နေပြည်တော်၊ မတ် ၄
မြန်မာနိုင်ငံတွင် အရန်စက်သုံးဆီမှာ ရက်(၄၀)စာရှိပြီး စက်သုံးဆီတင်ကင်္ဘောများ ထပ်မံဆိုက်ကပ်မည်ဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ရှင်းလင်းပြောကြားထားသည်။
လက်ရှိအချိန်၌ မြန်မာနိုင်ငံတွင် ဓာတ်ဆီဂါလံသန်း (၆၀)နှင့် ဒီဇယ်ဆီဂါလံသန်း(၇၀)နီးပါးကို စုပုံထားပြီးဖြစ်၍ မြန်မာနိုင်ငံအတွင်း အရန်စက်သုံးဆီမှာ ရက် (၄၀)ခန့်စာရှိသည့်အပြင် ဆိပ်ကမ်းတွင်ရောက်ရှိ ဆိုက်ကပ်ထားကာ စက်သုံးဆီမချရသေးသော စက်သုံးဆီတင်သင်္ဘော(၂)စင်းနှင့် ဝယ်ယူထားပြီး လမ်းတွင်ရောက်ရှိနေသည့် စက်သုံးဆီတင်သင်္ဘော(၁၄)စင်းလည်းရှိသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောသည်။
"အဲဒီစက်သုံးဆီတင်သင်္ဘောတွေက မြန်မာနိုင်ငံကိုရက်ပိုင်းအတွင်းဆိုက်ကပ်လာနိုင်ပါတယ်။ ဘာအခက် အခဲမှမရှိပါဘူး"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောသည်။
မြန်မာနိုင်ငံ၏ စက်သုံးဆီသုံးစွဲမှုသည် တစ်ရက်လျင် ဓာတ်ဆီ(၁ ဒသမ ၅)သန်းဂါလံ၊ ဒီဇယ်ဆီ(၁ ဒသမ ၇) သန်းဂါလံခန့်ရှိကာ တစ်ရက်လျင် စက်သုံးဆီ(၃ ဒသမ ၂)သန်းဂါလံခန့် သုံးစွဲနေသည်ဟု ပြောသည်။
မတ် ၃ ရက်ကထုတ်ပြန်ခဲ့သည့် စက်သုံးဆီခြိုးခြုံချွေတာသုံးစွဲရေးနှင့်ပတ်သက်သော ထုတ်ပြန်ချက်သည် မြန်မာနိုင်ငံ၌ အရန်စက်သုံးဆီမရှိခြင်းကြောင့် ထုတ်ပြန်ခဲ့ခြင်းမဟုတ်ဘဲ ရေရှည်ဖြစ်လာနိုင်သည့် အခြေအနေများကိုတွက်ဆပြီး ခြိုးခြုံချွေတာရေးအတွက်သာ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး စက်သုံးဆီအား စနစ်တကျအ သုံးပြုပြီး ကမ္ဘာတွင်ကြုံတွေ့နေရသည့် လောင်စာဆီအ ခက်အခဲကို မြန်မာနိုင်ငံအနေဖြင့် စနစ်တကျဖြတ်သန်းနိုင်ရန်အတွက် ရည်ရွယ်ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောကြားသည်။
#News

No comments:
Post a Comment