မူဆယ်၊ မတ် ၃
မြန်မာနိုင်ငံ(မူဆယ်)-တရုတ်နိုင်ငံ(ရွှေလီ) နယ်စပ်ဖြတ်ကျော် မာရသွန်အပြေးပြိုင်ပွဲကို တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် မတ် ၁ ရက်နေ့နံနက် ၆ နာရီခွဲက ရွှေလီမြို့၊ နော်မောဟုပန်းခြံ၌ ပြုလုပ်ကျင်းပပြီး ပြိုင်ပွဲဝင်စုစုပေါင်း (၄၀၀၀)ခန့်ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို မြန်မာကောင်စစ်ဝန်ချုပ်(ကူမင်း) ဦးသွင်ထက်လင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးကျော်ကျော်သိန်း၊ မူဆယ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းမင်း၊ ရွှေလီမြို့တော်ဝန်နှင့် နှစ်နိုင်ငံမှ တာဝန်ရှိသူတို့က ဖွင့်လှစ်ပေးခဲ့သည်။
မြန်မာနိုင်ငံ(မူဆယ်)-တရုတ်နိုင်ငံ(ရွှေလီ) နယ်စပ်ဖြတ်ကျော် မာရသွန်အပြေးပြိုင်ပွဲကို နှစ်နိုင်ငံနယ်စပ်ရှိပြည်သူများ အပြန်အလှန်ချစ်ကြည်ရေးဖလှယ်ပြီး အားကစားကဏ္ဍကို ပိုမိုတိုးတက်လာစေရန်၊ မြန်မာ-တရုတ် ရိုးရာဓလေ့ထုံးစံများ ပိုမိုရင်းနှီးလာစေရန်၊ မြန်မာ-တရုတ် ကုန်စည်ကူးသန်းရောင်းဝယ်ရေးကဏ္ဍများကို ပိုမိုမြှင့်တင်နိုင်ရန်နှင့် နှစ်နိုင်ငံနယ်စပ်ရှိပြည်သူများ ပိုမိုခင်မင်ရင်းနှီးလာစေရန်ရည်ရွယ်၍ ပြုလုပ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲကို တရုတ်နိုင်ငံ၊ ရွှေလီမြို့၊ နော်မောဟုပန်းခြံမှ စတင်တာလွှတ်ပြီး နှစ်နိုင်ငံနယ်စပ်ဂိတ် (နန်းတော်ဂိတ်)ရှိ နယ်ခြားမှတ်တိုင် S-81 ကိုပတ်ကာ ရွှေလီမြို့သို့ ပြန်ထွက်ပြီး နော်မောဟုပန်းခြံတွင် ပြန်လည်ပန်းဝင်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲတွင် တာဝေး(ကျား/မ)နှင့် တာလတ်(ကျား/မ)ဟူ၍ ပါဝင်ယှဉ်ပြိုင်စေပြီး၊ မြန်မာနိုင်ငံမှ (၂၂၁)ဦး၊ တရုတ်နိုင်ငံမှ ၃၇၇၄ ဦးနှင့် နိုင်ငံခြားသား ၃ ဦး၊ စုစုပေါင်း(၃၉၉၈)ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဆုများချီးမြှင့်ရာတွင် တာဝေး(ကျား/မ)နှင့် တာလတ်(ကျား/မ)ဟူ၍ သီးခြားချီးမြှင့်ပြီး၊ တာလတ်(ပထမ)ဆု ယွမ်(၅၀၀၀)၊ ဒုတိယဆု ယွမ်(၄၀၀၀)နှင့် တတိယဆု ယွမ် ၃၀၀၀ ကို မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံဘက်မှ တာဝန်ရှိသူများက အသီးသီးချီးမြှင့်ပြီး ပြိုင်ပွဲဝင် အားလုံးကို ယွမ် ၁၀၀ စီအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။
ချယ်ရီမြေ(မူဆယ်)
#News #MNP



No comments:
Post a Comment