိုက်နည်းစနစ်များ မှန်ကန်ရေး၊ ပိုးမွှားအန္တရာယ်ကင်းရှင်းရေးတို့အတွက် စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နေကြာသီးနှံကို အထွက်နှုန်းကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း စားသုံးဆီဖူလုံစေသည့်အပြင် ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် သီးနှံဝင်ငွေတိုးပွားကာ တောင်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးလာမည်ဖြစ်သောကြောင့် နေကြာသီးနှံကို တိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသမရွေး ကြိုးပမ်းကြရမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောကြား၍ သိရှိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)
https://t.me/MyanmarNationalPost
No comments:
Post a Comment