မော်တော်ယာဉ်များ စုံ၊ မ ခွဲခြားအသုံပြုခြင်းဟာ လောင်စာဆီပြဿနာ ပေါ်ပေါက်လာနိုင်ခြေကို တွက်ဆပြီး ချွေတာသုံးစွဲရေး မူဝါဒဖြစ်ပါတယ်။ ထုတ်ပြန်ချက်များကို ကြည့်မယ်ဆိုရင်လည်း ဆိုင်ကယ် မပါ ပါဘူး။ ၂၀၂၆ ခုနှစ်၊ မတ်လ ၃ရက်၊ ၄ ရက်နေ့တွေမှာ ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်တွေကို ကြည့်ပါ။
စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ က မတ်လ ၃ ရက်နေ့ ပြည်သူသို့ အသိပေးကြေညာချက် မှာ -
လက်ရှိကမ္ဘာ့နိုင်ငံရေးအခြေအနေများအရ အရှေ့အလယ်ပိုင်းဒေသအတွင်း၌ စစ်ရေး ပဋိပက္ခများကြောင့် လောင်စာဆီတင်သွင်းသည့်သင်္ဘောများဖြင့် သယ်ယူပို့ဆောင်ရာ ရေလမ်းကြောင်း တစ်လျှောက်တွင် အတားအဆီး၊ အဟန့်အတားပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိပါသည်။
အထက်ပါအခြေအနေများကြောင့် စက်သုံးဆီခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေးအတွက် ၂ဝ၂၆ ခုနှစ်၊ မတ်လ ၇ ရက်မှစတင်၍ ပုဂ္ဂလိကယာဉ်များ၊ လုပ်ငန်းသုံးယာဉ်များနှင့် သယ်ယူ ပို့ဆောင်ရေးယာဉ်များသည် အောက်ပါစည်းကမ်းသတ်မှတ်ချက်များနှင့်အညီ မောင်းနှင်အသုံးပြုရန် ဖြစ်ပါသည်-
(က) လစဉ် “စုံ” ရက်များတွင် စုံနံပါတ်အက္ခရာပါသောယာဉ်များ (ဥပမာ- 2A/----၊ 4A/----စသည်ဖြင့်)၊ “မ” ရက်များတွင် မနံပါတ်အက္ခရာပါသောယာဉ်များ (ဥပမာ-1A/----၊ 3A/---- စသည်ဖြင့်) စသည့် ပုဂ္ဂလိကပိုင်ယာဉ်များသာ မောင်းနှင်အသုံးပြုရန် ဖြစ်ပါ သည်။ (EV မော်တော်ယာဉ်/EV မော်တော်ဆိုင်ကယ်များ နေ့စဉ်မောင်းနှင်နိုင်သည်။)
( ခ ) နေ့စဉ် အများပြည်သူသယ်ယူပို့ဆောင်ရေးမော်တော်ယာဉ်များ၊ အငှားယာဉ်များ (Taxi)၊ စက်သုံးဆီသယ်ယူပို့ဆောင်သည့်ယာဉ်များ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ်များ၊ ကုန်စည်ပို့ဆောင်ရေးယာဉ်များ၊ လူနာတင်ယာဉ်/နိဗ္ဗာန်ယာဉ်များနှင့် စည်ပင်အမှိုက်သိမ်း ယာဉ်များ အသုံးပြုနိုင်သည်။
( ဂ ) စက်သုံးဆီလုပ်ငန်းရှင်များသာမက အများပြည်သူအနေဖြင့် စက်သုံးဆီများ ဝယ်ယူ စုဆောင်းခြင်းနှင့် ဈေးနှုန်းမြှင့်တင်၍ ရောင်းချခြင်းများ လုံးဝမပြုလုပ်ရန် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ အထက်ပါစည်းကမ်းသတ်မှတ်ချက်များသည် ထပ်မံ၍ တစ်စုံတစ်ရာ ထုတ်ပြန်မှု မရှိသည့်အချိန်အထိ အတည်ဖြစ်ကြောင်းနှင့် အဆိုပါစည်းကမ်းသတ်မှတ်ချက်များအား ဖောက်ဖျက် ကျူးလွန်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။
ထပ်မံ၍ မတ်လ (၄)ရက်နေ့ ဖြည့်စွက် ထုတ်ပြန်ချက်မှာတော့ -
စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်အား ၂၀၂၆ ခုနှစ်၊ မတ်လ ၃ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ ပြည်သူများသွားလာရေး အဆင်ပြေချောမွေ့ စေရန်နှင့် စီးပွားရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် လည်ပတ်နိုင်စေရန်အတွက် အဆိုပါ အသိပေး ကြေညာချက်၏ အပိုဒ် ၂၊ အပိုဒ်ခွဲ (ခ)တွင် ဖော်ပြထားသည့် နေ့စဉ်အသုံးပြုနိုင်သည့် မော်တော်ယာဉ် များတွင် အောက်ပါအကြောင်းကိစ္စများအတွက် အသုံးပြုသည့် မော်တော်ယာဉ်များအား ဖြည့်စွက် ထုတ်ပြန်အပ်ပါသည်-
(က) စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများအတွက် ဝန်ထမ်းကြိုပို့ယာဉ်များ၊
( ခ) ကုန်စည်ဖြန့်ဖြူးရေးတွင်အသုံးပြုသည့်ယာဉ်များ၊
( ဂ) စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများအတွက်ရုံးလုပ်ငန်းအသုံးပြုသည့်ယာဉ်များ၊
(ဃ) ကျောင်းကြို/ပို့ယာဉ်များ။
နေ့စဉ်အသုံးပြုသည့် မော်တော်ယာဉ်များအနေဖြင့်လည်း သုံးစွဲသည့်အခေါက်ရေ အနည်းဆုံးနှင့် သုံးစွဲသည့်ယာဉ်စီးရေ အနည်းဆုံးဖြစ်အောင် ကန့်သတ်ခြိုးခြံဆောင်ရွက်ကြရန်နှင့် အထက်ပါ အကြောင်းကိစ္စများအတွက် သုံးစွဲသည်မှာ မှန်ကန်ကြောင်း ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါသူများတွင်လည်းကောင်း၊ ယာဉ်များတွင်လည်းကောင်း သက်ဆိုင်ရာ အလုပ်ဌာနများ၏ ခိုင်လုံသည့်အထောက်အထား သို့မဟုတ် ထောက်ခံချက်များ ပါရှိရမည်ဖြစ်ကြောင်း ဖြည့်စွက်အသိပေးကြေညာအပ်ပါသည်။
အထက်ပါ ထုတ်ပြန်ချက်များက အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ရဲ့ တရားဝင် ထုတ်ပြန်ချက်များ ဖြစ်ပါတယ်။
အဓိကအားဖြင့်တော့ စုံ၊ မ ခွဲခြားခြင်းကို စက်သုံးဆီအရောင်းဆိုင်များမှာ ခွဲခြားထားသင့်ပါတယ်။ မော်တော်ယာဉ်များကို စုံရက်၊ မရက် ခွဲခြားအသုံးပြုစေခြင်းနဲ့ မလိုလားအပ်ဘဲ အသုံးမပြုဖို့ ကန့်သတ်ခြင်းကလည်း လျော်ကန်သင့်မြတ်ပါတယ်။
သို့သော် မော်တော်ဆိုင်ကယ်များဆိုသည်က အလုပ်သမားများ အလုပ်သွား၊ အလုပ်ပြန် အသုံးပြုတယ်။ ဈေးသည်များ ဈေးကြို၊ ဈေးရောင်း အသုံးပြုတယ်။ တရားဝင် ထုတ်ပြန်ချက်များမှာ ဆိုင်ကယ်ကို အဓိကအနေနဲ့ ရည်ညွှန်းထုတ်ပြန်ထားခြင်းလည်း မရှိပါဘူး။ သို့သော် ယနေ့(၈-၃-၂၀၂၆) ရက်နေ့မှာ စစ်ဆေးရေးအဖွဲ့များက ဆိုင်ကယ်များကိုလည်း စုံ၊ မ ခွဲခြားပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။ စစ်ဆေးရေးဂိတ် က စုံဆိုပြီး လွှတ်လိုက်တဲ့ ဆိုင်ကယ် ကို နောက်စစ်ဆေးရေးဂိတ်တစ်ခု က မဆိုပြီး တားပြန်ပါသတဲ့။ စစ်ဆေးသူများ ကိုယ်တိုင်က စုံ၊ မ စံနှုန်းမကိုက်တဲ့ သဘောမျိုး ဖြစ်နေတာကို တွေ့ရပါတယ်။
ဆိုင်ကယ်များကို စုံ၊ မ ခွဲခြားမယ်ဆိုရင်တော့ ဆီဝယ်တဲ့ နေရာမှာသာ ခွဲခြားသင့်ပါတယ်။ သွားလာခွင့်ကိုတော့ ခွင့်ပြုပေထားသင့်ပါတယ်။ ပေါ့ပေါ့ပါးပါး အကုန်အကျ သက်သက်သာသာနဲ့ လိုရာခရီးရောက်နိုင်မှာ ဖြစ်လို့ပါပဲ။ နေပြည်တော်အတွင်းက မြို့နယ်များမှာဆိုရင်ပဲ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်ကြသူတွေ အလုပ်ကို ဆိုင်ကယ်နဲ့ အသွားအပြန် လုပ်ကြရတယ်။ ဈေးကြို၊ ဈေးရောင်း ဆိုင်ကယ်နဲ့ပဲ လုပ်ဆောင်နေကြရတာ ဖြစ်တဲ့အတွက် ဆိုင်ကယ်များကိုတော့ စုံ၊ မ ခွဲခြားပြီး ဟန့်တားတာမျိုး မလုပ်သင့်ပါကြောင်းနှင့် ဆီဝယ်ယူရာမှာသာ မည်သည့် နံပါတ် က စုံ၊ မည်သည့် နံပါတ် က မ ဟု တိကျစွာ သတ်မှတ်ပြီး စုံ ဆိုင်ကယ်များ စုံရက်မှာ ဆီဝယ်ရန်နှင့် မ ဆိုင်ကယ်များ မရက်မှသာ ဆီဝယ်ရန် လုပ်ဆောင်သင့်ပါတယ်။
ကျွန်တော်တို့ မြန်မာပြည်မှာက ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ နိုင်ငံတော်အကြီးအကဲများရဲ့ ရည်ရွယ်ချက်က တစ်မျိုး၊ အောက်ခြေမှာ အကောင်အထည် ဖော်ဆောင်ရွက်သူတွေက မလိုလားအပ်တဲ့ ပြဿနာတွေ ဖန်တီးတဲ့အခါ ပေါ့စေချင်လို့ ကြောင်ရုပ်ထိုးကာမှ ဆေးကြောင့်လေး ဆိုတာမျိုး ဖြစ်တတ်ပါတယ်။
မော်တော်ကား အသုံးပြုသူများ၊ မော်တော်ဆိုင်ကယ် အသုံးပြုသူများ အားလုံးကို မေတ္တာရပ်ခံလိုတာကတော့ ဒီအခြေအနေဟာ ပြည်တွင်းရေး ပြဿနာမဟုတ်ဘူး။ နိုင်ငံတကာ အခြေအနေကြောင့် တိုင်းပြည်တွင်းမှာ ရှိနေတဲ့ လောင်စာဆီကို ရေရှည်အသုံးပြုနိုင်ဖို့ ရည်ရွယ်ပြီး နိုင်ငံတော်အစိုးရက စည်းကမ်းသတ်မှတ်ခြင်း ဖြစ်တာကြောင့် လိုက်နာ ဆောင်ရွက်ကြပါ။ အပျော်အပါး သွားလာမှုတွေကို လျှော့ကြဖို့နဲ့ EV မော်တော်ကားများ၊ EV မော်တော်ဆိုင်ကယ်များကို ပိုမိုအသုံးပြုကြဖို့သာ တိုက်တွန်းလိုက်ရပါတယ်။
နောင်တော်လေး (ဘိုကလေး)
#News #MNP

No comments:
Post a Comment