ရန်ကုန်တိုင်းဒေသကြီး၌ ၂၀၂၆ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်အပ်နှင်းပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီး၌ ၂၀၂၆ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်အပ်နှင်းပွဲ ကျင်းပ


ရန်ကုန်၊ မတ် ၂

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး ကျင်းပသည့် ၂၀၂၆ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများနှင့် လူပုဂ္ဂိုလ်များအား သာသနာတော် ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်အပ်နှင်း ပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒွိပိဋကဓရ သာကေတမြို့နယ် တိပိဋကလင်္ကာရကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တအဂ္ဂသာမိ၊ တိုင်းဒေသကြီး သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် မဟာဂန္ထဝါစကပဏ္ဍိတ ဗဟန်းမြို့နယ် ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက် စာချနာယကဆရာတော် ဘဒ္ဒန္တသုမင်္ဂလ၊ ဘွဲ့တံဆိပ်တော်ရဆရာတော် သံဃာတော်များ၊ သီလရှင်ဆရာကြီးများ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ပြည့်စုံလင်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ သာသနာပြုဘွဲ့ရ လူပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူ များ တက်ရောက်ကြည်ညိုကြသည်။

ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ သာကေတမြို့နယ် တိပိဋကလင်္ကာရကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တအဂ္ဂသာမိထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။

ထို့နောက် မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်အလှူခံရရှိတော်မူသော လမ်းမတော်မြို့နယ် အမှတ်(၁၂)ရပ်ကွက် သရက်တောကျောင်းတိုက် ရေလယ်ကလေးကျောင်း ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တသုခေဓိတအရှင်သူမြတ်က သမ္မောဒနီယသြဝါဒကထာ မြွက်ကြားချီးမြှင့်တော်မူပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၇၂ ပါး၊ သီလရှင်ဆရာကြီး ငါးပါး စုစုပေါင်း ၇၇ ပါးတို့အား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်းနှင့် သာသနာပြုဘွဲ့ရလူပုဂ္ဂိုလ် ၂၃ ဦးတို့အား ဘွဲ့တံဆိပ်အပ်နှင်းခြင်းတို့ ဆောင်ရွက်ကြ ပြီး တိုင်းဒေသကြီးသံဃနာယကအဖွဲ့ အကျိုးတော် ဆောင် ဗဟန်းမြို့နယ် ပါဠိတက္ကသိုလ် ညောင်တုန်း ကျောင်းတိုက် စာချနာယကဆရာတော် မဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တသုမင်္ဂလထံမှ အနုမောဒနာ တရားနာယူ၍ ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။

ဆက်လက်၍ ဘွဲ့တံဆိပ်တော်ရဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များက လှူဖွယ်ဝတ္ထုများ ဆက်ကပ် လှူဒါန်းကြသည်။

ယနေ့ကျင်းပသည့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် ချီးမြှင့်အပ်နှင်းပွဲတွင် မဟာဂန္ထဝါစက ပဏ္ဍိတဘွဲ့ရဆရာတော် ၁၄ ပါးနှင့်သီလရှင် တစ်ပါး၊ ဂန္ထဝါစကပဏ္ဍိတဘွဲ့ရဆရာတော် ၁၁ ပါးနှင့် သီလရှင် နှစ်ပါး၊ ဓမ္မကထိကဗဟုဇနဟိတဓရ ဘွဲ့တံဆိပ်တော်ရ သုံးပါး၊ မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့ရဆရာတော် အပါး၂၀ နှင့်သီလရှင် နှစ်ပါး၊ သဒ္ဓမ္မဇောတိကဓဇဘွဲ့ တော်ရဆရာတော် ၁၄ ပါး၊ မဟာကမ္မဋ္ဌာနာစရိယဘွဲ့တံဆိပ်တော်ရ ခြောက်ပါး၊ ကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်ရဆရာတော် နှစ်ပါး၊ မဟာသဒ္ဓမ္မ ဇောတိကဓဇဘွဲ့ရ အမျိုးသားတစ်ဦး၊ သဒ္ဓမ္မ ဇောတိကဓဇဘွဲ့ရ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး သုံးဦး၊ သီဟသုဓမ္မမဏိဇောတဓရဘွဲ့ရ အမျိုးသားတစ်ဦး၊ သီဟသုဓမ္မသိင်္ဂီဘွဲ့ရ အမျိုးသမီးငါးဦး၊ သုဓမ္မမဏိဇောတဓရဘွဲ့ရ အမျိုးသားသုံးဦး၊ သုဓမ္မသိင်္ဂီ ဘွဲ့ရ အမျိုးသမီးကိုးဦးတို့အား ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)