တွင်းငယ်မှသည် တကောင်းဆီသို့ - Myanmar National Post

Myanmar National Post

News Agency

Breaking

တွင်းငယ်မှသည် တကောင်းဆီသို့


တပ်မတော်စစ်ကြောင်းများရဲ့ နယ်မြေရှင်းလင်းရေး အောင်မြင်မှုများကို ကျွန်တော်တို့က လိုက်ပါ မှတ်တမ်းတင်ခြင်း ဖြစ်ပါတယ်။ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းမြို့နယ်များအတွင်းမှာ အခြေပြုလှုပ်ရှားနေတဲ့ KIA, TNLA, PDF အကြမ်းဖက်အဖွဲ့များကို ရှင်းလင်းဆောင်ရွက်ပြီးချိန်မှာလည်း ကျွန်တော်တို့ တစ်ခေါက်ရောက်ခဲ့ပါတယ်။ အဲဒီအချိန်ကတော့ နယ်မြေရှင်းလင်းပြီးစအချိန်ဖြစ်တဲ့အတွက် လမ်းဘေးဝဲယာမှာ အကြမ်းဖက်အဖွဲ့တွေ လုပ်ခဲ့တဲ့ ဘန်ကာတွေ၊ ဆက်သွယ်ရေးမြောင်းတွေ၊ အကြမ်းဖက်သမားများ အခြေပြုနေထိုင်ရာ တဲစခန်းတွေ တွေ့မြင်ခဲ့ရပါသေးတယ်။ အခုတစ်ခေါက်မှာတော့ အကြမ်းဖက်သမား ကင်းစင်သွားပြီ။ ဒေသခံပြည်သူတွေ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ပြီဖြစ်တဲ့ အတွက် ကုန်ကားတွေနဲ့ ကုန်စည်တွေ ပို့ဆောင်နေကြပြီဖြစ်သလို ဈေးတွေမှာလည်း စည်ကားနေတာကို တွေ့မြင်ရတာက ဝမ်းမြောက်ဖွယ်ရာ ဖြစ်ပါတယ်။

ဒါက တပ်မတော်အရာရှိများနဲ့ တပ်မတော်သားများရဲ့ ကြိုးပမ်းဆောင်ရွက်ပေးမှုကြောင့် ဒေသခံပြည်သူများ အေးချမ်းစွာ ပြန်လည်နေထိုင်နိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။

၁-၃-၂၀၂၆ ရက်နေ့က ထပ်မံရောက်ရှိတာက တကောင်းဘက်ကို တပ်မတော်စစ်ကြောင်းများ ချီတက်နေပြီဖြစ်လို့ အောင်မြင်မှုရဲ့ တစ်စိတ်တပိုင်း တွင်းငယ်၊ ရှားတောရွာ အထိ ကျွန်တော်တို့ သွားရောက်မှတ်တမ်းရယူနိုင်ခဲ့ပါတယ်။ တွင်းငယ်ရွာဟာ စီးပွားရေးအရ အဆင်ပြေကြပါတယ်။ အိမ်ကြီးအိမ်ကောင်းတွေ စားသောက်ဆိုင်ကြီးတွေကို KIA,TNLA, PDF အဖွဲ့များက အခြေပြုစခန်းအဖြစ် အသုံးပြုသွားခဲ့ကြပါတယ်။ တွင်းငယ်ရွာနဲ့ ရှားတောရွာကြားမှာ ခံစစ်ဘန်ကာများ၊ ဆက်သွယ်ရေးမြောင်းများကို စနစ်တကျ လုပ်ဆောင်ထားပါတယ်။ တွင်းငယ်ရွာကနေ စီမံပြီး ထောက်ပို့ လုပ်ဆောင်ပေးတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ ဘန်ကာ ၅၀ ထပ်မနည်း ဖန်တီးထားပြီးတော့ ဆက်သွယ်ရေးမြောင်းများနဲ့ ချိတ်ဆက်ထားပါတယ်။ မိုးတွင်းကာလ သစ်တောများစိမ်းဆိုလန်းဆန်းနေတဲ့ အချိန်မှာဆိုရင် အကြမ်းဖက်အဖွဲ့တွေ လုပ်ဆောင်ထားတဲ့ ဘန်ကာတွေကို ရှာဖွေဖို့ ခက်ခဲပါတယ်။ 

တပ်မတော်က နယ်မြေရှင်းလင်းရေးအတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ဆောင်ပြီးချိန်မှာ အကြမ်းဖက်သမား အခြေပြု လှုပ်ရှားနေမှုများကို ဒရုန်းနဲ့ အကဲကြည့်ပြီး လိုအပ်သလို ရှင်းလင်းဆောင်ရွက်မှုတွေ လုပ်ခဲ့ကြရပါတယ်။ တွင်းငယ်၊ ရှားတောကြား KIA, PDF အကြမ်းဖက်သမားများ အခြေပြုစခန်းကို ရှင်းလင်းစဉ်မှာ တစ်ရက်နဲ့ မပြီးပြတ်ဘဲ ၄ ရက်လောက်ကို ထိုးစစ်ဆင်ပြီး ရှင်းလင်းခဲ့ရပါတယ်။ အဲဒီမှာ အကြမ်းဖက်သမား အသေဖမ်းဆီးရမိမှုများ ရှိသလို၊ လက်နက်ချပြီး အလင်းဝင်ရောက်လာသူတွေလည်း ရှိလာပါတယ်။ ဆုတ်ခွါထွက်ပြေးတဲ့ အကြမ်းဖက်အဖွဲ့တွေကတော့ တကောင်းကို မရောက်ခင် ကျေးရွာတွေမှာ ခိုအောင်းလှုပ်ရှားမှုတွေ ရှိပါတယ်။

ကျွန်တော်တို့ ရောက်ရှိသွားတဲ့ ၁-၃-၂၀၂၆ ရက်နေ့မှာပဲ ရှားတောနဲ့ တကောင်းကြားက ရွာနှစ်ရွာကို ထပ်မံရရှိခဲ့ပါတယ်။ သိမ်းဆည်းရမိ လက်နက်များလည်း တွေ့မြင်ခဲ့ရပါတယ်။ 

ရေညှာဦးရွာရဲ့ လမ်းတစ်ဖက်ခြမ်းမှာ ရှိတဲ့ သရက်တောမှာလည်း PDF အကြမ်းဖက်အဖွဲ့က အခိုင်အမာ အခြေပြုနေထိုင်သွားတာကို တွေ့မြင်ရပါတယ်။ ရှားတောရွာ၊ ရေညှာဦးရွာတွေမှာ ရွာခံပြည်သူတွေ တစ်ဦးတစ်ယောက်မှ မနေနိုင်ကြတော့ပါဘူး။ အကြမ်းဖက်သမားတွေဟာ ရွာသားတွေရဲ့ ပရိဘောဂပစ္စည်းတွေကိုပါ သူတို့စခန်းတွေမှာ ရယူအသုံးပြုထားတာကို တွေ့မြင်ရပါတယ်။ 

အစောပိုင်းကာလမှာ KIA, TNLA, PDF အကြမ်းဖက်အဖွဲ့တွေအနေနဲ့က ရိက္ခာ၊ လက်နက်ခဲယမ်း၊ ဒရုန်း အစရှိသဖြင့် တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ပေမယ့် နောက်ပိုင်းမှာတော့ ဒရုန်းအသုံးမပြုနိုင်တော့သလို ရိက္ခာပြတ်လပ်လာတဲ့ အခြေအနေမျိုး ဖြစ်လာပါတယ်။ သူတို့ရဲ့ လှုပ်ရှားမှုတိုင်းကို တပ်မတော်ရဲ့ ကင်းထောက်ဒရုန်းများက တွေ့မြင်နေရပါတယ်။ ပြင်းပြင်းထန်ထန် မလုပ်ဘူးဆိုတာကတော့ PDF အကြမ်းဖက်အဖွဲ့ထဲက လူငယ်တွေအနေနဲ့ ဥပဒေဘောင်အတွင်း ဝင်ရောက်လိုလျင်လည်း ဝင်နိုင်အောင် လမ်းဖွင့်ပေးထားခြင်း ဖြစ်ပါတယ်။ 

အခြေပြုလှုပ်ရှားမှုမျိုးကိုတော့ ဆက်လက်စောင့်ကြည့်နေမှာ မဟုတ်ပါဘူး။ လမ်းကြောတလျှောက် လမ်းဘေးဝဲယာ အကြမ်းဖက်သမား အခြေပြုနေထိုင်မှုများကိုတော့ လက်ပိုက်ကြည့်နေမှာ မဟုတ်တော့ပါဘူး။ အကြမ်းဖက်သမားများ ခိုအောင်နေထိုင်မှုပုံစံကို ကြည့်ရတာတော့ သူတို့တွေမှာ အကြောက်တရားနဲ့ နေထိုင်ကြရတဲ့ ပုံစံမျိုးဖြစ်ပါတယ်။ ဘန်ကာထဲမှာပဲ အိပ်ကြ၊ စားကြရတဲ့ သဘောမျိုးဖြစ်ပါတယ်။ အကြမ်းဖက်သမား ၁ယောက်ချင်းစီက မြေကျင်းတူး ဘန်ကာလုပ်ပြီး နေထိုင်ကြရတဲ့ ပုံစံမျိုးဖြစ်ပါတယ်။

တွင်းငယ်အနီးဝန်းကျင် မှာ အခြေပြုနေထိုင်လှုပ်ရှားတဲ့ အကြမ်းဖက်အဖွဲ့တွေရဲ့ ပစ်မှတ်က တတက (၁၃) ဖြစ်ပါတယ်။ တတက (၁၃) ရဲ့ ဧရိယာက ကျယ်ပြန့်တဲ့အတွက် အကြမ်းဖက်သမားများက ဒီကျောင်းဝန်းကြီးထဲ ဝင်ရောက်နိုင်ပြီဆိုတာမျိုး အာချောင်တာတွေ ရှိပေမယ့် အဓိကကျတဲ့ နေရာတွေကို ချည်းကပ်ဖို့တောင် မလွယ်ပါဘူး။ ခြံစည်းရိုးအစပ်လောက်သာ ရောက်လာပြီး တပ်မတော်သားများက ခြောက်လှန့်ပစ်ခတ်လိုက်ရုံနဲ့ ပြေးကြရတာမျိုး ဖြစ်ပါတယ်။ 

ဒီလမ်းကြောင်းမှာ အရေးပေါ် လုပ်ဆောင်ပေးသင့်တဲ့ နေရာတစ်ခုကတော့ စဉ့်ကူး - သပိတ်ကျင်း ကြား ဇရပ်ကွင်း တံတားဖြစ်ပါတယ်။ ဇရပ်ကွင်းမှာ အခြေပြုနေတဲ့ PDF အကြမ်းဖက်သမားများကို တပ်မတော်က ရှင်းလင်းတဲ့အချိန်မှာ အကြမ်းဖက်သမားများက ဇရပ်ကွင်းတံတားကို ဆိုးရွားစွာ ပျက်စီးအောင် မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့ကြတာ ဖြစ်ပါတယ်။ ယခုအချိန်မှာ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ မိုးကုတ် အားလုံးမှာ အုပ်ချုပ်ရေးယန္တရားများ ပြန်လည်၍ လည်ပတ်နေပြီဖြစ်တဲ့အတွက် သွားလာရေး၊ ထောက်ပံ့ရေးလွယ်ကူဖို့ လိုအပ်ပါတယ်။ လမ်းကြောင်းတလျှောက် တံတားများကို အကြမ်းဖက်သမားများက ဖျက်ဆီးဖို့ လုပ်ဆောင်ခဲ့ပေမယ့် တပ်မတော်စစ်ကြောင်းများက အပြင်းအထန် ထိုးစစ်ဆင်နှိမ်နင်းတဲ့အတွက် အခြားတံတားများကို ဖျက်ဆီးသွားနိုင်ခြင်း မရှိပါဘူး။ ဇရပ်ကွင်းတံတားတစ်ခုသာ အကြမ်းဖက်သမားများ လက်ချက်နဲ့ ပျက်စီးခဲ့ရပါတယ်။ စဉ့်ကူး - သပိတ်ကျင်း လမ်းကြောင်းတလျှောက် တွေ့မြင်ရတဲ့ မြင်ကွင်းကတော့ ပီတိဖြစ်စရာပါ။ ဒေသခံပြည်သူများ ပြန်လည်ဝင်ရောက်နေကြပြီ။ ကုန်စည် စီးဆင်းမှုတွေလည်း တွေ့မြင်နေရပါပြီ။

တပ်မတော်အရာရှိများကတော့ ဒေသခံပြည်သူများနဲ့ တွေ့ဆုံတဲ့အချိန်မှာ စစ်ရဲ့အနိဋ္ဌာရုံတွေကို မသိကြလို့ မိုက်မဲကြတာ။ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်တို့မှာ ဒေသခံပြည်သူတွေဟာ စစ်ဘေးစစ်ဒဏ် ခံခဲ့ကြဖူးပြီဖြစ်တဲ့အတွက် မမိုက်မဲကြတော့ဘူး။ စစ်ကိုင်းတိုင်းသားတွေကတော့ စစ်ဘေးစစ်ဒဏ်တွေကို မခံခဲ့ကြဘူးလို့ မိုက်မဲကြတာ။ ကချင်၊ ကရင်တွေ တိုက်ပွဲဖော်ဆောင်တာ သူတို့ရဲ့ ချက်ကျောင်းတွေအထိမခံဘူး။ သူတို့ရဲ့ သင်းအုပ်ဆရာတွေကို အထိမခံဘူး။ အခု နီပိန်းပဒက်တွေကတော့ စာသင်ကျောင်းလည်း နားမလည်ဘူး။ ဘုန်းကြီးကျောင်းလည်း အလွတ်မပေးဘူး။ သံဃာတော်များကိုပါ ဒုက္ခပေးတဲ့အတွက် မိုက်မဲလွန်းသော အကြမ်းဖက်သမားများ ဖြစ်ပါတယ်။ အခု စစ်ဘေးအနိဋ္ဌာရုံတွေကို ကိုယ်တွေ့ကြုံခဲ့ရပြီဖြစ်လို့ နားလည်သဘောပေါက်ကြဖို့၊ အကြမ်းဖက်သမားများ ကျေးရွာအတွင်း ဝင်ရောက်အခြေပြုနေထိုင်တာမျိုးကို ခွင့်မပြုကြဖို့ ပြောဆိုလို့ရတဲ့ အခြေအနေမျိုး ဖြစ်လာပါတယ်။ အကြမ်းဖက်သမားများ အခက်တွေ့လာရတာလည်း ဒေသခံတွေက လက်မခံနိုင်တော့တဲ့ အခြေအနေမျိုးကြောင့် နေထိုင်ရေး၊ စားသောက်ရေး ခက်ခဲလာကြပါတယ်။ 

ကျွန်တော်တို့ ပြန်လာတဲ့အချိန် စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ရွာမှာ မြင်းတွေ၊ လှည်းတွေနဲ့ ရှင်လောင်းလှည့်နေကြတာကို တွေ့ရသလို အကြမ်းဖက်သမားများ လက်ချက်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ဘုန်းတော်ကြီးကျောင်းများ ပြန်လည်တည်ထား ပူဇော်ဖို့ ဗုဒ္ဓရုပ်ပွားတော် လှည့်လည်အပူဇော်ခံနေတာကိုလည်း တွေ့မြင်ရပါတယ်။ ဒီလို မြင်ကွင်းမျိုးတွေ မြင်ရတွေ့ရတော့ ဝမ်းသာ ဝမ်းနည်း ဖြစ်ရပါတယ်။ KIA, TNLA, PDF အကြမ်းဖက်သမားတွေ ဝင်ရောက်လာတဲ့အချိန် ကလေးတွေ ကျောင်းမတက်ရ၊ ရှင်ပြုရမယ့်အချိန်မှာ အလှူအတန်းလုပ်လို့မရ၊ ဘုန်းတော်ကြီးကျောင်းတွေ ဗုဒ္ဓရုပ်ပွားတော်တွေ ဖျက်ဆီးခံရ တကယ်ကို ရင်နာစရာပါ။ ဒေသခံပြည်သူတွေရဲ့ သဘောရိုးကတော့ အေးချမ်းစွာနေထိုင်ကြမယ်။ ရိုးသားစွာ လုပ်ကိုင်စားသောက်ပြီး ဘာသာ၊ သာသနာအတွက် သူတို့တတ်စွမ်းသ၍ ဆောင်ရွက်ကြမယ်ဆိုတာပါပဲ။ အခု အကြမ်းဖက်သမားတွေရဲ့ လက်ချက်ကြောင့် ပျက်စီးခဲ့ရတဲ့ သာသနာနိကအဆောက်အအုံတွေကို ပြန်ပြင်ရမယ်။ ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ဗုဒ္ဓရုပ်ပွားတော်တွေ နေရာမှာ အစားထိုးနိုင်ဖို့ ပြန်လည် လုပ်ဆောင်နေကြရပါတယ်။

တပ်မတော်အရာရှိများကို မေးမြန်းကြည့်တော့လည်း စဉ့်ကူးနယ်ထဲမှာ အလှူအတန်းလုပ်တာတွေများတယ်။ ဆင်တွေ၊ မြင်းတွေနဲ့ လှည့်လည်ပြီးတော့ကို အလှူကြီးပေးနေကြတာတွေရှိတယ်လို့ ကြားသိခဲ့ရပါတယ်။ 

အကြမ်းဖက်နှိမ်နင်းရေးက တချို့နေရာတွေမှာတော့ ကျန်ရှိနေဆဲ ဖြစ်ပါတယ်။ တွင်းငယ်၊ ရှားတောဘက်ကို သွားနေစဉ်မှာ ညောင်ဦး၊ ငါ့သရောက်နယ်အတွင်း စစ်ကြောင်းထိုး ရှင်းလင်းနေတဲ့ သတင်းကောင်းကိုလည်း ကြားသိရပါတယ်။ PDF အဖွဲ့တွေ ဟိုပြေး ဒီပြေး ဖြစ်နေကြတာမျိုး ကြားသိရပါတယ်။ စစ်ကြောင်းမှူးများကို မေတ္တာရပ်ခံလိုတာကတော့ အကြမ်းဖက်သမားများကို လက်နက်ချ အညံ့ခံလာသည်အထိ နှိမ်နင်းဆောင်ရွက်ပြီးမှ ပြန်ကြပါ။ တပ်မတော် စစ်ကြောင်းက ထိရောက်စွာ ရှင်းလင်းဆောင်ရွက်မှု မလုပ်ခဲ့ဘူးဆိုရင် စစ်ကြောင်းပြန်လာတဲ့အချိန် အကြမ်းဖက်သမားများက ဒေသခံပြည်သူများကို ဒုက္ခပေးအုံးမှာပဲ ဖြစ်ပါတယ်။

အခုဆိုရင် တကောင်းမြို့တွင်းကို စစ်ရောက်ဝင်ရောက်နိုင်တဲ့ အခြေအနေမျိုး ဖြစ်လာပါတော့မယ်။ တကောင်းမြို့နယ်အတွင်း အကြမ်းဖက်အဖွဲ့များကို ရှင်းလင်းပြီးရင် မိုးမတ်ဘက်ကိုလည်း ဆက်လက်ရှင်းလင်းရအုံးမှာ ဖြစ်ပါတယ်။ တပ်မတော်သားများအနေနဲ့ကတော့ အကြမ်းဖက်သမားများ လှုပ်ရှားမှု ရှိနေသ၍ အနားမရသေးပါဘူး။ သွေးကြောင်ပြီး ဘေးရှောင်သွားကြသူတွေ ရှိသလို CDM ဆိုတဲ့ ခေါင်းစဉ်အောက်ကို ရောက်သွားတဲ့ သစ္စာဖောက်တချို့လည်း ရှိနေပါတယ်။ PDF စခန်းထဲက ဗလာစာအုပ် တစ်အုပ်တွေ့လို့ လေ့လာကြည့်တဲ့အခါ PDF တွေကို သစ္စာဖောက်တွေက သင်တန်းပေးနေတဲ့ သဘော ရေးမှတ်ထားတာတွေကို ဖတ်ရှုလေ့လာခဲ့ရပါတယ်။ 

မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းမြို့နယ်တွေမှာ တပ်မတော်ထိုးစစ်ကြောင့် ဆုတ်ခွါထွက်ပြေးရတဲ့အချိန် ပုန်းခိုပြီး ကျန်နေခဲ့တဲ့ PDF တွေ ရှိပါတယ်။ အဲဒီလူတွေလည်း ဥပဒေဘောင်အတွင်း ဆက်သွယ်ဝင်ရောက်လာတာ ရှိသလို တပ်မတော်က သတင်းရလို့ သွားရောက်ရှင်းလင်းရာ လက်နက်ချ အညံ့ခံလာသူတွေလည်း ရှိတယ်လို့ သိရပါတယ်။ ဥပဒေဘောင်အတွင်း ဝင်ရောက်မယ့် PDF အဖွဲ့ဝင် ၃၀၀ ကျော်အထိ ရှိနေပါတယ်။ သူတို့ကို မိသားစုနဲ့ အေးချမ်းစွာ နေထိုင်ခွင့်ပြုပေးထားတယ်။ တရားဝင်အခမ်းအနားလုပ်ပြီး ခံဝန်လက်မှတ် ရေးထိုးကြမှာ ဖြစ်ပါတယ်။

PDF အဖွဲ့ဝင်လူငယ်များ အနေနဲ့  ကာလရှည်ကြာ ပြည်ပြေး ဝရမ်းပြေးတွေနဲ့ ပြည်ဖျက်မီဒီယာတွေရဲ့ သွေးထိုးလှုံ့ဆော်မှုတွေကို နားယောင်ပြီး အကြမ်းဖက်သမားများအဖြစ်နဲ့ အဖျက်အမှောင့် လုပ်ရပ်မျိုးစုံကို လုပ်ခဲ့ကြပြီးပြီ။ တာဝန်ယူမှု တာဝန်ခံမှုမရှိတဲ့ ပြည်ပြေး ဝရမ်းပြေးတွေရဲ့ သရုပ်မှန်ကိုလည်း နားလည်သင့်ပြီ။ PDF ခေါင်းဆောင်ဆိုသူတွေရဲ့ အထက်အောက် ညှာတာထောက်ထားမှုမရှိ အနိုင်ကျင့် နှိပ်စက်ကလူပြုမှုဒဏ်ကိုလည်း ခံခဲ့ကြဖူးပြီ။ အကြမ်းဖက်လှုပ်ရှားမှုဟာ ၅နှစ်တာ ကာလအတွင်း အောင်မြင်မှုမရခဲ့ဘူး။ နစ်နာဆုံးရှုံးမှုတွေ များပြားလွန်းခဲ့တယ်။ ဒီအချိန်မှာ အစိုးရရဲ့ အပြုသဘောဆန်တဲ့ ဆောင်ရွက်ချက်တွေကိုလည်း ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ခြင်းအားဖြင့် မှန်ကန်စွာ သိမြင်နိုင်ပါတယ်။ PDF အဖွဲ့အတွင်းမှာ ကျန်ရှိနေသေးတဲ့ လူငယ်များအနေနဲ့ ဒီလိုအခြေအနေမှာ ဘယ်လိုအကြောင်းနဲ့မှ ဆက်ပြီး မိုက်တွင်းနက်မနေသင့်တော့ဘူး။ ဥပဒေဘောင်အတွင်း ဝင်ရောက်ပြီး မိသားစုနဲ့အတူ ကောင်းမွန်စွာ နေထိုင်ကြဖို့ကိုသာ ဖိတ်ခေါ်လိုပါတယ်။


နောင်တော်လေး (ဘိုကလေး)

#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)